ဝေဿန္တရာဇာတ် (အပိုင်း-၄၊ ၅)
အရှင်မင်းကြီး၊ ဟိမဝန္တာဝယ် နေရာသင်္ခမ်းကျောင်း ဆောက်လုပ်၍ နေသောအခါ ပန်းနံ့သာ လိမ်းပန်လျက် ကခုန်ရွှင်ပျော်ကြသော သားငယ်၊ သမီးငယ်တို့ မျက်နှာကို မြင်ရလျှင် ပြည့်စည်းစိမ်ကို အောက်မေ့မှုတို့ ပြေပျောက်ရပါလိမ့်မည်။ သားမျိုးစုံလင်သော ဟိမဝန္တာမြိုင်တောခွင်ဝယ် ......
တင့်တယ်လှသော ဆင်ပြောင်ကြီးတို့ အနီးအပါးမှ ဖြတ်သန်းသွားသည်ကို မြင်တွေ့ရသဖြင့်လည်း ပြည့်စည်းစိမ်ကို အောက်မေ့မှုတို့ ပြေပျောက်ရပါလိမ့်မည်။ သားရဲဖြင့် ပြည့်သော တောစုံမြိုင်ခန်း၌ သစ်ခက်၊ အညွန့်၊ အဖူးတို့ ယှက်ကူးနေသော သိစ်ရိပ်ကို ခိုလျက် တောအရေး၏ တင့်တယ်ခြင်းကို မျှော်ရှုကာ သွားကြရလျှင် ရွှေနန်းရွှေဘုံကို အရှင်ဘယ်မှာ အောက်မေ့တော့မည်နည်း။ ညနေချမ်း အခါဝယ် မြစ်သို့ ဆင်းသက်လာသော သမင်၊ စိုင်၊ ဖား၊ သား အပေါင်းတို့ကို မြင်လျှင်လည်း အရှင်ဘယ်မှာ ပြည်နန်းသာကို သတိရတော့မည်နည်း။ ကိန္နရီ၊ ကိန္နရာတို့ မြူးပျော် ပျံဝဲသီဆို ကခုန်သည်ကို မြင်ကြားလျှင်လည်း ရွှေပြည်နန်းကို အရှင်ဘယ်မှာ လွမ်းဆွတ်တော့မည်နည်း။ ညဥ့်အခါဝယ် ခင်ပုပ်၊ ဇီဝဇိုး၊ ကြိုးကြာ၊ ဥဒေါင်း တို့၏ ရင့်ရူကြွေးသော ငှက်တေးသံသာသည် အရှင့်အတွက် ဖျော်ဖြေစရာ ရပါလိမ့်မည်။ နွေဦးရောက်လျှင် ပိတောက်၊ အင်ကြင်း၊ စွယ်တော်၊ ကံ့ကော်၊ စကား၊ ချရား၊ ပုန်းညက်တို့ ပင်လုံးညွတ်အောင် ပွင့်ဝတ်ဆင်သည်ကို တွေ့မြင်လျှင် အရှင် ပျော်မြူး ရွှင်လန်းရပါလိမ့်မည်" စသည်ဖြင့် အားပေး ပြောဆိုလျှောက်ထား၏။
ဝေဿန္တရာမင်းကြီးလည်း မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော် တို့ကို ဟိမဝန္တာသို့ အတူခေါ်ဆောင် သွားရန် သဘောတူလိုက်လေ၏။ ဝေဿန္တရာမင်းကြီး ပြည်မှထွက်ခွာရမည့်သတင်းသည် တစ်နန်းတော်လုံး ပျံ့နှံ့သွားသည်။ မယ်တော် ဖုဿတီမိဖုရားကြီးနှင့်တကွ နန်းတွင်းသူ၊ နန်းတွင်းသား အာလုံး ဝမ်းနည်းပူဆွေးကာ ငိုကြွေးကြသည်။
နောက်တစ်နေ့သို့ ရောက်သောအခါ ဝေဿန္တရာမင်းကြီးသည် အလှူမဏ္ဍပ်သို့ သွားသည်။ ဆင်ခုနှစ်ရာ၊ မြင်းခုနှစ်ရာ၊ ရထားခုနှစ်ရာ၊ သတို့သမီးခုနှစ်ရာ၊ နွားမခုနှစ်ရာ၊ ကျွန်ယောက်ျားခုနှစ်ရာ၊ ကျွန်မိန်းမခုနှစ်ရာ စသည်ဖြင့် ခုနှစ်ရာခုနှစ်လီသော အလှူကြီးကို ကိုယ်တိုင် ကြပ်မတ်လှူဒါန်းသည်။ လှူဒါန်းစဉ် "ဤ အလှူသည် သဗ္ဗညုတဉာဏ်၏ အထောက်အပံ့ ဖြစ်စေသတည်း" ဟု လက်အုပ်ချီ၍ ဆုတောင်းသည်။ ထိုအခါ မဟာပထဝီ မြေကြီးသည် မြည်ဟည်း၍ ငလျင်ကြီး လှုပ်ပြန်လေ၏။
ထို့နောက် ဝေဿန္တရာမင်း၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့သည် ခမည်းတော် မယ်တော်တို့ကို ရှိခိုးကန်တော့ကာ မြင်းလေးကောင်ကသော ရထားဖြင့် ထွက်ခွာသွားကြသည်။ ထိုစဉ် အလှူကြီးကို မမီလိုက်သော ပုဏ္ဏားလေးယောက်တို့သည် မြင်းတို့ကို အလှူခံမည်ဆိုကာ လိုက်လာကြသည်။ မဒ္ဒီဒေဝီက ပုဏ္ဏားလေးယောက်တို့ လိုက်လာကြောင်း လျှောက်ထားသောအခါ ဝေဿန္တရာမင်းကြီးသည် ရထားကို ရပ်လိုက်သည်။
ပုဏ္ဏားလေးယောက်လည်း မကြာမီ ရောက်လာသည်။ မြင်းတို့ကို အလှူခံသည်။ ဝေဿန္တရာလည်း မြင်းလေးကောင်ကို ရထားမှ ဖြုတ်၍ တစ်ယောက်တစ်ကောင်စီ လှူလိုက်သည်။ ထိုအခါ နတ်သားလေးယောက်သည် စိုင်လေးစီးအသွင် ဖန်ဆင်းလျက် ရထားထမ်းပိုးခွင်သို့ ဝင်၍ ရုန်းကြသည်။ ထိုစဉ် ပုဏ္ဏားတစ်ယောက် ပေါ်ပေါက်လာသည်။ ရထားကို အလှူခံပြန်သည်။ ဝေဿန္တရာကလည်း ထိုပုဏ္ဏားအား ရထားကို လှူလိုက်သည်။ ထိုအခါ စိုင်းလေးစီး (နတ်သားလေးယောက်) ကွယ်ပျောက်သွားလေသည်။
ထိုနေရာမှစ၍ မင်းကြီးက သားတော်ဇာလီကို ချီလျက်၊ မဒ္ဒီဒေဝီက သမီးတော် ကဏှာဇိန်ကို ချီလျက် ခြေကျင် သွားကြရလေ၏။
ဝေဿန္တရာနှင့် မဒ္ဒီဒေဝီတို့ မိသားစုသည် ရှေးဦးစွာ သုဝဏ္ဏဂီရိတာလတောင်သို့ ရောက်သည်။ ထိုမှတစ်ဖန် ကောန္တိမာရမြစ်၊ ထိုမှတစ်ဖန် အဉ္စနဂီရိတောင်၊ ထိုမှ တစ်ဖန် တုဏ္ဏဝိနာလိ ဒဏ္ဍပုဏ္ဏားရွာ၊ ထိုမှတစ်ဖန် စေတတိုင်း၊ မဒ္ဒရာဇ်ပြည်သို့ ရောက်လာကြသည်။ မဒ္ဒရာဇ်ပြည်ကား ဝေဿန္တရာ၏ ဦးရီး၊ မဒ္ဒီဒေဝီ၏ ဖခမည်းတော် မယ်တော်များ စံရာပြည် ဖြစ်သည်။
ဝေဿန္တရာနှင့် မဒ္ဒီဒေဝီသည် မဒ္ဒရာဇ်ပြည်သို့ ရောက်သောအခါ မြို့ထဲသို့မဝင်။ မြို့ပြင်ရှိ ဇရပ်ပေါ်၌သာ နေကြသည်။ မကြာမီပင် သူတို့ရောက်ရှိနေကြောင်းကို မဒ္ဒရာဇ်မင်းကြီး သိရှိသွားသည် ချက်ချင်းပင် ဆွေတော်၊ မျိုးတော်များသည် စိုးရိမ်ပူပန်ကာ ဇရပ်သို့ ပြေးလာကြသည်။ အကျိုးအကြောင်း မေးကြသည်။
ဝေဿန္တရာမင်းကြီးလည်း ဖြစ်ပျက်ပုံ အလုံးစုံကို ပြောပြသည်။ ထိုအခါ ဆွေတော်မျိုးတော်တို့က "အရှင်မင်းကြီး၌ အပြစ်မရှိပါ။ အလိုရှိရာ အမိန့်ရှိပါ။ ကျွန်ုပ်တို့ ကောင်းစွာ ဧည့်ဝတ်ပြုပါရစေ။ သည်အတွင်း အရှင့်ခမည်းတော် သိဉ္စည်းမင်းကြီးထံသို့ ကျွန်ုပ်တို့ သွားမည်။ အရှင့်အား ပြည်တော်သို့ ပြန်ခေါ်ရန် တောင်းပန် လျှောက်ထားပါမည်" ဟူ၍ ဆိုကြသည်။
ထိုအခါ ဝေဿန္တရာမင်းကြီးက "ကျွန်ုပ်ကို တိုင်းပြည်မှ နှင်ထုတ်ခြင်းမှာ ခမည်းတော်၏ သဘောသက်သက် မဟုတ်ပါ။ ပြည်သူတို့၏ ဆန္ဒအရ ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်ကို တိုင်းပြည်မှ နှင်မထုတ်လျှင် ခမည်းတော်ကိုပင် မင်းအဖြစ်မှ ဖယ်ရှားကြပါလိမ့်မည်။ ခမည်းတော်သည် ပြည်သူတို့၏ အလိုကို မလွန်ဆန်နိုင်ပါ။ ချစ်လျက်နှင့်ပင် ကျွန်ုပ်ကို နှင်ထုတ်ရခြင်း ဖြစ်ပါသည်။ သင်တို့သွား၍ တောင်းပန်လျှောက်ထားသော်လည်း အခွင့်ရလိမ့်မည် မဟုတ်ပါ" ဟူ၍ ရှင်းလင်းပြောပြ၏။
ဆွေတော်၊ မျိုးတော်တို့က "ယင်းသို့ဖြစ်လျှင် ဤစေတတိုင်း၌ မင်းလုပ်တော်မူပါ" ဟူ၍ ဆိုကြ၏။
ဝေဿန္တရာမင်းကြီးက "ကျွန်ုပ်သည် တိုင်းပြည်မှ နှင်ထုတ်ခံထားရသူ ဖြစ်သည်။ မင်းလုပ်လိုသော ဆန္ဒမရှိပါ။ အကယ်၍ ဤပြည်၌ မင်းပြုလျှင်လည်း သိဝိတိုင်းသားတို့ လိုလားကြမည် မဟုတ်။ သင်တို့နှင့် စိတ်ဝမ်းကွဲကာ မသင့်မတင့် ဖြစ်ကြပေတော့မည်။ ကျွန်ုပ်တစ်ယောက်အတွက် အများပြည်သူတို့ကို မထိခိုက်စေလိုပါ။ ဝင်္ကပါတောင်သို့သာ ကျွန်ုပ် သွားပါအံ့" ဟု ဆို၏။
ဤသို့လျှင် ဝေဿန္တရာမင်းကြီးက လက်မခံသဖြင့် ဆွေတော် မျိုးတော်တို့သည် ဝေဿန္တရာတို့ မိသားစုအား အထူးပြုစုကြသည်။ ဝေဿန္တရာတို့လည်း ထိုဇရပ်၌ပင် တစ်ညအိပ်သည်။ နောက်တစ်နေ့ စောစောတွင် ခရီးဆက်ကြသည်။ ဆွေတော်မျိုးတော်တို့က ခရီးလမ်းကို ညွှန်ကြားလိုက်ကြလေသည်။
နောက်ဆုံးတွင် ဝေဿန္တရာ၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့သည် ဝင်္ကပါတောင်ဝှမ်းသို့ ရောက်ရှိလာကြသည်။ သိကြားမင်းသည် သာယာသော နေရာတစ်ခု၌ ကျောင်းသင်္ခမ်း နှစ်ဆောင်ကို အသင့်ဖန်ဆင်းပေးထားသည်။ ရသေ့ ပရိက္ခရာတို့ကိုလည်း အသင့်ပြင်ထားသည်။
ဝေဿန္တရာမင်းသည် ကျောင်းသင်္ခမ်းသို့ ရောက်သောအခါ ရသေ့ရဟန်းပြုသည်။ မဒ္ဒီဒေဝီလည်း ရသေ့အသွင် ဝတ်သည်။ သားတော်ဇာလီနှင့် ကဏှာဇိန်တို့ကိုလည်း ရသေ့ငယ်ကလေးများအသွင် ဝတ်ပေးသည်။ ကျောင်းသင်္ခမ်းတစ်ခုတွင် ဝေဿန္တရာမင်းကြီးက သီးခြားနေသည်။ အခြားကျောင်းသင်္ခမ်းတွင် မဒ္ဒီဒေဝီနှင့် သားတော်သမီးတော်တို့ နေသည်။
မဒ္ဒီဒေဝီက ဝေဿန္တရာမင်းကြီးအား "အရှင်၊ ကျောင်းသင်္ခမ်း၌သာ သားတော်သမီးတော်တို့နှင့် နေတော်မူပါ။ အကျွန်ုပ်သည် နေ့စဉ် သစ်သီးရှာဖွေ၍ လုပ်ကျွေးပြုစုပါမည်" ဟု လျှောက်ထား၏။ ဝေဿန္တရာကလည်း လက်ခံတော်မူ၏။
ထိုနေ့မှစ၍ မဒီဒေဝီသည် နေ့စဉ် စောစောထသည်။ သောက်ရေ၊ သုံးရေ ခပ်သည်။ မင်းကြီးအား မျက်နှာသစ်ရေ၊ တံပူတို့ကို ပေးသည်။ ကျောင်းသင်္ခမ်းကို တံမြက်လှည်းသည်။ ထို့နောက် သားတော် သမီးတော်တို့ကို မင်းကြီးထံထား၍ တောသို့ သစ်သီးရှာ ထွက်လေသည်။ ညနေချမ်းအခါသို့ ရောက်သောအခါ မဒ္ဒီဒေဝီသည် သစ်သီးများကို ယူဆောင်၍ ပြန်လာသည်။ ရင်သွေးများကို ရေချိုးပေးသည်။ ထို့နောက် သူတို့သည် ကျောင်းသင်္ခမ်းတံခါးဝ၌ သစ်သီးတို့ကို အတူစားကြသည်။ စား၍ ပြီးသောအခါ မဒ္ဒီဒေဝီသည် ရင်သွေးများကို ခေါ်ကာ မိမိကျောင်းသင်္ခမ်းသို့ သွားရောက်နေထိုင်သည်။
ဤသို့လျှင် သူတို့သည် ဝင်္ကပါတောင်၌ အေးငြိမ်းစွာ နေလာကြသည်မှာ ၇-လမျှ ကြာခဲ့လေပြီ။
(ဝေဿန္တရာဇာတ် အပိုင်း-၆ ဆက်တင်ပါမည်)



0 comments:
Post a Comment