* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 16, 2010

သဒ္ဓါကိုပညာကွပ်ပါလို့..

Tuesday, September 14, 2010



သောက်ဆေးကိုလိမ်းဆေးလုပ်ရင်ဖြင့်ဆိုတဲ့ပိုစ့်မှာ အသိနဲ့အကျင့်ထပ်တူကျဖို့အတွက် သဒ္ဓါနဲ့ပညာညီမျှမှသာ ထပ်တူကျနိုင်မယ်ဆိုတာလေး ဖော်ပြပေးခဲ့ပါတယ်။ သဒ္ဓါနဲ့ပညာညီမျှမှသာ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်လာနိုင်သလို.. အသိနဲ့အကျင့်ထပ်တူညီမှလည်း မိမိရည်းမှန်းရာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ဖို့၊ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်လာစေနိုင်စေဖို့အတွက် သဒ္ဓါနဲ့ပညာတရားဟာ အခြေခံအကျဆုံး ဖြစ်နေပါတယ်။ သဒ္ဓါတွေများပြီး ပညာပါးရင်လည်း အလွဲလွဲအမှားမှား ကြည်ညိုမှုတွေ ဖြစ်ပေါ်လာနိုင်သလို.. သဒ္ဓါတွေနည်းပြီး ပညာတွေများပြားရင်လည်း ကောက်ကျစ်တတ်သွားတတ်ပြီး အကုသိုလ်ကို လက်တစ်လုံးခြား လုပ်သွားတတ်ပါတယ်။ ဒါမို့လို့လည်း ရှေးဆရာတော်ဘုရားကြီးတွေက “သဒ္ဓါများပြားပညာပါး အလွဲကြည်ညို၏.. သဒ္ဓါနည်းပါး ပညာများ ကောက်ကျစ်သွားတတ်၏” လို့ဟောပြဆုံးမပေးခဲ့တာပါ။ ဒီတော့ သဒ္ဓါနဲ့ပညာတရားဟာ အချိုးကျကျဟန်ချက်ညီစွာပေါင်းစပ်နိုင်ဖို့ အရေးကြီးလှပါတယ်။ သို့မှသာ ဘုရားရှင်ဆုံးမခဲ့တဲ့ သစ္စာတရားတွေကို မိမိရဲ့ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်အသိဥာဏ်ဖြင့် ထိုးထွန်းသိမြင်နိုင်မှာဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံတဲ့သူတွေဟာ ဘုရားရှင်ဟောပြခဲ့တဲ့အဆုံးမတွေအတိုင်း ကိုးကွယ်တတ်ဖို့ဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သူပြောတာတွေသာအမှန်၊ သူပြောတာတွေသာ မျက်စိမှိတ်ယုံ၊ သူ့ကိုသာကိုးကွယ်၊ တခြားသူတွေပြောတာတွေ ဘာမှမစဉ်းစားနဲ့လို့ မဆုံးမခဲ့ပါဘူးနော်။ ကာလာမသုတ်တော်မှာ ဘုရားရှင်က- ကာလာမတို့- ပြောသံကြားရုံနဲ့လည်း မယုံနဲ့၊ ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့၊ အဲသလို ဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့၊ ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်လေးနဲ့လည်း ဟုတ်မှန်တယ်ထင်ယုံနဲ့လည်း မယုံနဲ့၊ ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့၊ ကိုယ်ယုံကြည်ရိုသေတဲ့သူရဲ့စကား ဆိုပြီးတော့လည်း မယုံနဲ့၊ သူများပြောတိုင်းလည်း မှန်ပြီလို့ မယုံနဲ့၊ အစဉ်အလာ လက်ခံခဲ့ကြလို့လည်း မယုံနဲ့၊ စာပေကျမ်းဂန်ထဲမှာပါတယ်လို့လည်း မယုံပါနဲ့.. အဆုံးမကို ကိုယ်တိုင်ကျင့်ကြံလိုက်နာကာ ကိုယ်ပိုင်အသိဥာဏ်နဲ့ အထပ်ထပ် ချင့်ချိန်ပြီး အကြောင်းအကျိုးခိုင်မာမှုရှိမှယုံပါ လို့ ဟောကြားခဲ့ပါတယ်။ ဒီအဆုံးမကို ကြားနာလိုက်ရတယ်ဆိုရင်ကို.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ယုံကြည်ကိုးကွယ်မှုကို ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတာဟာ သိသာထင်ရှားနေပါတယ်။


ဒီတော့ ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ဘုရားဆုံးမခဲ့တဲ့အဆုံးမတွေအတိုင်း လိုက်နာကျင့်ကြံမယ်ဆိုရင် မှန်းယုံရမ်းယုံ မျက်စိမှိတ်ယုံတာမျိုး မလုပ်မိဖို့လိုအပ်ပါတယ်။ ဗုဒ္ဓရဲ့အဆုံးမတွေကို လိုက်နာကျင့်သုံးနေတဲ့သူတွေဟာ Freedom-ဆိုတဲ့ လွတ်လပ်မှုရှိရမယ်.. Fairness-ဆိုတဲ့ တရားမျှတမှုရှိရမယ်.. Fearless-ဆိုတဲ့ ကြောက်လန့်မှုလည်း ကင်းဝေးရပါမယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်ပိုင်ခွင့်မရှိရင် အမှန်တရားကို ဘယ်လိုမှမြင်နိုင်စွမ်းမရှိသလို.. တရားမျှတမှုမရှိရင်လည်း ဘယ်တော့မှ တရားနည်းလမ်းကျတဲ့အဆုံးမတွေ မဖြစ်နိုင်ပါဘူး။ ကြောက်လန့်မှုအရ ကိုးကွယ်ရပြီဆိုရင်တော့ မတရားမှုကို ခေါင်းငုံပေးနေတဲ့ ကိုးကွယ်မှုမျိုးပဲ ဖြစ်နေတော့မှာပါ။ ဘာသာတစ်ခုကို ကိုးကွယ်ရတာ လွတ်လပ်မှုမရှိဘူး၊ မျှတမှုမရှိဘူး၊ ကြောက်လန့်မှုမကင်းဘူးဆိုရင် ကိုးကွယ်မှုရဲ့အနှစ်သာရဆိုတာ ဘယ်မှာရှာလို့ရနိုင်မှာလဲ။


ကိုးကွယ်မှုရဲ့အနှစ်သာရကိုသိဖို့အတွက်ဆိုရင်.. ပထမဆုံးအနေဖြင့် သဒ္ဓါတရားကို ကိုယ်ပိုင်အသိဥာဏ်နဲ့ ထိုးထွန်းသိမြင်စေနိုင်တဲ့ အသိတရားလိုအပ်ပါတယ်။ သဒ္ဓါဆိုတာ ယုံကြည်မှုပါ။ ယုံကြည်တယ်ဆိုတဲ့နေရာမှာ ယုံနဲ့ကြည်ဆိုတဲ့ နှစ်ပိုင်းရှိပါတယ်။ ဘာကိုယုံပြီး ဘာကိုကြည်မှာလဲ။ ဗုဒ္ဓဘာသာဝင်တိုင်းမှာ သဒ္ဓါဆိုတဲ့ ယုံကြည်မှုရှိရမယ့် ယုံကြည်မှု(၅)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ (၁)ဘုရား၊ (၂)တရား၊ (၃)သံဃာ၊ (၄)ကံ (၅)ကံရဲ့အကျိုးဆိုတဲ့ ငါးမျိုးပဲဖြစ်ပါတယ်။ အဲ့ဒီ့ငါးမျိုးအပေါ်မှာ မိမိအသိဥာဏ်နဲ့ အကြောင်းအကျိုးဆက်စပ်သိမြင်နိုင်တဲ့ ယုံကြည်မှုမျိုးရရှိမှသာ စစ်မှန်တဲ့သဒ္ဓါတရားကို ရရှိမှာဖြစ်ပါတယ်။ စစ်မှန်တဲ့သဒ္ဓါတရားရရှိမှလည်း မိမိစိတ်အစဉ်မှာ ဘုရားရှင်ရဲ့အဆုံးမတွေကို ကြည်လင်ပြတ်သားစွာ ကိုယ်ပိုင်အသိဥာဏ်နဲ့ ထိုးထွင်းသိမြင်လာနိုင်မှာပါ။ ယုံကြည်မှုကိုအစစ်အမှန် သိနိုင်ဖို့အတွက် ဘေးနားကနေ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားဆုံးဖြတ်ပေးနိုင်မယ့် ပညာဥာဏ်ရှိဖို့ဟာလည်း အဓိကကျပါတယ်။


သဒ္ဓါတရားသက်သက်နဲ့ပဲ သဒ္ဓါစစ်သဒ္ဓါမှန်ကို မရနိုင်သလို… ပညာတစ်ခုထဲနဲ့လည်း စစ်မှန်တဲ့ယုံကြည်ကိုးကွယ်မှု မဖြစ်နိုင်ပါဘူး။ ဥပမာအားဖြင့်.. ရတနာတစ်ခုကို မိမိကိုယ်ပေါ်မှာ ၀တ်ဆင်မယ်ဆိုရင် ရတနာကြီးသက်သက်ပဲ ၀တ်ဆင်လို့မရနိုင်တဲ့အတွက် ဘေးနားကနေသီပေးတဲ့ကြိုးတွေ၊ ကွပ်ပေးတဲ့အနားသတ်လေးတွေ ကွပ်ပေးရပါတယ်။ ထိုသို့ကွပ်ပေးမှလည်း မိမိကိုယ်ပေါ်မှာ တန်ဖိုးရှိစွာဖြင့် လှပစွာဆင်မြန်းနိုင်မှာပါ။ ဒီလိုပါပဲနော်။ စစ်မှန်တဲ့သဒ္ဓါတရားရှိဖို့အတွက်ဆိုရင် ဘေးနားကနေ ပညာဆိုတဲ့ အထိန်းကွပ်လေးနဲ့ ထိန်းကွပ်ပေးမှသာ မိမိရဲ့ရင်ထဲမှာ စစ်မှန်တဲ့ကိုးကွယ်မှုမျိုးကို ရနိုင်မှာပါ။ စစ်မှန်တဲ့ကိုးကွယ်မှုရရှိဖို့ ယုံကြည်ရမယ့်သဒ္ဓါတရားငါးမျိုးမှာ အဓိကအကျဆုံးကတော့ တရားကို ပညာနဲ့အရင်ဆုံး အနားကွပ်ခြင်းပါပဲ။ ဘာလို့တရားကို အရင်ဆုံးအနားကွပ်ပေးရလဲဆိုတော့.. ဘုရားရှင်က ဟောပြဆုံးမပေးခဲ့ပါတယ်.. ငါဘုရားကိုတကယ်မြင်ချင်ရင် တရားကိုသိမြင်အောင်လုပ်ဆိုတာပါ။ တရားမြင်မှ ဘုရားရှင်ရဲ့ကျေးဇူးကိုမြင်နိုင်မှာပါ၊ ဘုရားရှင်ရဲ့ကျေးဇူးမြင်တတ်မှလည်း သံဃာတော်အရှင်သူမြတ်တွေရဲ့ ကျေးဇူးတရားကို တန်ဖိုးထားတတ်လာမှာဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာမြင်ပြီဆိုရင်ဖြင့် ကံနဲ့ကံရဲ့အကြောင်းအကျိုးဆက်စပ်မှုတွေကို သေချာနားလည်သွားမယ်ဆိုတာလည်း မလွဲပါဘူးနော်။ အဓိကအနေနဲ့ စစ်မှန်တဲ့သဒ္ဓါတရားရှိဖို့အတွက် တရားမြင်ဖို့ပါပဲ။


တကယ်တရားကိုမြင်သွားတဲ့သူဟာ ရတနာသုံးပါးမှတစ်ပါး ကိုးကွယ်ရာမရှိဘူးဆိုတာ သူကိုယ်တိုင် အသိဥာဏ်နဲ့လက်ခံယုံကြည်သွားတတ်ပါပြီ။ (၃၇)မင်းတွေ၊ ကွမ်ရင်တွေ၊ ဘိုးတော်တွေ မယ်တော်တွေ၊ ဖန်ဆင်းရှင်တွေ၊ ဗေဒင်ဆရာတွေ၊ ဓါတ်ရိုက်ဓါတ်ဆင်တွေ၊ နေ့နံပြသဒါးတွေကို မကိုးကွယ်ပါနဲ့လို့လည်း ပြောစရာမလိုတော့ပါဘူး။ မကိုးကွယ်လို့သတ်ပြစ်မယ်ဆိုရင်တောင်မှ သူသေရဲသွားပါပြီ။ ဒီလိုမျိုးစစ်မှန်တဲ့ ကိုးကွယ်မှုမျိုးကိုရရှိဖို့ သဒ္ဓါကိုပညာနဲ့ထိန်းကွပ်ပေးမှလည်း ရနိုင်မှာပါ။ သဒ္ဓါတွေတအားများနေပြီး အမှားအမှန်ဝေဖန်ဆုံးဖြတ်နိုင်တဲ့ ပညာဥာဏ်မရှိသေးဘူးဆိုရင်တော့ ဘယ်လောက်ပြောပြော ဘယ်လောက်ဟောဟော လမ်းမှန်ကိုလည်း မရောက်နိုင်သေးပါဘူး.. နောက်ပြီး သူများနေတဲ့ သဒ္ဓါတရားတွေဟာလည်း အသိဥာဏ်ကင်းမဲ့တဲ့သဒ္ဓါတရားတွေ ဖြစ်နေလို့ပါပဲ။ ဒ့ါကြောင့်.. သဒ္ဓါစစ်သဒ္ဓါမှန်တွေဖြစ်နိုင်ကြစေဖို့ ပညာဆိုတဲ့အထိန်းကွပ်လေးနဲ့ အမြဲထိန်းကွပ်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း..။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP