* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 20, 2010

လွမ်းမိပါသည် မိုးရာသီ

Friday, 17 September 2010 18:29
rice
စာပေတွေမှာ ဘယ်လကနေ ဘယ်လအထိ ဘယ်ရာသီဥတုသတ်မှတ်ကြသည်မှာ သူတို့အတွက် ပမာပြု စရာ မဟုတ်။ သည်နယ် တစ်ဝိုက် တွင် ကဆုန်လအတွင်း ဟိုရွာမှသည်ရွာ၊ သည်ရွာမှဟိုရွာ ကူးကာခိုင်းနွားတွေ ၀ယ်ကြ ရောင်းကြသူတို့ ခြေရာချင်း ထပ်တတ်ကြ စမြဲ ဖြစ်၏။ နံယုန်လတွင် လယ်ကိုဝင်ကြရသည်မဟုတ်ပါလား။
နံယုန်လ။
သည်လတွင်- အဘိုးဦးညို၏ဥယျာဉ်ခြံမှ ပိန္နဲသီးမှည့်တွေနာနတ်သီးမှည့်တွေလည်း ရောင်းကုန်သလောက် ရှိတတ်၏။ ကြိုက်သူ လာ ရောက် စားသောက်နိုင်သော ရွာအရှေ့ဘက်ကျောင်းတောင်ပေါ်မှ လက်ကျန်သရက် သီးများလည်း မှည့်ဝင်း လာတတ်ကြ၏။ အနောက်တောင် ဆီက မိုးရိပ်ကလေးများ ဆင်လာပြီဆိုလျှင် မိုးလည်း ရွာ၊ လေလည်းပါလာတတ် စမြဲဖြစ်၏ ။
ထိုအခါမျိုးတွင် ကလေး တစ်သိုက် ကျောင်းတောင် တစ်ဝိုက်ဆီသို့ သူ့ ထက်ငါ အပြေးတက်တတ် ခဲ့ကြစမြဲပင် ဖြစ်၏ ။ လက်ကျန် သရက်သီး မှည့်လေးတွေ ကြွေတတ်ချေသည် မဟုတ်ပါလား။

ထွန်တုံးထွန်သွား ခိုင်းနွားတွေကလည်း စုံခဲ့ကြပြီ။ ခိုင်းနွားကြီးများမှာလည်း မျက်သားမွှေးမွှေးကလေးများဖြင့် အားရနေခဲ့ကြလေပြီ။ ထွန်ယက်နိုင်လောက်သည့် မြေအနေအထားလည်းရောက်ခဲ့ပြီ။ နံယုန်လပြည့်ကျော်လျှင် လယ်ယာ လုပ်ငန်း စခဲ့ကြပြီ ဖြစ်ပါသည် ။ မှတ်မိသလောက် တောက်လျှောက်ဆိုသမှ တောက်လျှောက် လယ်တဲကိုဖျက် ရွာကိုတက်သည်အထိ နားရက်ဟူ၍ မရှိနိုင်ခဲ့ကြ။ မရှိခဲ့ကြရ။ ကောင်းလိုက်သည့်မိုးလေ ။ ရွှေမိုးငွေမိုး, မိုးသီတာပုလဲ, ဂုဏ်ပုဒ်တွေတသီကြီးဆွဲပေးခဲ့ ကြရဖူးပေ၏။
သည်လိုမိုးကာလအတွင်း ကန်ရေနွေးနွေးလေးချိုးချင်သူတို့မှအပ ရေကန်ကို ရောက်ပေါက်သူ နည်းပါးပါဘိခြင်း။ ရေတံလျှောက်မှ ရေကိုခံ၊ ချိုးရန် သုံးရန်ပူစရာမလို။ လုံမပျိုတို့ဦးခေါင်း ရေအိုးတွေနဲ့ကွဲကြရတဲ့ ကာလ ဆိုရင် လည်း ဟုတ်ပေသပေါ့။ ၀ါဆိုလကုန်စ ပြုပြီ ဆိုလျှင်ပင် ပျိုးပင်တွေစိမ်းလဲ့လဲ့တို့မှာ နွဲ့ယိမ်းကာက နိုင်ကြ ချေပြီ တည့်။ ဗုဒ္ဓဘာသာတို့ပီပီ ၀ါတွင်းကာလ ဥပုသ်ရက် တွေမှာ ကျောင်းကန်တွေလည်း ဥပုသ်သည်တွေနဲ့ စည်ကား ခဲ့ပေသပေါ့။
ယခုတလော နှစ်တွေမတော့ သည်လိုမဟုတ်နိုင်ကြရှာတော့ပြီ။ မိုးသီတာပုလဲက အဘယ်အငြိုးနဲ့ မုန်းမုန် ပျိုးရက်လေသည်မသိ။ မင်းမတရား၍လား၊ သဘာဝသယံဇာတတွေကိုရသလောက်တူးဖော် သုံးစွဲနေကြ၍လား၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပိုများလာ၍လား ၊ သစ်တော သစ်ပင်တွေ ပြုန်းတီးလာ၍လား မဆိုတတ်ပြီ။
မိုးရိပ်ဆင်ပါလျှက် မိုးမရွာခဲ့ ။ ရွာခဲ့သော်လည်း ဖုန်ထနေသည့်လမ်းကို ရေဖြန်းသလောက်သာ။ ရွာမယ့်ရွာပြန် တော့လည်း အိမ်တွေရေနစ် အိုးအိမ်ကိုပစ်ပြီးပြေးကြရသည်အထိ။ ဒီမိုး ဒီရေသည် ဒီလူတွေ အပေါ် အငြိုး အတေး တစ်ခုခုရှိလေယောင်တကား။
တစ်ချို့ကမင်းကိုအပြစ်တင်၊ တစ်ချို့က သဘာဝသယံဇာတတွေကြောင့်လို့ထင်စား၊ တစ်ချို့က ကောသလမင်း တရားရဲ့ အိပ်မက် အကြောင်း ပြောပြီး ညည်းတွားနေကြရှာတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ရွာသင့်ချိန်မှာ မရွာတဲ့ မိုးကို အပြစ်မဆိုသာ တော့ပြီ ။ မရွာသင့်ချိန်မှာ ရွာတဲ့ မိုးကိုလည်း အပြစ်မတင် လိုတော့ပြီ ။ ပြုပြင်ရခက်တဲ့ သဘာဝတရားကို သဘာဝတရားတစ်ခု အနေနဲ့ နားလည်ပေးလိုက်ရုံသာရှိတော့သည်။
သို့သော်----၊ ကိုယ်တိုင်ထွန်ယက် စိုက်ပျိုးစရာ မလိုဘဲ ဆန်အကောင်း စားနေကြရသူတွေရဲ့ တစ်နေ့တစ်ခြား တိုးပွါး လာနေ ကြသည့် ဒေါသ အာဃာတများ၊ ပြုပြင်နိုင်ခွင့်ရှိပါလျှက် မပြုပြင်နိုင်၊ မပြုပြင်လိုကြသည့် အတ္တမာနရှင်များ၊ ၎င်းများ-------၊ ၎င်းများ------တို့ကိုဖြင့် ယနေ့တိုင် နားမလည်နိုင်သေးပါ။( လွမ်းမိပါသည် မိုးရာသီ။)
("သမ္မာ ဒေဝေါ ပ၀ဿတု")
Last Updated on Sunday, 19 September 2010 12:04

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP