* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 30, 2010

*ချမ်းမြေ့ဆရာတော် (ဘာသာရေးစံ သာသနာရေး မှတ်ကျောက်)*

အမေရိကန် ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်း၌ 2010၊ စက်တင်ဘာ ၂၆၊ တနင်္ဂနွေနေ့၊ ည ၈-နာရီအချိန်တွင် ဟောကြားသော တရားတော် ဖြစ်ပါတယ်ခင်ဗျာ။


ဆင်းရဲငြိမ်းခြင်း၊ မငြိမ်းခြင်း

မဂ္ဂင်ရှစ်ပါး၊ အကျင့်တရားမရှိရာ၊ ဓမ္မ၀ိနယခေါ်တဲ့၊ ဘာသာအယူဝါဒ၌၊ ကိလေသာငြိမ်းသူ မရှိ၍၊ ဆင်းရဲငြိမ်းသူ မရှိနိုင်။ (သုံးခေါက်ဆိုကြည့်ပေးပါ။)

(ဆရာတော်ဘုရားက နောက်တစ်ခေါက် တိုင်ပေးရာမှာ တိုသွားအောင်ဆိုပြီး *ဓမ္မ၀ိနယခေါ်တဲ့* ဆိုတာကို ဖြုတ်လိုက်ပါတယ်)

မဂ္ဂင်ရှစ်ပါး၊ အကျင့်တရားမရှိရာ၊ ဘာသာအယူဝါဒ၌၊ ကိလေသာငြိမ်းသူ မရှိ၍၊ ဆင်းရဲငြိမ်းသူ မရှိနိုင်။

မဂ္ဂင်ရှစ်ပါး၊ အကျင့်တရားရှိရာ၊ ဘာသာအယူဝါဒ၌၊ ကိလေသာငြိမ်းသူရှိ၍၊ ဆင်းရဲငြိမ်းသူ ရှိနိုင်သည်။

ဘာသာဝါဒ ဘယ်လို ရွေးချယ်မလဲ

ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှကျိုးများမည်။
ဘာသာဝါဒ၊ မှားယွင်းက၊ မုချကျိုးနည်းမည်။

အမေးလင်္ကာ (သုံးခေါက်စီ ဆိုကြည့်ပေးပါခင်ဗျာ။)
ဘာသာမှန်, မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်းရှိသလော။
သာသနာမှန်, မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်းရှိသလော။

အဖြေလင်္ကာ (ဒါကိုလည်း သုံးခေါက်စီ ဆိုကြည့်ပေးပါ။)
ဘာသာမှန် မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်း ရှိပါသည်။
သာသနာမှန် မမှန်၊ ရွေးချယ်ရန်၊ စံမှန်စံကောင်း ရှိပါသည်။

မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန်မှတ်ကျောက် ဖြစ်ပါသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်မ၀င်၊ ကျင့်စဉ်မှားလှသည်။
ရှစ်ဖြာမဂ္ဂင်၊ ဘောင်၌၀င်၊ ကျင့်စဉ်မှန်လှသည်။

ကျင့်စဉ်မှန်မှ၊ ၀ဋ်ဒုက္ခ၊ မုချငြိမ်းစေမည်။
ဒုက္ခငြိမ်းမှ၊ ထိုဝါဒ၊ မုချစစ်မှန်သည်။
ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာရှိပေသည်။
ထို့ကြောင့်ဗုဒ္ဓ၊ ယူဝါဒ၊ မုချစစ်မှန်သည်။

မဂ္ဂင်ရှစ်ပါး အကျင့်တရား ဆိုသည်မှာ

ပညာမဂ္ဂင်နှစ်ပါး
၁။ သမ္မာဒိဋ္ဌိ- မှန်စွာသိမြင်မှု။
၂။ သမ္မာသင်္ကပ္ပ- မှန်စွာကြံစည်မှု။

သီလမဂ္ဂင်သုံးပါး
၃။ သမ္မာဝါစာ- မှန်စွာပြောဆိုမှု။
၎။ သမ္မာကမ္မန-္တ မှန်စွာပြုလုပ်မှု။
၅။ သမ္မာအာဇီဝ- မှန်စွာအသက်မွေးမှု။

သမာဓိမဂ္ဂင်သုံးပါး
၆။ သမ္မာဝါယာမ- မှန်စွာကြိုးစား အားထုတ်မှု။
၇။ သမ္မာသတိ- မှန်စွာ သတိကပ်ရှုမှတ်မှု။
၈။ သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ငြိမ်မှု။
ဤသို့အားဖြင့် မဂ္ဂင်ရှစ်ပါး ဖြစ်ပါသည်။

ဆရာတော်ဘုရားက ဆက်လက်ပြီး သံဝေဂ လင်္ကာ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုဟောပြပါတယ်။ ဒီ သံဝေဂ လင်္ကာကို ကျွန်တော် မြောက်ဦးဆရာတော် ဘုရားရဲ့

*ချမ်းသာတာ နိဗ္ဗာန်လား၊ နိဗ္ဗာန်သည် ချမ်းသာတာလား*

http://myautoosayadaw.com/index.php?option=com_content&view=category&layout=blog&id=40&Itemid=65


တရားတော်မှာ အရင်ဆုံး နာကြားဖူးခဲ့ ပါသေးတယ်။ တစ်ချို့နေရာတွေမှာ စကားလုံး အသုံးလေးတွေ အနည်းငယ် ကွဲပေမယ့်.. သဘောတရားကတော့ အတူတူပါပဲ။ ကဲ.. ကျွန်တော်တို့ သံဝေဂ လင်္ကာလေးကို အတူတကွ ရွတ်ဆို ပူဇော်ကြည့်ကြရအောင်..။

အိုဘယ့်လူသား၊ ငမိုက်သားတို့
သင်ကားအ၀ိဇ္ဇာ၊ ပိတ်ဖုံးကာ၍

ငါးဖြာအာရုံ၊ ဒုက္ခဘုံကို

အကုန်မမြင်၊ အကောင်းထင်လျက်

ခုံမင်တပ်မက်၊ တွယ်ကာဖက်လျက်

အောက်ထက်သံသာ၊ စုန်ဆန်ကာဖြင့်

တဏှာလက်သည်၊ ထင်တိုင်းခြယ်၍

အေးတယ်မရှိ၊ ဆင်းရဲဖိသည်

ဝဋ်၏သားကောင်၊ လုံးလုံးတည်း။


ဝဋ်၏သားကောင်၊ ဒုက္ခဘောင်မှ

လွတ်အောင်ရုန်း၍၊ ချမ်းတာတွေ့ဖို့

မမေ့ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို

အမှန်ဉာဏ်ညှိ၊ ဖြစ်တိုင်းသိလော့။


ဝီရိနှစ်တန်၊ ရှို့မြှိုက်တံဖြင့်

ဆယ်တန်ကိလေ၊ လောင်ကျွမ်းကြေအောင်
မသေမနာ၊ မအိုပါခင်

တက်သုတ်နှင်လျက်

စောလျင်မြန်စွာ၊ ရှို့မြှိုက်ပါလော့။



နောင်ခါကာလ၊ ချိန်လွန်ရဟု

နောင်တ, တကြီး၊ သင်မညည်းနဲ့။


ဇနီးမယား၊ သမီးသားနဲ့
လင်သားအိမ်ယာ၊ အဖြာဖြာကို

ငဲ့ကာဖက်နှေး၊ အချိန်ရွေးက
သေဘေးသင့်ကို၊ ဦးလိမ့်မယ်


ဟုတ်ပြီ၊ သေဘေးမဦးခင် ဘာအရင် ဦးအောင်လုပ်မလဲ.. ကျွန်တော်တို့ ဆက်ရွက်ကြည့်လိုက်ရအောင်။

အိုဘေးနှိပ်စက် လက်မဦးခင်
နာဘေးနှိပ်စက် လက်မဦးခင်
သေဘေးနှိပ်စက် လက်မဦးခင်

တရားကဦးမှ တော်မည်ထင်။

ဒီလင်္ကာလေးပြီးတော့ ဆရာတော်ဘုရားက လက်တွေ့ကျင့်ဖို့ဆိုပြီး သတိပဋ္ဌာန်နည်း (အကျဉ်း)ကို ဆက်လက် ဟောကြားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သိထားရမှာက သတိပဋ္ဌာန် အကျင့်ပဲ ပြောပြော၊ မဂ္ဂင်ရှစ်ပါး အကျင့်လို့ပဲ ဆိုဆို၊ ဗောဇ္ဈင် ခုနစ်ပါး အကျင့်လို့ပဲ သုံးသုံး.. ဘယ်လိုပဲ အသုံးအနှုန်း ကွဲပြားနေပါစေတဲ့.. ဘာဝနာ တစ်ချက် (အရှိကို အရှိအတိုင်း ရှုမှတ်မိတဲ့အခါ) မှာ ပိဋကတ်သုံးပုံ အနှစ်ချုပ်ဖြစ်တဲ့ ဗောဓိပက္ခိယတရား ၃၇-ပါးလုံး အကျုံးဝင်ပြီး ဖြစ်ပါတယ်တဲ့..။ ဒါကတော့ မူလမင်းကွန်း ဇေတ၀န် ဆရာတော် ဘုရားတို့၊ နောက် ဝေဘူဆရာတော် ဘုရားတို့ရဲ့ အဆုံးအမပါ။ တရားရှုမှတ်နေတဲ့ ယောဂီတွေအတွက် တကယ့်ကို အားရှိစရာပါ။ ကဲ.. ကျွန်တော်တို့ ဆရာတော်ဘုရား ဆုံးမတဲ့ သတိပဋ္ဌာန် လက်တွေ့ကျင့်စဉ်ကို ကြည်ညိုကြည့်ကြ ရအောင်..။

လက်တွေ့ကျင့်ရန် သတိပဋ္ဌာန် (အကျဉ်း)

ခန္ဓာကိုယ်မှာ ဖြစ်သမျှ၊
စိတ်မှာဖြစ်သမျှ သဘောတွေကို
ဖြစ်နေ ရှိနေတဲ့အတိုင်း သတိနဲ့ စောင့်ရှု၊
အဲဒါ သတိပဋ္ဌာန် ၀ိပဿနာပဲ။
အဲဒါ မဂ္ဂင်ရှစ်တန် အကျင့်မှန်ပဲ။
အဲဒါ မဇ္ဈိမ ပဋိပဒါ အလယ်လမ်း အကျင့်ပဲ။
အဲဒါ သိက္ခာသုံးပါး အကျင့်တရားပဲ။ ။

ချမ်းသာရကြောင်း သဘောတရား အဆင့်ဆင့်

ရုပ်နာမ် သဘာဝကို သဘာဝမျှသာဟု အမှန်အတိုင်း ပိုင်းပိုင်းခြားခြား သိရမည်။
သိအောင် ရှုရမည်။
ရှုမှ တည်ငြိမ်သည်။
တည်ငြိမ်မှ သိသည်။
သိမှ ကိလေသာငြိမ်းသည်။
ကိလေသာငြိမ်းမှ ဆင်းရဲငြိမ်းသည်။
ဆင်းရဲငြိမ်းမှ ချမ်းသာရသည်။

ကိလေသာ ဆိုတာ

မိမိကိန်းရာ၊ သတ္တ၀ါကို
ဗျာပါလှိုက်ဆူ၊
ပူလောင်စေတတ်၊ နှိပ်စက်တတ်၍
ထပ်ထပ်ညစ်ပေ၊ ပြုတတ်လေ
ဆယ်ထွေ ကိလေသာ။

ချမ်းမြေ့ဆရာတော်ဘုရား ရေးသားထားသော စာအုပ်များ


တရားတော် အဆုံးမှာတော့ ဆရာတော်ဘုရားက မေတ္တာပို့လေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ မေတ္တာပို့ကိုလည်း ကျွန်တော်တို့ တစ်ကြောင်းကို သုံးခေါက်စီ ဆိုကြည့်လိုက်ကြ ရအောင်..။

အားလုံးသတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊
ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊
အစစ အရာရာ အဆင်ပြေကြပါစေ။

တရားတော် နာယူလိုပါက



*****************************************************

တရားတော်ကို ဖတ်ရှု နာယူနေသော ဓမ္မ မောင်နှမတို့အပေါင်း စိတ်နှလုံး အေးမြကြပါစေ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

9/28/2010, TUE:, 3:45:32 AM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP