* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, August 9, 2010

တေးနှင့်ကဗျာသည်သာ

မြန်မာခေတ်ပေါ်ကဗျာများနှင့် အဆက်ပြတ်နေသည်မှာ ကြာလေပြီ။ ပေါ့တိပေါ့ပျက် ထုတ်လုပ်ထားသည့် ကဗျာဟု ခေါင်းစဉ်တပ်သော စာစုများကြောင့်လည်း စိတ်ပျက်သည်မှ စိတ်ကုန်သွားရသည်။ နောက်ဆုံးမှတ်မိသမျှက အောင်ဝေး၏ ကဗျာအလုပ်ရုံကလေး စာအုပ်ထဲက ကဗျာများသာ ဖြစ်ပြီး နောက်ဆုံးနှစ် အပိုင်း(က) မှစ၍ ခုအသက်အရွယ်အထိ ခေတ်ပေါ်ကဗျာ မဖတ်သလောက် ဖြစ်သွားသည်။ ဤသို့ပြောသဖြင့် လှိုက်လှိုက်လှဲလှဲ ထွက်သော ခံစားချက်ဖြင့် ကဗျာဖွဲ့နေဆဲဖြစ်သော သူငယ်ချင်းမိတ်ဆွေများ အပါအ၀င် အနုပညာရှင်တို့ကို အားနာမိပါသည်။ စင်စစ်မတော့ အားလျော့လွယ်သော ကျွန်တော်၏ အပြစ်သာ ဖြစ်ကောင်း ဖြစ်ပါမည်။

သို့သော် ခေတ်နှောင်း ကဗျာများကတော့ ခေတ်ဟောင်းတေးများနှင့် မကြာခဏ အလည်အပတ်ရောက်တတ်သည်။ ဥပမာ ရွှေရင်ဘောင်ငွေရင်ဘောင် ပတ်ပျိုးမှာ "ထား"သီဆိုသော ခြေဆင်းကလေးလိုမျိုးပေါ့။

မြသားရယ်တဲ့ရေယမုံ
ငွေလှိုင်းတွေဖြူစွာနဲ့
မြစ်ဧရာနဒီကြောမှာ
မြောကြဒိုက်ပုံ။
ကျူဝါးရုံ
တူစုံကွယ့်ဖော်နှော။
ဘုံမဒီး ငှက်ကြီးရွှေဝန်ပိုတို့
ဝဲခိုလို့မျှော။

ရှေးရှေးက သီချင်းများ ကဗျာဆန်လွန်းလှသည့် အကြောင်းက ဒေ၀က္ကန္ဒာကြီးတို့ ပညာရှင်များတစ်သိုက် တီးကွက်မဖော်မီအထိ စာသားကို အားပြုသီဆိုရသော တေးကဗျာများ ဖြစ်နေသောကြောင့် ဟုထင်ပါသည်။ သီချင်းကြီးမှာ ကြိုးသီချင်းများက သမိုင်းစဉ်လာအရ ရှေးကျသည်ဟု ဆိုကြပါသည်။ ထိုထဲက တစ်ပုဒ်ဖြစ်သော သီတာကြိုးကို ကဗျာဆန်လှချည့်ဟု မှတ်မိနေသည်။

"သီတာ၊ သီတာ၊ မြသား၊ ကြာ ကြာ ကြာငါးပါး။ ကမ်းနား ကမ်းနား ၀န်းကျင်၊ ငွေသဲပြင် လေတည့်မှ ပျော်တည့်ပျော်ချင့်ဖွယ်။ မြစ်တွေး မြစ်တွေး စင်ရော် မြူးတည့်မြူးစံပျော်။ ငှက်တော်လေ ကြိုးကြာ၊ ကျူးရင့်ရင့်သာ။ လိပ်ပြာငယ် ပျံကာသွား၊ ဟိုမှာဒီမှာနား..."

နောက်ပိုင်းမှ ဆရာကြီးများက ကဗျာမှာ အလှရှိသည်တို့ ကဗျာ၏အလှဗေဒတို့ဟု ပြောလာကြသည်။ ဘာပဲဖြစ်ဖြစ် ကဗျာမှာ အလှရှိသည်ဟု မသိရခင်ကတည်းက ကျွန်တော်တို့ ကဗျာနှင့် ရင်းနှီးလာသည် မဟုတ်လား။ သူတို့လိုတော့ ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ပေဘူးပေါ့။ ဒါပေမယ့် ပတ်ပိန်ပိန်တီးတဲ့ ဗြောနဲ့ ဘယ်သံချပြီး ရင်တုန်အောင်ချွဲတဲ့ နှဲနဲ့ "မြို့လယ်ကမဏ္ဍပ် အရပ်မှာတဲ့ကုသိုလ်" လို့ ဟစ်လိုက်ရင် ကြီးကြီးငယ်ငယ် ရွယ်ရွယ်ပျိုပျို မရွေး နားစွင့်ကြတော့တာပဲ မဟုတ်လား။ တချို့က ကဗျာဆိုတာ က၀ိပစ္စည်းဟု ဖွင့်ကြသည် ဆို၏။ သို့သော် နေမိခဏ်းပျို့လောက် ကျက်လာရ၍လားမသိ က၀ိမဟုတ်သော အဘိုးတို့ အဘွားတို့ အတွက်တော့ ကဗျာက သိပ်ပြီးစိမ်းလှသည် မထင်။

ခေတ်စမ်းကဗျာခေတ်တုန်းက ဟာတွေ သံနေသံထားနှင့် ရွတ်ကြတာ ကြားရသောကြောင့် ဖြစ်သည်။

"ညိုပြာပြာလတာပြင်ခြေရင်း
လှိုင်းတက်ရာဗေဒါတက်
လှိုင်းသက်ရာဆင်း" တို့


"ပင်တိုင်စံဓာတုကလျာအနွဲ့ငယ်ကြောင့်
ကြင်ပိုင်ရန်စာအနုကဗျာဖွဲ့ရှာရ
မဟာသမုဒ္ဒယာချဲ့ပါတဲ့အကြောင်းခံ"တို့

"ပန်းတကာတွင်၊ ဘုရင်ဟု ခေါ်ဆို
လှပျိုရည်ရောင်၊ တင့်ယောင်ပုံမသွေ
မဉ္စူရွှေလို ရှုလေကြင်မြတ်နိုး
သက်ယုံကိုး၍ဘယ်မိုးနတ်ဗြဟ္မာ
ညီညာဖန်လတ် ကူရန်မှတ်ပေလိမ့်
စိတ်ဓာတ်ကြူသူ ယဉ်ပျိုဖြူ" တို့

သို့တည်းမဟုတ် ဆရာမှိုင်းကြီး၏ လေးချိုးကြီးတွေ ရွတ်သံကြားရသည်။

"ဘဂ၀ါဘုရာ့ စက်ပျံ နိဗ္ဗာန်ကောင်းကင်စခန်းပေပေါ့
ပါဒနက်သန်ဗိမာန်ကျောင်းသင်္ခန်းတွင်မှ"

အဘိုးတို့ လက်ထက်တွင်မက အဖေတို့လက်ထက်ရောက်တော့လည်း ကဗျာက က၀ိပစ္စည်းသက်သက်မျှ ဖြစ်သေးဟန်မတူ။ ဒါကြောင့် ကျွန်တော်တို့မောင်နှမတစ်သိုက်လည်း က၀ိမဟုတ်သည့် အညတြ ကျောင်းဆရာ အဖေစပ်ပေးသည့် ကလေးကဗျာများနှင့် ကြီးလာရသည်။

အိမ်ခေါင်မိုးပေါ်တဖြောက်ဖြောက်
နှင်းပွင့်လေးတွေအပြေးလျှောက်
ကြိုင်လှောက်သင်းပျံ့ထုံဝေေ၀
သဇင်ပွင့်ပြီလေ
ငှက်အဆွေတေးချိုမြ
လူလေးအိပ်ရာထ
ကကြီး ခခွေးစာတွေအံ
နေ့စဉ်အချိန်မှန်
မြောက်ပြန်လေငယ်ရိုက်ဆော်ညင်း
မင်္ဂလာပါနံနက်ခင်း။

တက္ကသိုလ်ကျောင်းသား ဘ၀ရောက်တာနှင့် တစ်နှစ်မှ တစ်လသာ အိမ်ပြန်ရသဖြင့် ခိုင်မြဲကျော်စွာ၏ "အိမ်ပြန်ချင်စိတ်ကနူးညံ့သိမ်မွေ့ပြီး အိမ်ပြန်ရောက်ဖို့လုံ့လ၀ီရိယက ကြမ်းတမ်းတယ်" ကို ခိုက်သွားသည်။ နောက်ပြီး မောင်ချောနွယ်၏ ကိုက်လမ်းကို ခိုက်သွားသည်။

"ငါ့သစ္စာတရားက
ငါ့အသက်ကို နှုတ်ယူသွားကြပေါ့" တဲ့လေ။

အဲဒီလို မလွတ်မလပ်ဘ၀ကို ကြပ်ကြပ်တည်းတည်း ဖြတ်သန်းတုန်း ကိုစောညိန်းရဲ့ ကဗျာဆန်လွန်းတဲ့ ပွင့်ဦးတို့ သစ္စာတို့ကို တီးရင်းမှုတ်ရင်း အငဲရဲ့ ခုနစ်ထွေအကမှာလည်း ၀င်ရောကာ ကကြည့်ဖူးသည်။ ပတ်ဝန်းကျင်နှင့် မြင်ဆရာ ကြားဆရာများ၏ လှုံ့ဆော်မှုကြောင့် ဘယ်စာစောင်အတွက် မှမဟုတ်သည့် ကဗျာများကို သူငယ်ချင်းများနှင့်အတူ အရူးထရင်း ရေးခဲ့ဖူးသည်။

"ဘ၀တစ်ခုလုံးမြတ်နိုးရသူလေး
မင်္ဂလာပါ
ဒီနေ့တစ်နေ့တော့
မြေဖြူကိုင်တဲ့လက်နဲ့ဒေါက်ကနဲမခေါက်ပါနဲ့
ဘာဖြစ်နေတာလဲ မအော်ပါနဲ့
ခင်ဗျားဦးခေါင်းမှာ
စံပယ်တစ်ပွင့်
စီခြယ်ပေးချင်လို့ပါ"

အခုမှ ကျွန်တော်က ကဗျာကို သစ္စာဖောက်သလို ဖြစ်နေသည်။ (ခရိုနင်ကြီး သုံးသည့်) အလုပ်နှင့်ဆိုင်သည့် ဒုတိယအချစ်ကြောင့် ကဗျာကို ရံခါမှသာ သတိရသလို ဖြစ်နေသည်။ မှတ်မှတ်ရရ ကောင်းကင်ကြီး တအံ့တသြဖြစ်အောင် ပြာလွန်းသည့် အခါတုန်းက သတိရခဲ့ဖူးသည်။ သို့သော် ကဗျာရေးသော အပေါင်းအသင်း မိတ်ဆွေများနှင့်တော့ စကားပြောဖြစ်တတ်သည်။ သူတို့ ဘာတွေရေးနေတာလဲ ကျွန်တော်မသိရ၍ သူတို့ရေးတာတွေကိုတော့ ကျွန်တော် မဝေဖန်နိုင်။ သို့သော် သူတို့ သစ္စာရှိလှတာကိုတော့ ချီးကျူးရသည်။

ကျွန်တော်ကတော့ သုံးမကုန်သော အသံများကြားထဲတွင် ပိုပြီးကူးခပ်နေမိသည်။ မိုးရွာသလိုတီးသော မောင်ကိုကို၏ လျှပ်ပန်းခွေနွဲ့နှင့် ဂီတနက်သံ၏ ဂီတာသံကို အံ့၍မကုန်ချီးနိုင်သေး။ ဒီတုန်း "မင့်ဟာတွေ လူကြိုက်နည်းလှတယ်" လို့ ဆိုလာကြပါသည်။ "လူကြိုက်နည်းပေမယ့် တေးနဲ့ ကဗျာဟာ စိတ်ကျန်းမာရေးအတွက် ကောင်းတယ်" ဟု ခွန်းတုံ့ပြန်မိသည်။ ဟုတ်ပါသည်။ ဗီသိုဗင်၏ မွန်းလိုက်မှသည် မိုင်လေဆိုင်းရပ်စ်၏ ပါတီအင်သည် ယူအက်စ်အေ အထိ ဘာပဲ နားထောင်နားထောင် လူမျိုးဘာသာမရွေး တေးကို နားထောင်ချိန်မှာ မုန်းတီးမှုတွေ ခဏပျောက်နေသည်။ မုန်းခြင်း သံယောဇဉ်ဖွဲ့တာတွေ ပျောက်နေနိုင်သည်။ အတ္တပေမတွေ ပျောက်နေသည်။ နတ်သျှင်နောင်တို့ န၀ဒေးကြီးတို့၏ ကဗျာများမှသည် ယနေ့ခေတ်ပေါ် ကဗျာများအထိ ဘာပဲ ဖတ်ဖတ် လူမျိုးဘာသာမရွေး ကဗျာကို ဖတ်ချိန်မှာ မုန်းတီးမှုတွေ ခဏပျောက်နေသည်။ ကဗျာတွင်ပါသော ဂုဏ်တို့ ရသတို့ကိုသာ ခံစားနေရသည်။ သို့သော် သတိမူရမည်မှာ ကျွန်တော်ပြောသော တေးနှင့်ကဗျာကို အသုံးချနည်းက ဘ၀ လိုအပ်ချက်အတွက် တလေးတစား သုံးစွဲခြင်းမျိုးဖြစ်ပြီး ယမကာတို့ ငွေတို့နှင့် မြည်းပြီး အလွဲသုံးစားပြုရန် မရွယ်ရည်ကြောင်းကိုပင်လျင်။

ဤကား ကျွန်တော်၏ ကြော်ညာချက် ဖြစ်သည်။ ကျွန်တော်တို့က မျိုးဆက်သစ်တို့ ကြိုးစားရစ်စို့ ဟု ပြောနေကြသည်။ သားသမီးများအတွက် ပညာရေး ရည်မှန်းချက်တွေ ကြီးကြီးမားမားချကြသည်။ ကျူရှင်ကောင်းကောင်း ကျောင်းကောင်းကောင်းကို ထားကြသည်။ သို့ရာတွင် ခံစားနိုင်မှုနှင့် စိတ်အာဟာရကို သတိမမူကြ။ ပန်းချီကိုခံစားနိုင်အောင်၊ သီချင်းကိုခံစားနိုင်အောင်၊ ကဗျာကို ခံစားနိုင်အောင် သင်ကြားပေးနိုင်မည့် အချိန်ဇယားတစ်ခုတစ်လေကို အလေးမပြုမိ။ ကျွန်တော်တို့ အမြင်ကလည်း လက်တွေ့ဘ၀က အမြင်ပေပဲကိုး။ ကျွန်တော်တို့၏ ဂဏန်းပေါင်းစက်တွင် ခံစားနိုင်စွမ်း၏ သတ္တိခွန်အားကို တွက်၍မရကောင်းပေသကိုး။ ဤနည်းအားဖြင့် ကျွန်တော်တို့၏ ချို့ငဲ့သော အမြင်ကြောင့် ကျွန်တော်တို့သည် မသိလိုက် မသိဘာသာဖြင့် စိတ်ကျန်းမာရေး ချို့တဲ့နေသော ပညာတတ်ကလေးများ၊ အတ္တပေမ စွဲနှင့် မယုံမရဲ မျိုးဆက်သစ်များကို မွေးထုတ်မိကြလိမ့်ဦးမည်ဟု ကျွန်တော်တွေးသည်။

ဟုတ်ပေ၏။ စိတ်ကျန်းမာရေးအတွက် တေးနှင့်ကဗျာက အရေးကြီးသည်။ နောက်ဆိုလျှင် ဟိုအနောက်က လူဖြူထွားကြီးများနှယ် ဘယ်တေးသွားကို နားမထောင်ဖူးလျှင် လူရာမ၀င်သော ခေတ်တို့ ဘယ်ကဗျာကို မဖတ်ဖူးလျှင် ပညာတတ်မပီသသော ခေတ်တို့သို့ ရောက်လာလိမ့်ဦးမည်။ ရောက်ကိုရောက်ရလိမ့်ဦးမည်။ ထိုတစ်ခေတ်ကို လည်ဆန့်၍ မျှော်ပါသည်။ လောလောဆယ်တော့ မောင်ချောနွယ်စကားကို သုံးပြီး ထုံစံအတိုင်း ကိုယ့်ဟိုဒင်းကိုယ် အမွှမ်းတင်သည်။

"ဘာဖြစ်လို့များ
အရသာလည်းရှိ ကိုယ်ထည်လည်းပြည့်တဲ့
ရေချိုငါးသလောက်က ဈေးနည်းရတာလဲ..လို့...
လူကြိုက်နည်းလို့တဲ့
ငါးဖျင်းကတော့ လူကြိုက်များလို့ ဈေးကြီးတယ်။" (မောင်ချောနွယ်)

အဲလေ.. ကောင်းကင်ပြာတာနှင့် ဘယ်ထိရောက်အောင် အတွေးပေါက်ကုန်သလဲ မသိတော့။ ဒါဖြင့်နီးပြီလားဟု မေးလာလျှင်တော့ ဟောသည် သီချင်းကလေးနှင့်ဖြေမည်။


"ရွှေပြည်တော် ရမ်းရော်မိသေး၊ ခါဖန်ဖန်ညည်းရယ်နဲ့ ဆွေးတယ်ဆွေးတယ်ကို။ ဘယ်ဝယ်မြောက်တောင် ကမ်းရွှေတိမ်တောင် ပိန်းပိတ်လို့မှောင်။"

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP