* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 31, 2010

တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး လက်စွဲပြုသော ခရီးသွားဂါထာ

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသသည် သာသနာ့အာဇာနည် ရဟန်းထူး၊ ရဟန်းမြတ်တပါး ဖြစ်သည်။
ဆရာတော်ကြီးသည် ပထမဦးဆုံး ပေါ်ထွက်ခဲ့သော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်ရ အရှင်မြတ်ဖြစ်သည်။ ၁၉၅၃-ခုနှစ် သက်တော် ၄၂-နှစ်၊ သိက္ခာတော် ၂၂-၀ါတွင် တိပိဋကစာမေးပွဲကြီးကို အောင်မြင်တော်မူခဲ့သည်။

ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာဇာတိ ဖြစ်သည်၊ ခမည်းတော်မှာ သူကြီးဦးဆုံ၊ မယ်တော်မှာ ဒေါ်ဒေါ်ဆင် ဖြစ်သည်။ ၁၂၇၃-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက် ဗုဒ္ဓဟူးနေ့ (၁-၁၁-၁၉၁၁) တွင် ဖွားမြင်တော်မူသည်။

ဆရာတော်လောင်းလျာသည် အသက် ၇-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ထို့နောက် ၁၂၉၂-ခုနှစ်တွင် ရဟန်းပြုတော်မူသည်။ သက်တော် ၆၈-နှစ် (၁၉၇၉)တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် သက်တော် ၇၃-နှစ် (၁၉၈၄)တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ခံရသည်။ သက်တော် ၈၀-ပြည့် (၁၉၉၁)တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခံရပြန်သည်။ သက်တော် ၈၁-နှစ်အရောက် ၁၃၅၄-ခုနှစ် (၁၉၉၃)တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ကြီးပြုစုခဲ့သော ကျမ်းများတွင် မဟာဗုဒ္ဓ၀င် ကျမ်းကြီးသည် ထင်ရှားကြီးကျယ်ခိုင်ခံ့လှသည်။ အတွဲပေါင်း ၆-တွဲ (အုပ်ရေရှစ်အုပ်) ရှိသည်။ ယင်းကို ဆရာကြီးဦးကိုလေး (ဇေယျာမောင်)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။

ဆရာတော်ကြီးသည် ပြည်ပနိုင်ငံများက ပင့်ဖိတ်ရာတွင် လိုက်ပါခြင်းမပြုခဲ့ပေ။ သို့ရာတွင် ပြည်တွင်း၌မူ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းခရီးများဖြင့် ကြွရောက်၍ မြို့နယ်၊ ကျေးရွာအနှံ့ သာသနာပြုတော်မူခဲ့သည်။
အောက်ပါဂါထာမှာ ခရီးမထွက်ခွါမီ ဆရာတော်ကြီး အစဉ်ရွတ်ဆိုသော ဂါထာဖြစ်သည်ဟု အဆိုရှိပါသည်။

(ပါဠိ)
(၁) ဘ၀သောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ၀ိဒူ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။

(၂) ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။

(၃) သံဃော ဝေ တိဏ္ဏကန္တာရော၊ ပုညက္ခေတ္တော အနုတ္တရော။
ဧတေန သစ္စ၀ဇ္ဇေန၊ ဂနမံ မေ သမိဇ္ဈတု။

( တိကျမှန်ကန်စွာ အသံထွက်နည်း)
(၁) ဘ၀သောတံ ဟဝေ ဗုတ်ဓော၊ တိန်ဏော လောကန်တဂူ ၀ိဒူ။
အေတေန သစ်စ၀စ်ဇေန၊ ဂနမံ မေ သမိတ်ဈတု။

(၂) ယဒိ သန်တိဂမော မက်ဂေါ၊ မောက်ခေါ စစ်စန်တိကံ သုခံ။
အေတေန သစ်စ၀စ်ဇေန၊ ဂနမံ မေ သမိတ်ဈတု။

(၃) သံဃော ဝေ တိန်ဏ ကန်တာရော၊ ပုန်ညက်ခေတ်တော အနုတ်တရော။
အေတေန သစ်စ၀စ်ဇေန၊ ဂနမံ မေ သမိတ်ဈတု။

( အနက်မြန်မာပြန်)
(၁) မြတ်စွာဘုရားသည် ဘ၀သုံးသွယ် ရေပြင်ကျယ်ကို ကူးမြောက်တော်မူပြီးဖြစ်သည်။
လောက၏အဆုံးသို့လည်း ရောက်တော်မူပြီ။
လောကအားလုံးကိုလည်း သိတော်မူပြီ။
ဤမှန်သော သစ္စာစကားကြောင့် ကျွန်ုပ်၏ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။

(၂) လောကုတ္တရာတရား အရိယာမဂ်လေးပါးသည် စင်စစ်ဧကန် နိဗ္ဗာန်ထုတ်ချောက် ရောက်စေနိုင်၏။
အရိယာမဂ်ဖြင့် ရောက်အပ်သော နိဗ္ဗာန်သည်လည်း ချမ်းသာစင်စစ် ဧကန်ဖြစ်၏။
ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်၏ ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။

(၃) ပရမတ္တအရိယာ သံဃာတော်မြတ်သည် စင်စစ်ဧကန် သံသရာတဖက်ကမ်းရောက် ကူးမြောက်တော်မူပြီး ဖြစ်၏။
အရိယာသံဃာတော်သည် အတုမရှိ အလွန်မြတ်သော ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေစစ် ဖြစ်ပါပေ၏။
ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်၏ ခရီးသွားခြင်းသည် ပြီးမြောက်ပါစေသတည်း။

မင်းဉာဏ်ဝေ
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဇွန်လ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP