နောင်ခါယုံမှားကင်းပါစေ

မချစ်ရဲသည်
အပြစ်တွဲ၍ မြင်သောကြောင့် ။
မမုန်းရဲသည်
အပြုံးမွဲမည် မြင်သောကြောင့် ။
မမေးရဲသည်
အတွေးလွဲမည် စိုးသောကြောင့် ။
မဖြေရဲသည်
အနေမွဲမည် စိုးသောကြောင့် ။
မတွေ့ရဲသည်
မေ့ပျောက်ခဲမည် စိုးသောကြောင့် ။
မရှောင်ရဲသည်
နောင်လည်းလွဲမည် စိုးသောကြောင့် ။
မပေးရဲသည်
တလွဲတွေးမည် စိုးသောကြောင့် ။
မယူရဲသည်
အပူတွဲမည် စိုးသောကြောင့် ။
ဤသို့မွေ့သိမ် ၊ ဉာဏ်ဖြင့်ချိန်သော်
စိုးရိမ်ကြောင့်ကြ ၊ စိုးထိတ်ရသည့်
လောကလူ့ရွာ ၊ ဤကမ္ဘာတွင်
ဆင်ခြင်တွက်ဆ ၊ ပြုသော်မှလည်း
လောကထုံးစံ ၊ ကဲ့ရဲ့သံတို့
တရံမဆိတ် ၊ ညံမတိတ်တည်း
အဟိတ်တို့နဲ ၊ ထင်တိုင်းကြဲသော်
်မဆဲဘယ်မှာ ၊ ရှိဘိရာလိမ့် ။
ကောင်းရာကောင်းကြောင်း ၊ ထုံးနည်းပေါင်းနှင့်
သူဟောင်းသူမြတ် ၊ နှစ်သက်တတ်သည့်
အမြတ်တွင်ခေါ် ၊ ဖြစ်ခဲ့သော်မူ
မတော်ရိုင်းပျ ၊ ကဲ့ရဲ့ကြလည်း
ဓမ္မထုံးစံ ၊ သည်းညည်းခံ၍
ပြုရန်အရေး ၊ မဖင့်နှေးနှင့်
အတွေးနှောင့်ယှက် ၊ စိုးရိမ်လျှက်သာ
ချိန်ခါရွှေ့ပြောင်း ၊ ရက်လနှောင်းသော်
ရကောင်းသင့်ရာ ၊ လွဲတတ်စွာ၏။
ကောင်းရာမူလ ၊ ကောင်းပေစွတည်း
ဓမ္မအလို ၊ ကောင်းသည်ဆိုလျှင်
မလိုသူမဲ့ ၊ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ၊ လျှောက်သင့်ကောင်းသည်
စိုးရိမ်နှောင်း၍ မနေသင့် ။
ချစ်သင့်ကချစ် ၊ မမုန်းမေ့နှင့်
မုန်းမေ့သင့်မူ ၊ မုန်းပါဟူ၏ ။
မေးသင့်ကမေး ၊ နှုတ်မလေးနှင့်
ဖြေရေးရှိမူ ၊ ဖြေပါဟူ၏ ။
တွေ့သင့်ကတွေ့ ၊ မရှောင်ကွေ့နှင့်
ရှောင်ကွေ့သင့်မူ ၊ ရှောင်ပါဟူ၏ ။
ပေးသင့်ကပေး ၊ မနှောင့်နှေးနှင့်
ယူရေးရှိမူ ၊ ယူပါဟူ၏ ။
တွေးပူသမျှ ၊ မကောင်းလှသို့
လုံးဝမပူ ၊ မသင့်ဟူ၏
အယူတော်မှန် ၊ အသင့်ကြံ၍
ကာလံ, ဒေသ ၊ ဥပါယဖြင့်
ချိန်ဆထိုက်စွာ ၊ ပြုသင့်ရာသည်
နောင်ခါယုံမှားကင်းပါစေ ။
တွေးပူသမျှ ကောင်းလှသည်လည်း မဟုတ်သကဲ့သို့
ဆင်ကန်းတောတိုးပြုသမျှလည်း မတင့်တယ်လှပါချေ။
လောကအလိုက်နှင့် ကိုယ့်အကြိုက်တို့ ဓမ္မလမ်းစဉ်ထိုက်လျှင်
ပြုထိုက်သင့်တော့သည်သာ။
ပြုသင့်သည်ကို မပြုမိခဲ့ခြင်းသည်လည်း နောင်တရကြောင်းတစ်ပါးတည်း။
မပြုထိုက်သည်ကို ပြုမိခဲ့လျှင်လည်း နောက်တရကြောင်းတစ်ပါးတည်း ။

0 comments:
Post a Comment