* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 7, 2010

ဝိဓူရဇာတ် အဆက်

0005052Kph0.jpg

ဣရန္ဓတီလည်း ပုဏ္ဏကကို ခေါ်ဆောင်၍ ခမည်းတော်ထံ သွားသည်။ အကျိုးအကြောင်း လျှောက်ထားသည်။ နဂါးမင်းကလည်း “ဝိဓူရ အမတ်၏ နှလုံးကို ဆောင်ယူပေးနိုင်ပါက သမီးတော်နှင့် အမှန်ပင် လက်ထပ်ထိမ်းမြား ပေးမည်” ဟူ၍ ကတိပြုသည်။

ထိုအခါ ပုဏ္ဏကသည် ဦးရီးတော် ဝေဿဝဏ် နတ်မင်းကြီး စံရာ စတုမဟာရာဇ် နတ်ပြည်သို့ သွားရောက်သည်။ နတ်မင်းကြီး၏ ခွင့်ပြုချက်ကို ဉာဏ်ဆင်၍ ရယူနိုင်ရန် ဝေပုလ္လတောင်မှ မနောဟရပတ္တမြားကို ဆောင်လျက် ကောရဗျမင်းထံ သွားရောက်လေသည်။

ပုဏ္ဏကသည် လုလင်အသွင် ဆောင်လျက် ကောရဗျမင်းထံ သွားရောက်ခြင်းဖြစ်သည်။ မိမိ ပုဏ္ဏကဖြစ်ကြောင်း မပြော။ “အကျွန်ုပ်အမည် ကစ္စည်းဖြစ်သည်။ ကာလစမ္ပာနဂိုရ်ပြည်က လာသည်။ ကြွေအန်ကစားရာတွင် အတော်ဆုံးဖြစ်သော ကောရဗျမင်းကြီးနှင့် ကြွေအန်ကစားလို၍ လာသည်” ဟူ၍ ပြောဆိုသည်။

ထို့နောက် အသင့်ပါလာသော ပတ္တမြားကိုလည်း ထုတ်ပြသည်။ အာဇာနည် သိန္ဓောမြင်းကိုလည်း ယူပြသည်။ ယင်းတို့ မည်မျှ တန်ဖိုးရှိသည်ကိုလည်း လက်တွေ့ပြသသည်။

ပြီးသော် ပုဏ္ဏက က “အရှင်မင်းကြီး အကျွန်ုပ်၏ ပတ္တမြားကို လောင်းတမ်းပြု၍ ကြွေအန်ကစားပါမည်။ အရှင်မင်းကြီးနိုင်လျှင် သည်ပတ္တမြားကို ယူပါ” ဟူ၍ ဆို၏။

ကောရဗျမင်းကြီးက “ကစ္စည်းလုလင်၊ သင်နိုင်လျှင်လည်း ငါ၊ ငါ့မိဖုရားနှင့် ငါ့ထီးနန်းတို့မှ တစ်ပါး ကျန်သော ငါပိုင်ဆိုင်သမျှ အားလုံးတွင် သင်ကြိုက်ရာကို ယူပါ” ဟူ၍ လောင်းတမ်းပြု၏။

ထို့နောက် သူတို့နှစ်ဦးသည် တစ်ရာ့တစ်ပါးသော မင်းများနှင့် ပရိသတ်စုံညီရှေ့တွင် ကြွေအန်ကစားကြသည်။ အခါတိုင်းဆိုလျှင် ကောရဗျမင်း နိုင်အောင် အမိဟောင်းဖြစ်ခဲ့သော နတ်သမီးက တန်ခိုးဖြင့် ကူညီလေ့ရှိသည်။ ယခုလည်း နတ်သမီးက ကူမည်ပြုသည်။ သို့ရာတွင် နတ်ဘီလူးဖြစ်သူ ပုဏ္ဏကသည် နတ်သမီးကို မြင်တွေ့သွားသည်။ ချက်ချင်းပင် မျက်စောင်းထိုး၍ နှင်ထုတ်လိုက်သည်။ နတ်သမီးလည်း ကြောက်ရွံ့စွာဖြင့် ထွက်ပြေး သွားရလေသည်။ ထိုအခါ ကြွေအန်ကစားရာတွင် မင်းကြီး ရှုံးသွားလေသည်။

မင်းကြီးသည် စိတ်နှလုံး မသာမယာရှိသွားသည်။ ပုဏ္ဏက မူ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ “အရှင်မင်းကြီး၊ ကျွန်ုပ်နိုင်ပြီ။ လောင်းတမ်းဥစ္စာကို ယခု ပေးတော်မူပါ” ဟူ၍ တောင်း၏။

မင်းကြီးက “ကစ္စည်းလုလင်၊ ငါစိုးပိုင်သော ဆင်၊ မြင်း၊ ကျွဲ၊ နွားဟူသော ရတနာတို့တွင် သင် အလိုရှိရာကို ယူလော့” ဟူ၍ ဆို၏။

ဤတွင် ပုဏ္ဏက က “အရှင်မင်းကြီး၊ အရှင်မင်းကြီးပိုင် ရတနာတို့တွင် ဝိဓူရသုခမိန် ဟူသော ရတနာသည် အမြတ်ဆုံးဖြစ်၏။ ဝိဓူရကို ကျွန်ုပ်အား ပေးပါလော့” ဟူ၍ တောင်းခံ၏။ ထိုအခါ မင်းကြီးသည် ပျာပျာသလဲ ငြင်းဆိုသည်။

“ကစ္စည်းလုလင်၊ ဝိဓူရ သုခမိန်သည် ငါ၏ ကျွန်မဟုတ်။ ငါပိုင်သော ရတနာတို့တွင် မပါဝင်ပါ။ ဝိဓူရသည် ငါ၏ ကိုယ်နှင့် ထပ်တူဖြစ်သည်။ ငါ၏ ဆွေမျိုးဖြစ်သည်။ ငါ၏ ကိုးကွယ်ရာ ဖြစ်သည်” ဟူ၍ ပြန်ပြော၏။

ထိုအခါ ပုဏ္ဏက က “အရှင်မင်းကြီး၊ ဝိဓူရသည် အရှင်မင်းကြီးနှင့် ထပ်တူဖြစ်သည်။ သို့မဟုတ် အရှင်မင်းကြီးပိုင် ကျွန်ဖြစ်သည်ဆိုသော ပြဿနာကို ကျွန်ုပ်တို့ နှစ်ဦး ဖြေရှင်း၍ ပြေလည်မည်မဟုတ်။ ဝိဓူရ သုခမိန်ကိုပင် တင်ပြ၍ သူ၏ အဆုံးအဖြတ်ကို ရယူရသော် မသင့်ပြီလော။ ဝိဓူရ၏ အဆုံးအဖြတ်အတိုင်း လိုက်နာကြပါစို့” ဟု ဆို၏။ မင်းကြီးလည်း သဘောတူ၏။

သို့ဖြင့် သူတို့နှစ်ဦးသည် ဝိဓူရထံ သွားကြသည်။ ဝိဓူရသည် မင်းကြီးကို မြင်လျှင် တရားဆုံးဖြတ်ရာ ပလ္လင်ထက်မှ လျှင်မြန်စွာ ဆင်းလာသည်။ မင်းကြီးကို ရှိခိုးလျက် သင့်လျော်သော နေရာ၌ နေ၏။

ကောရဗျမင်းကြီးနှင့် ပုဏ္ဏကတို့သည် ဖြစ်ပျက်ပုံ အလုံးစုံကို တင်ပြသည်။ ပြီးသော် ပုဏ္ဏက က ဝိဓူရအား “သုခမိန် ဝိဓူရသည် တရားဆုံးဖြတ်ရာ၌ တော်တည့် ဖြောင့်မတ် မှန်ကန်သည်ဟု ကျော်စောသည်။ ကျော်စောသည့်အတိုင်း ဟုတ်၊ မဟုတ်ကို ယနေ့ သိရပေတော့မည်။ သင် သုခမိန်သည် မင်းကြီး၏ ကျွန်ပေလော။ သို့မဟုတ် မင်း၏ ကိုယ်နှင့်ထပ်တူမျှသော ဆွေမျိုးပေလော” ဟူ၍ မေး၏။

ဝိဓူရက ‘ငါသည် မင်း၏ ဆွေမျိုးမဟုတ်။ သို့သော် ပုဏ္ဏက ယုံလောက်အောင် ဆွေမျိုးဖြစ်သည်ဟု လှည့်ပတ် ပြောသော် ပုဏ္ဏက မည်သို့ တတ်နိုင်မည်နည်း။ သို့ရာတွင် တရားဆုံးဖြတ်သူတို့၏ သစ္စာပျက်ယွင်း ပေတော့မည်။ မတော်မတရား ပြုရာ ကျပေတော့မည်။ လုံးဝမသင့်။ သစ္စာသည်သာ အဓိက ဖြစ်သည်။ အမှန်အတိုင်းသာ ပြောဆို ဆုံးဖြတ်ရတော့မည်” ဟူ၍ စဉ်းစားသည်။

သို့ဖြင့် “အမောင် လုလင်၊ ငါသည် မင်းနှင့်ထပ်တူဖြစ်သော ဆွေမျိုးမဟုတ်။ ကျွန်သာလျှင်ဖြစ်သည်။ အိမ်ပေါက်ကျွန်၊ ငွေဝယ်ကျွန်၊ ကိုယ်တိုင် အစေအပါးခံသည့် ဘယံဒါကျွန်၊ သုံ့ရကျွန်ဟူ၍ ကျွန်လေးမျိုးရှိသည်။ ယင်းတို့အနက် ငါသည် မင်းခစားဖြစ်သောကြောင့် ကိုယ်တိုင် အစေအပါးခံသည့် ဘယံဒါသကျွန်ပင် ဖြစ်သည်” ဟူ၍ ဟုတ်တိုင်းမှန်ရာ ဆို၏။

ပုဏ္ဏကသည် ဝမ်းမြောက်လှသဖြင့် “နိုင်ပြန်ပြီ” ဆိုကာ လက်ပန်းပေါက်ခတ်၏။ ကောရဗျမင်းမူ မကျေနပ်။ ‘ဝိဓူရသည် လှည့်ပတ်လိမ်လည် ပြောသင့်ပါလျက် မပြော’ ဟူ၍ ဝိဓူရကို စိတ်ဆိုးသည်။

(ဝိဓူရဇာတ်တော် အဆက်အား ဆက်တင်ပါမည်)


☺ပြီးပါပြီရှင်...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP