ဥစ္စာမမက် တရားမက်သော အရှင်မ အပိုင်း-၁ အဆက်
အပူတော၌ နစ်မျောနေသော ပုဏ္ဏားကြီးသည် အမှောင်ထုထဲ၌ အလင်းရောင်ကို မြင်ရသူအလား ဝမ်းမြောက် ဝမ်းသာ ဖြစ်ရ၏။
“အရှင်မ၊ အဲဒီကို အကျွန် သွားမယ်၊ မြတ်စွာဘုရားဟာ ငါ့ရဲ့ ပူဆွေးသောက ကင်းအောင် လုပ်ပေးနိုင်မယ် ထင်တယ်”
ပြောပြောဆိုဆိုပင် ပုဏ္ဏားသည် ရထားထိန်းကို ခေါ်သည်။ ရထား အပြင်ခိုင်းသည်။ ယူသင့်ယူရာ ဆောင်သင့် ဆောင်ရာများကို အပြေးအလွှား သည်ပိုးကာ မိဓိလာပြည်သို့ ထွက်လာခဲ့လေ၏။
ခရီးတစ်လျှောက်တွင် ပုဏ္ဏား၏ စိတ်ကို မြတ်စွာဘုရားသာ လွှမ်းခြုံနေသည်။
“အလုံးစုံသော တရားကို အလိုလို ကိုယ်တော်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရား။ ပူဇော် အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား”
သုဇာတ ပုဏ္ဏားသည် ထိုသို့ တတွတ်တွတ် ရွတ်လာသည်။ ‘မြတ်စွာဘုရား ကြွသွားတော် မူမှဖြင့်’ ဟူသည့် ကြောင့်ကြမှု ဝင်လာသော်လည်း စိတ်အား ထက်သန်မှု ဆုတ်နစ်မသွားချေ။
လူ နတ် ဗြဟ္မာ တို့အား ခေမာသောင်သို့ ဆောင်ပို့ တော်မူသော မြတ်စွာဘုရားကို ပုဏ္ဏားသည် အဝေးမှ ဖူးမြော်ရ၏။ ဤကား ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားတည်းဟု ပုဏ္ဏား သိသည်။ သင့်တင့်ရာ အရပ်တွင် ထိုက်လျက် ရိုသေစွာ ရှိခိုးသည်။
ဝဋ်ဆင်းရဲ ဟူသော ရေအလျဉ်၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားသည် အပူသည် ပုဏ္ဏားအား သစ္စာလေးပါး တရားကို ဟောကြားတော်မူလေ၏။
ပုဏ္ဏားမှာ……..
ဒုက္ခသစ္စာကို လည်းကောင်း
ဒုက္ခ၏ အကြောင်းဖြစ်သော တဏှာဟု ဆိုအပ်သည့် သမုဒယသစ္စာကို လည်းကောင်း၊
ဝဋ်ဆင်းရဲ၏ လွန်ရာဖြစ်သည့် နိဗ္ဗာန်ဟု ဆိုအပ်သော နိရောဓသစ္စာကို လည်းကောင်း၊
မြတ်သော အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသည့် ဒုက္ခ၏ ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂသစ္စာကို လည်းကောင်း၊
နာကြားရပြီးသည့် အဆုံး၌ အပူငြိမ်းလေ၏။ အပူငြိမ်းခြင်းသည် သူတော်ကောင်း တရားကို သိပြီးသောကြောင့် ဖြစ်၏။ ထို့ကြောင့် ‘အရှင်ဘုရား၊ တပည့်တော်အား ရဟန်းပြုတော်မူပါ ဘုရား’ ဟု ရိုသေစွာ လျှောက်ထားလိုက်လေ၏။
(ဥစ္စာမမက် တရားမက်သော အရှင်မ အပိုင်း-၂ ဆက်တင်ပါမည်)



0 comments:
Post a Comment