* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 4, 2010

အနီး - အဝေး, အတွင်း - အပြင်

ဟေတီတွင် ငလျှင်လှုပ်တော့ တရုတ်ပြည် စီချွမ်ငလျှင်လောက် စင်္ကာပူတွင် လှုပ်လှုပ်ရှားရှားမဖြစ်ခဲ့။ ထိုင်း, သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံမှာ လူပေါင်းများစွာ သေဆုံးခဲ့ရသည့် ဆူနာမီသည်လည်း နာဂစ်မုန်တိုင်းလောက် မြန်မာတို့ကို စိတ်ထိခိုက်စေခဲ့မည် မဟုတ်ပါ။ အကယ်၍ အင်္ဂါဂြိုဟ်ပေါ်တွင် အလွန်ပြင်းထန်သော စူပါမုန်တိုင်းများတိုက်၍ ငလျှင်အကြီးအကျယ် လှုပ်ခဲ့ပါက သတင်းခေါင်းကြီး တစ်ပုဒ်ဖြစ်လာပါမည်လော … ။ အဖြစ်အပျက်များ၏ အရေးပါမှုသည် ထိုအဖြစ်အပျက်တို့၏ ပမာဏအကြီးအသေးထက် မိမိတို့အပေါ် သက်ရောက်မှု အတိမ်အနက်နှင့် ပို၍ သက်ဆိုင်နေပါလိမ့်မည်။

“ရှမ်းပြည်နယ်စပ်မှ ရွာလေးတစ်ရွာတွင် အလောင်းစည်သူမင်း ဖောင်ဆိုက်ခဲ့ခြင်း ရှိ-မရှိ” ဟူသော ပြဿနာသည် သမိုင်းသဘောအရ အချက်အလက်မှန်ကန်မှု ရှိမရှိ စစ်တမ်းထုတ်သင့်သော ပြဿနာဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သမိုင်းအထောက်အထားများ, သိပ္ပံနည်းပညာများဖြင့် ဆန်းစစ်၍လည်း ရကောင်း, ရနိုင်ပါလိမ့်မည်။ သို့သော် ထိုအချက်အလက် မှန်ခြင်း, မှားခြင်းအတွက် မိမိတို့၏ ဘ၀တွင် အရေးပါသော အပြောင်းအလဲတစ်ခုတော့ ဖြစ်ပေါ်စေနိုင်မည် မဟုတ်။ ထိုသို့သော အမှန်တရားတို့အား Objective truth ဟုခေါ်သည်။ ဤနေရာတွင် Objective အား ဓမ္မဓိဋ္ဌာန်ဟု ဘာသာပြန်မည့်အစား ဗဟိဒ္ဓအမှန်တရားဟု (စကားလုံးအသုံးအနှုန်းကြောင့် အဂတိမရောက်စေရန်) ပြန်ကြည့်ချင်ပါသည်။ Object သည် အသိခံ အာရုံဖြစ်သည်။

အကယ်၍ ဆေးစစ်ချက်တစ်ခုအရ “မိမိတွင် ဦးဏှောက်ကင်ဆာ ဖြစ်နေသည်” ဟု သိရသော အချက်အလက်မျိုးသည်လည်း သိပ္ပံနည်းပညာများဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ စမ်းသပ်သက်သေပြနိုင်သော ဗဟိဒ္ဓအမှန်တရားမျိုး ဖြစ်ပါသည်။ သို့သော်လည်း ထိုအချက်အလက်မှားခြင်း, မှန်ခြင်းသည် “ငါ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်သင့် သလဲ” ဟူသော မေးခွန်းအား ဖြေဆိုရန် တောင်းဆိုလာသည့် ပြဿနာဖြစ်သည်။ မိမိတို့၏ ဘ၀တွင် မည်သို့နေထိုင်သွားမည်, မည်သို့ရင်ဆိုင်သွားမည်ဟူသော အသိတရားသည် အမေးတူသည့်တိုင် လူတစ်ဦးချင်းစီအလိုက် အဖြေမတူညီနိုင်သည့် ပြဿနာများ ဖြစ်သည်။ ထိုအဖြေတို့၏ အမှန်အမှားသည် မိမိတို့၏ ဘ၀အရွေ့အပြောင်းကို လမ်းကြောင်းပေးနေကြသည်။ ထိုအမှန်တရားတို့အား Subjective truth ဟုခေါ်ပါသည်။ ပုဂ္ဂလဓိဋ္ဌာန်ဟု ပြန်လေ့ရှိကြသော်လည်း အဇ္ဈတ္တိကအမှန်တရားဟု ပြန်ကြည့်ပါမည်။ စင်စစ် အဇ္ဈတ္တိက (အတွင်း) ဟူသော စကားသည်လည်း “အတ္တကို ထောက်ဆ၍ သိသော (အဇ္ဈတ္တိက = အဓိ + အတ္တ + ဣက)” ဟုအဓိပ္ပါယ်ရပါသည်။ Subject သည် ပုထုဇဉ်တို့က အတ္တဟု စွဲယူထားကြသော သိစိတ် အာရမ္မဏိကဖြစ်သည်။

ဗဟိဒ္ဓအမှန်တရားများ, အချက်အလက် အသိအမြင်များ, သိပ္ပံအသိအမြင်များသည် သူ့နေရာနှင့်သူ အလွန် အရေးပါကြသော်လည်း အဇ္ဈတ္တိကအမှန်တရားများ, အတွင်းသိအမြင်များလောက် ဘ၀အတွက် သေရေးရှင်ရေးတမျှ အရေးမကြီးလှပါ။ ဖြစ်တည်မှုဝါဒီတို့က ထိုအချက်ကို သိမြင်ကြသည်။ မိမိတို့၏ ဘ၀နေရေး သေရေးအတွက် ဦးဆောင်လမ်းပြနိုင်မည့် အမှန်တရားကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်။ Scientific method တွင် ဘ၀ပြဿနာတို့၏ အဖြေအား ပြင်ပအာရုံပိုင်း, ရုပ်ပိုင်းတွင် ရှာဖွေကြသည်။ ဖြစ်တည်မှုဝါဒီတို့၏ phenomenological method တွင် ဘ၀ပြဿနာ၏ အဖြေအား အတွင်းအာရမ္မဏိကပိုင်း, စိတ်ပိုင်းတွင် ရှာဖွေကြသည်။

“To find a truth which is true for me, to find the idea for which I can live and die.” (Søren Kierkegaard)
-------
“ငါ့မှာ နှလုံးသား ရှိတယ်။ ငါကိုယ်တိုင် ခံစားနိုင်လို့ ရှိတယ်လို့ ကောက်ချက်ချတယ်။ ဒီလောကကြီးလည်း ရှိတယ်။ ငါကိုယ်တိုင် ထိတွေ့သိနိုင်လို့ ဒီလောကကြီး ရှိတယ်လို့ သိနိုင်ပြန်ပါတယ်။ ငါ့ အသိတရားအားလုံးက ဒီတင် ရပ်သွားသည်။ ကျန်တာတွေက လုပ်ကြံထားတဲ့ အသိတွေပါ။ ငါ သေခြာပေါက်ပြောခဲ့တဲ့ ငါ့ကိုယ် ငါ ဖမ်းဆုပ်ဖို့ အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးပမ်းလိုက်တဲ့အခါ၊ ငါ့ရဲ့ လက်ချောင်းတွေအကြား စီးဝင်သွားတဲ့ အရည်တစ်ခုထက် မထူးခြားတော့။ … ငါ့ရဲ့ စိတ်နှလုံးဟာ ငါ့အတွက်တော့ အဓိပ္ပါယ် ဖွင့်ဆိုရ ခက်ခဲနေဆဲပါပဲ။ … ငါဟာ ငါ့အတွက်တော့ အမြဲတမ်း တစိမ်းပြင်ပြင် ဖြစ်နေခဲ့တယ်။ သူတို့ရဲ့ ကြမ်းတမ်းမှုတွေကို တွေ့ထိကြည့်နိုင်တဲ့ သစ်ပင်တွေ, သူတို့ရဲ့ အရသာကို ငါ ခံစားကြည့်နိုင်တဲ့ ရေတွေ, … မြက်ခင်းစိမ်းစိမ်းရဲ့ ရနံ့တွေ, ကြယ်တာရာတွေ, ညချမ်းတွေ, ငါ့စိတ်ကို ပေါ့ပါးစေခဲ့တဲ့ ညနေခင်းတွေ, … သူတို့တွေရဲ့ အင်အားတွေကို ငါကိုယ်တိုင်ခံစားသိမြင်နေလျှက်နဲ့ ဒီလောကကြီးကို ဘယ်လို ငြင်းဆန်နိုင်ပါ့မလဲ…။ ဒါပေမယ့် ဒီကမ္ဘာမြေမှာရှိသမျှ သိပ္ပံပညာတွေအားလုံးက ဒီလောကကြီးဟာ ငါ့ရဲ့ လောကကြီးပါဆိုတဲ့ သေခြာမှုမျိုးကို မပေးနိုင်ပါဘူး။ (Camu – The Myth of Siyphus)

ဘ၀ပြဿနာ၏ အဖြေကို ပြင်ပအချက်သိများတွင် မရှာပဲ၊ အဇ္ဈတ္တသို့ နှိုက်၍ ရှာဖွေသောအခါ ဖြစ်တည်မှုဝါဒီတို့ တွေ့မြင်သည်ကား အဖြေမဟုတ်။ ဒွိဟပြဿနာတစ်ခုသာ ဖြစ်နေသည်။ ကမူးအတွက် မိမိကိုယ်တိုင်သည် မိမိအတွက် “အပြင်လူ” ဖြစ်နေသည်။ အသိစိတ်သည် ရုပ်တရားကြီးကဲ့သို့ ဟိုဟာ, ဒီဟာ ညွှန်ပြ၍ မရ အမြဲ အငြင်းသဘောဆောင်နေသည့် နတ္ထိတရား (Nothingness) ဖြစ်နေသည်။ ဤသို့ ဆုပ်ကိုင်မရသည်ကိုပင် သူတို့က လွတ်လပ်မှုဟု ကြွေးကြော်ကြသည်။ သို့သော် သူတို့၏ လွတ်လပ်မှုသည် ချမ်းသာသုခနှင့် ယှဉ်သော လွတ်လပ်မှုမျိုးကား မဟုတ်။ စိုးရိမ်မှု သောကများနှင့် ပြည့်နှက်နေသော ဒဏ်ခတ်ခံရသည့် လွတ်လပ်မှုမျိုးဖြစ်သည်။

ဗုဒ္ဓမြတ်စွာဒေသနာအရ အတ္တမဟုတ်ဟု သိမြင်သောအမြင်သည် မှန်ကန်သောအမြင်ဖြစ်သည်။ သို့သော်လည်း ဖြစ်တည်မှုဝါဒီတို့၏ အတ္တ ပျောက်ဆုံးနေမှုသည် အနတ္တအမြင် အစစ်မဟုတ်။ “နတ္ထိ မေ အတ္တာတိ - ငါ့အား အတ္တ မရှိ” ဟူသော အတ္တဖြင့် အနတ္တကို ရှုမြင်သော အယူဖြစ်နေသည်။ ဖြစ်တည်မှုဝါဒီတို့ကို မဆိုထားလင့် ဘုရားရှင်လက်ထက်က အရှင်ဆန္နမထေရ်သည်ပင် “အနိစ္စ, ဒုက္ခ, အနတ္တ” ဟု ရှုပွားလျှက်ပင် “အထ ကော စရဟိ မေ အတ္တာတိ - သို့ဆိုလျှင် ငါ၏ အတ္တသည် အဘယ်နည်း” ဟု ပြန်၍ စိတ်လည်ကာ တရားမရ ဖြစ်ရသည်။ အသိစိတ် အာရမ္မဏိကတရားတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းမှန်ကို မသုံးသပ်နိုင်၍ ဖြစ်သေည်။ အတွင်း အာရမ္မဏိကတရားတို့အား ကပ်ငြိနေ၍ ဖြစ်သည်။ ဗုဒ္ဓဘာသာအရ အမှန်တရား ရှာဖွေခြင်းသည် ဗဟိဒ္ဓအာရုံပိုင်းနှင့် အဇ္ဈတ္တိက, လောကနှင့် အတ္တ, အတ္တနှင့် အတ္တနိယ, ရှိခြင်းနှင့် မရှိခြင်းစသော အစွန်းတရားများတွင် မကပ်ငြိသည့် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြစ်သည်။

အရာရာအား ငါ (အတ္တ), ငါနှင့် ပတ်သက်သောအရာ (အတ္တနိယ) မဟုတ်ဟု နှလုံးသွင်းနိုင်ပါက စိုးရိမ်ခြင်း, ကြောက်ရွံခြင်း, စိတ်မချမ်းမြေ့ခြင်း မရှိနိုင်တော့ပါ။ လူတို့သည် ဇေတ၀န်ကျောင်းမှ အမှိုက်တို့အား ယူဆောင်၍ မီးရှို့ကြပါက ငါ့တို့၏ အမှိုက်များအား ယူကြလေခြင်း, မီးရှို့ကြလေခြင်းဟု စိတ်နှလုံးမသာမယာ ဖြစ်ကြမည်မဟုတ်။ ထို့အတူပင် ခန္ဓာငါးပါးတို့အား အတ္တမဟုတ်, အတ္တနိယမဟုတ်ဟု ပယ်စွန့်နိုင်ပါက ချမ်းသာမှုကိုရကြမည်ဟု နတုမှာကသုတ်တွင် ဟောကြားထားသည်။ ရဟန္တာအရှင်မြတ်တို့၏ စိတ်သည်ကား ဘ၀အနိမ့်အမြင့်များ, လောကဖြစ်ရပ်များအားလုံးအား အင်္ဂါဂြိုဟ်ပေါ်မှ စူပါမုန်တိုင်းတိုက်ခတ်မှုများပမာ အတ္တ, အတ္တနိယတို့ဖြင့် မငြိတွယ်သောအမြင် ထားရှိနိုင်ကြပါသည်။

မှတ်ချက်။ ဒီပို့စ်ပါအချက် အချို့ကို “အတ္တရုပ်ကြွင်းအား တူးဆွခြင်း” လို့ရေးခဲ့ ဖူးပါတယ်။ ရေးဖို့စိတ်ကူးထားတဲ့ စာတမ်းကတော့ ချ မရေးဖြစ်သေးပါ။
စာညွန်း
မ-၁-၁၉၊ မူလပဏ္ဏာသ၊ မူလပရိယာယ၀ဂ်၊ သဗ္ဗာသ၀သုတ်
သံ-၃-၉၀၊ ခန္ဓသံယုတ်ပါဠိတော်၊ ခန္ဓသံယုတ်၊ ထေရ၀ဂ်၊ ဆန္နသုတ်
သံ-၃-၃၃၊ ခန္ဓသံယုတ်ပါဠိတော်၊ ခန္ဓသံယုတ်၊ နတုမှာက၀ဂ်၊ နတုမှာကသုတ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP