* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, February 18, 2010

ဒီလိုဆိုရင်….။

သီရိလင်္ကာကို ပြန်ရောက်ပြီး ဘယ်မှမရောက်ဖြစ်ဘူး၊ ဒီနေ့တော့ နာရီဝက်သာသာ ကားမောင်းရတဲ့ ကနိစေရကျောင်းကို ဒါနေးသွားရတယ်၊ သီရိလင်္ကာယဉ်ကျေးမှုအရ ဆွမ်းစားကို ဒါနေးလို့ခေါ်တာပါ၊
တနင်္ဂနွေနေ့ဖြစ်တာမို့ ကျောင်းထဲမှာ လူတွေစည်ကားနေတယ်၊ အထူးသဖြင့် တကျောင်းလုံး ကလေးငယ်တွေ အပြည့်ပါပဲ၊ သစ်ပင်အောက်မှာ ဇရပ်တွေပေါ်မှာ ခန်းမဆောင်တွေထဲမှာ ကလေးငယ်တွေကို တွေ့ရတယ်၊ ကလေးငယ်တွေကို ချစ်တတ်သူပီပီ သူတို့နဲ့ စကားပြောပြီး ဓာတ်ပုံရိုက်ခဲ့တယ်၊





သူတို့လေးတွေရဲ့ အသိစိတ်မှာ စနေ တနင်္ဂနွေနေ့ရောက်ရင် ဘုန်းတော်ကြီးကျောင်းတွေကိုသွားရမယ်ဆိုတဲ့ အသိလေးတွေ ကိုယ်စီရှိနေကြတယ်၊ ကျောင်းရောက်ရင် ဗုဒ္ဓ၀င် ဇာတ်နိပါတ် ယဉ်ကျေးမှုစတာတွေ သင်ယူရတာကိုလဲ ပျော်နေပုံရတယ်၊သူတို့မျက်နှာကတွေကြည့်ရတာ စိတ်ချမ်းသာစရာကောင်းတယ်၊ပြုံးလို့ ရွှင်လို့ တက်ကြွလို့။

တကယ့်ကို အတုယူလောက်တဲ့ မျိုးဆက်သစ်တွေကို အမွေပေးပုံပါပဲ၊ သီရိလင်္ကာတစ်နိုင်ငံလုံး အရွယ်ရောက်တဲ့ကလေးမှန်ရင် ဘုန်းတော်ကြီးမှာ ဘုရားစာ သင်ယူကြရတဲ့ အလေ့အထက အရှိန်တော်တော်ရနေပါပြီ၊ ဘာတွေသင်ပေးနေတာလဲ မေးကြည့်တော့ ဒီဃာဝါယေ၀ မဟန္တာ စတဲ့ မေတ္တာသုတ်အကြောင်း သင်နေတာပါတဲ့..ဘာတွေသင်ခဲ့ပြီးပြီလဲလို့ မေးကြည့်တော့ ဗုဒ္ဓ၀င် ဇာတ်နိပါတ်နဲ့ ဗုဒ္ဓဘာသာသမိုင်းတွေသင်ခဲ့ပြီးပါပြီတဲ့၊

အမိမြန်မာပြည်မှာတော့ စာသင် စာချတဲ့ ကိုရင် ဦးဇင်းတွေတောင် ဗုဒ္ဓ၀င်ဆိုတာကို သီးသန့် မသင်ယူခဲ့ရပါဘူး၊ ကိုယ်သိချင်လို့ ကိုယ်တိုင်ပြန်လေ့လာရတဲ့ အနေအထားမှာ ရှိပါတယ်။ အတန်းခွဲတွေအများကြီးမှာ ဆရာ ဆရာမတွေက စေတနာဝန်ထမ်းလုပ်ပြီး သင်ပေးနေကြတာပါ၊ အမျိုး ဘာသာ သာသနာကိုချစ်တယ်လို့ ပါးစပ်ကပဲ အော်နေမယ့်အစား လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ စနစ်တကျရေးဆွဲထားတဲ့ ဘာသာရေးအမွေပေးမှုတွေ လုပ်သင့်နေပြီဆိုတဲ့ စိတ်ကူးတွေလဲ တဖွားဖွား ပေါ်နေမိတယ်၊

ရွှေပြည်ကြီးမှာလဲ ကလေးငယ်များအတွက် ဓမ္မစကူးလ်သင်တန်းကျောင်းတွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်း ဖွင့်ပေးရမယ်၊ ဓမ္မစကူးလ်ကျောင်းတွေ အတွက် သင်ရိုးညွှန်းတမ်းတွေကို ဗဟိုအဖွဲ့အစည်းက စနစ်တကျရေးဆွဲရမယ်၊ ဓမ္မာစရိယ အကြီးတန်းအောင်လက်မှတ်ရထားတဲ့ သံဃာတွေ လမ်းမပျောက်ဖို့အတွက် ဓမ္မစကူးလ်ကျောင်းတွေမှာ ဆရာအဖြစ်ခန့်ထားရမယ်၊

ငါးနှစ်ကနေ ဆယ့်ခြောက်နှစ်အထိ ကလေးငယ်တွေအတွက် သီးသန့်သင်ရိုးညွှန်းတမ်းတွေလုပ်ရမယ်၊ ဆယ့်ခြောက်နှစ်ကနေ အသက်လေးဆယ်အရွယ် လူကြီးတွေအတွက် သင်ရိုးညွှန်းတမ်းတစ်ခု လုပ်ပေးမယ်၊ လေးဆယ်ကနေ လေးဆယ်ကျော် လူကြီးတွေကို ဆရာအဖြစ်ပြန်ခန့်အပ်ပြီး သူတို့တတွေအတွက် အဆင့်မြင့် ဗုဒ္ဓစာပေတွေသင်ပေးမယ်၊

သံဃာတော်များအတွက် တောင်တန်းသာသနာပြုစင်တာတွေ ပြည်ပသာသနာပြုစင်တာတွေဖွင့်ပေးရမယ်၊ပရဟိတလုပ်ချင်တဲ့ သံဃာတော်များအတွက် management သင်တန်းတွေပေးမယ်၊ Public Relationship လုပ်တဲ့အခါမှာ ပြောတတ် ဟောတတ်အောင် စနစ်တကျသင်ပေးတဲ့ သင်တန်းကျောင်းတွေလဲ ထပ်ဖွင့်ပေးရအုံးမယ်၊

နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်တဲ့ Sangha University တွေကို ထပ်ဖွင့်မယ်၊ သာသနာနောက်ပိုင်းမှာ သေချာပေါက်ပေါ်လာမယ့် သာသနာဖျက်များကို ကာကွယ်ဖို့ ဓမ္မ၀ါဒီ သံဃာအဖွဲ့အစည်းကို စနစ်တကျဖွဲ့စည်းထားမယ်၊(သူငယ်ချင်းတစ်ပါးပြောတာလေးကို သတိရမိတယ်။ ကိုယ့်လူရေ နောက်ပိုင်းမှာ စတန့်ထွင် ဓမ္မကထိကတွေက အနိစ္စ ဒုက္ခ အနတ္တကို ပြောင်းပြန်လုပ်ပြီး နိစ္စ သုခ အတ္တလို့ ဟောလာကြအုံးမယ်တဲ့. သတိပြုစရာ ကောင်းလေစွ)

အဲလိုအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးမယ့် သာသနာချစ်တဲ့ ဒကာ ဒကာမတွေကိုလဲ ထပ်ဖွဲ့စည်းရမယ်၊ သာသနာအရေးဆောင်ရွက်တဲ့အခါ ငွေကလဲ ရှိအုံးမှ ကိုး၊ ငွေရှိမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တာကလား၊ ဟုတ်တယ်လေ ကျန်းမာပါစေ ချမ်းသာပါစေလို့ ပါးစပ်မေတ္တာပဲ ပို့နေလို့မှ မလုံလောက်တာ၊လက်တွေ့ကျကျ အကူအညီပေးရင်း ဒုက္ခရောက်သူတွေကို ကယ်တင်ရမယ်၊

နောက်ထပ် ထူးထူးခြားခြား သင်တန်းလေးတစ်ခု လုပ်ချင်သေးတယ်၊ မုဒိတာပွားပုံသင်တန်းပါ၊ အောင်အောင်မြင်မြင် ကြိုးစားဆောင်ရွက်သူတွေကို မနှောင့်ယှက်ဘဲ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်တတ်အောင် မုဒိတာသင်တန်းတွေလဲပေးရမယ်၊ အရှင်မောဂ္ဂလာန်မထေရ်မြတ်လို မဟုတ်တာလုပ်တဲ့သူတွေကို ဆွဲထုတ်ရဲတဲ့ ရဲရင့်တဲ့ သံဃာတွေကို ၀ိုင်းရံထားစေမယ်၊ ဒါမှ သာသနာရောင်ဝါလင်းပါတယ်လို့ ပြောနေကြ ဆိုနေကြအသံတွေကို လက်တွေ့နဲ့ ပေါင်းစပ်နိုင်မယ် မဟုတ်လား။

ကိုဝိမုတ္တိသုခရဲ့ ဒီလိုလေးဆိုရင် ကောင်းမလားလို့ဆိုတဲ့ ပို့စ်ကိုဆွေးနွေးရင်း ဒီနေ့ဓမ္မစကူးလ်သွားရင်းပေါ်လာတဲ့ အတွေးလေးတွေကိုချရေးကြည့်တာပါ၊ ဒီလိုလေးတွေဆိုရင် ကောင်းမယ်ထင်ပါရဲ့ပေါ့၊တကယ်တော့လဲ စိတ်ကူးယဉ်ဆိုတာ လက်တွေ့ဘ၀နဲ့တော့ ကွာနေတတ်ပါတယ်၊အေဘရာလင်ကွန်းပြောတဲ့ လုပ်နိုင်ပါတယ်မပြောနဲ့ လုပ်ပြလိုက်ပါဆိုတဲ့ စကားကလဲ နားထဲက မထွက်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါလေးတွေ ဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ ကောင်းမယ်ထင်ရဲ့။



ဓမ္မစကူးလ်သင်တန်းပြီးတော့ သီရိလင်္ကာ ကလေးငယ်တွေ စုပေါင်းတန်းစီပြီး ရွတ်ဆိုသွားတာက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပါတဲ့။( မော်ဒန်အလိုအရတော့ တိဋ္ဌတု စိရံ ဗုဒ္ဓသာသနံ ပါ။ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP