လွင်မျိုးသစ်ရေးတဲ့ “လူ့ဘဝ”
`လူ့ဘဝ`
အခု…..
ငါရောက်နေတာဟာ
လူ့ဘဝဆိုတာရော
ဟုတ်ရဲ့လား ။
၂၄ နာရီမှာ
၂ ခါလောက် တက်တတ်တဲ့
လေချဉ်မှာတောင်ပဲ
အက်စစ်နံ့ချည်း
ပျံ့လွင့်နေတယ်…
အဝီစိမှာကမှ
ကျယ်ကျယ်လောင်လောင်
ကြေကွဲခွင့်ရပါလိမ့်မယ်
ဒီနေရာမှာတော့
သူတို့မြင်မှာစိုးလို့
တိုးတတိတ်ကြေကွဲရတာ…..
ငါ့ကို ထမင်းစားတတ်အောင်
သင်ပေးလိုက်တာ
ဘယ်သူပါလိမ့်
အမေလား? အဖေလား?
ကမ္ဘာဦးအစက လူတွေလား
ငါထမင်းမစားဘဲ
နေနိုင်တတ်ခဲ့ရင် ကောင်းမယ်….။
နို့…..နေပါဦး
အဖေက ဘယ်သူလဲ
အမေက ဘယ်သူလဲ
ရက်စွဲလွန် အတ္ထုပ္ပါတ်လေး
ရေးမယ်လုပ်တော့
ကံဆိုးလိုက်ပုံများ
ငါ့နာမည် ငါတောင်
မမှတ်မိတော့ဘူး……
ဟော့….သြော်
ဒါ လူ့ဘဝပေါ့
တချို့တချို့က
တိမ်တိုက်တွေကို စည်းခတ်ဖို့
ကြိုးစားနေကြတယ်
တချို့တချို့က
အားတွေ မာန်တွေထုတ်ပြီး
ကိုယ့်ကိုယ်ကို ပူဖောင်းလုပ်ဘို့
ကြိုးစားနေကြတယ်
ရယ်စရာကောင်းပေမယ့်
ကျွန်တော်လည်း မထူးလို့
ပြုံးရုံသာ ပြုံးလိုက်တယ်။
ဟင်း……
ဖွဲဖွဲလေးရွာတတ်ရုံနဲ့များ
သူ့ကိုယ်သူ မိုးထင်နေသေး
တချို့တချို့ ပြောပါတယ်…..
ကြီးပွားချင်ရင်
နေရာတိုင်း နေရာတိုင်းမှာ
ပြုံးပြုံးလေး နေတက်ရတယ်
အဆင်ပြေချင်ရင်
နေရတိုင်း နေရတိုင်းမှာ
အလိုကျသည် ဖြစ်စေ
အလိုမကျသည် ဖြစ်စေ
အလိုက်အထိုက်လုပ်တက်ရတယ်
မှားသည်ဖြစ်စေ
မှန်သည်ဖြစ်စေ
ချော်လဲရောထိုင် လုပ်တက်ရတယ်
နေရာတကာ
အမှန်တရားဆိုတဲ့
ပေတံကြီးနဲ့
သွားသွားတိုင်းမိနေရင်
အက်စစ်လေချဉ်တောင်
ပုံမှန်တက်လာဖို့
ခက်သွားမယ်။
ဒါပေါ့..ဒါပေါ့…
လူ့ဘ၀ဆိုတာ…
စေ့စေ့တွေးကြည့်တော့
ရပိုင်ခွင့်ကလည်း
အတော်နည်းတာကလား
ဟစ်တလာ လူဆိုးလုပ်သွားတာလည်း
အပြစ်မဆိုသာပါဘူး..
သေမထူး နေမထူးပဲကိုး။
(လွင်မျိုးသစ်)

0 comments:
Post a Comment