* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, February 3, 2010

ဝိပႆနာဆိုတာဘာလဲ..?


1

ဝိပႆနာဆိုတာ…

ပညတ်ကိုခွာပြီး ပရမတ်တွေရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို သိအောင်လုပ်တာဝိပဿနာ၊

ရုပ်တွေ နာမ်တွေရဲ့ ဖြစ်ပျက်ကို မြင်အောင်ကြည့်တာ ဝိပဿနာ၊

ခန္ဓာအရှိနဲ့ ဥာဏ်အသိကို ကိုက်အောင်လုပ်တာ ဝိပဿနာ၊ ရှေ့ကဖြစ်ပျက် နောက်က မဂ်လိုက်တာ ဝိပဿာနာ၊ အသေကိုအရှင်နဲ့ကြည့်တာ ဝိပဿနာ။ ကျေးဇူးရှင် ချမ့်မြေ့ဆရာတော်ဘုရားကြီးရဲ့ အဆိုအမိန့်အရ ရုပ်နာမ်မှာ ဖြစ်နေတဲ့သဘောတွေကို ဖြစ်နေတဲ့အတိုင်း၊ ရှိနေတဲ့အတိုင်းသတိနဲ့စောင့်ရှောက်နေတာဟာ သတိပဋ္ဌာန် ဝိပဿနာပဲ။ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းအကျင့်ပါပဲ။ အဲဒါမဂ္ဂင်ရှစ်တန်အကျင့်မှန်ပါပဲ။ အတိုချုပ်အနေနဲ့ပြောရမယ်ဆိုရင်…

အထူးကြည့်တာဝိပဿနာ။ အထူးကြည့်တော့ အထူးသိတာပေါ့၊ သမားရိုးကျကြည့်တာမဟုတ်ဘူး။

ဝိပဿနာမျက်လုံးနဲ့ကြည့်တာ။ သမားရိုးကျကြည့်ရင် ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါမြင်မယ်။ သူဌေး၊ ဆင်းရဲသားမြင်မယ်။

အထူးကြည့်တော့ ယောက်ျး၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါမဟုတ်ဘူး။ သူဌေး၊ ဆင်းရဲသားမဟုတ်ဘူး။ ရုပ်တွေ နာမ်တွေပဲ အထူးကြည့်တော့ အထူးမြင်တယ်။ ရုပ်တွေနာမ်တွေရဲ့ ဖြစ်ပျက်ကိုမြင်လာတယ်။ အဲဒါကို ဝိပဿနာလို့ခေါ်တယ်။ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကိုသိရင် ဘာပြောနေလဲဆိုတာကို နားလည်ပါတယ် ဝိပဿနာအကြောင်းကို ဘာမှမသိသေးတဲ့ ယောဂီအသစ်တွေ ဝိပဿနာအကြောင်းကိုစတင်လေ့လာသူတွေ အနေနဲ့ ပထမဆုံး…

ပညတ်နဲ့ပရမတ်ကို ကွဲကွဲပြားပြားသိရမယ်။ ရုပ်တွေ နာမ်တွေကို ကျကျနန နားရှင်းအောင်သိရမယ်။ ဒါမှ ဝိပဿနာဆိုတာ ဘာလဲဆိုတဲ့အဓိပ္ပါယ်ကို သဘောပေါက်မယ်။ နားလည်မယ်။ ပညတ်ဆိုတာ တစ်ဦးနဲ့တစ်ဦး နားလည်အောင် သတ်မှတ်ထားတဲ့ နာမည်တွေကိုခေါ်တာ။ အမှန်တကယ်မရှိဘူး။ ဥပမာ.. ခေါင်း၊ ခါး၊ လက်၊ ခြေ၊ ယောက်ျား၊ မိန်းမ၊ အိမ်၊ ကျောင်း၊ ကား။ ရထား၊ စသည်အားဖြင့် လူအမျိုးမျိုးက ဝေါဟာရအမျိုးမျိုးနဲ့ ခေါ်နေတာ၊ပြောနေတာလည်းအားလုံးဟာ ပညတ်တွေပဲ။

ပရမတ်ဆိုတာကတော့ အမှန်တကယ်ရှိတဲ့ သဘောတရားကို ဆိုလိုတာ။ သဘောမျှပဲ။ မျက်စိနဲ့လည်းမမြင်ရဘူး၊ ပုံသဏ္ဍာန်လည်းမရှိဘူး၊ အလေးချိန်လည်းမရှိဘူး၊ ထုထည်းလည်းမရှိလို့ ဆုတ်ကိုင်လို့လည်းမရဘူး၊ အမှုန့်တွေလည်းမဟုတ်ဘူး။ မီးခိုးလည်းမဟုတ်ဘူး၊သဘောလေးပဲ။ ဥပမာ.. လှုပ်တဲ့သဘော၊ နာတဲ့သဘော၊ ကြားတဲ့သဘောတွေဟာ ပရမတ်ပဲ။ ပရမတ်တရားက စိတ်၊ စေတသိက၊ ရုပ်၊ နိဗ္ဗာန်ဆိုပြီး(၄)ပါးရှိပါတယ်။ စိတ်နဲ့စေတသိက်ကို ပေါင်းပြီး နာမ်လို့ခေါ်တယ်။

နာမ်ရဲ့သဘောတရားက…

သိတတ်တဲ့သဘော၊ ညွတ်တတ်တဲ့သဘော၊

ရုပ်ရဲ့သဘောတရားက…

ဖောက်ပြန်တတ်တဲ့သဘော၊ မသိတဲ့သဘော၊ အကြမ်းအားဖြင့် ရုပ်ဆိုတာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဆိုတဲ့ ဓာတ်ကြီးလေးပါးအပေါင်းအစုပါပဲ။ လက်တွေ့ရှုမှတ်တဲ့အခါ ဓာတ်ကြီးလေးပါးရဲ့ ပရမတ်သဘောတွေကို ရှုမှတ်ရမှာ။ ပထဝီဓာတ်ရဲ့ ပရမတ်သဘောက…

မာမှုသဘော၊ ပျော့မှုသဘော။ အာပေါဓာတ်ရဲ့ ပရမတ်သဘောက…လေးမှုသဘော၊ ဖွဲ့စည်းမှုသဘော၊ ယိုစီးမှုသဘော။ တေဇောဓာတ်ရဲ့ ပရမတ်သဘောက… ပူမှုသဘော၊ အေးမှုသဘော၊ ပေါ့မှုသဘော။ ဝါယောဓာတ်ရဲ့ ပရမတ်သဘောက…တွန်းကန်တဲ့သဘော၊ တောင့်တင်းတဲ့သဘော၊ လှုပ်ရှားတဲ့သဘော။ ရုပ်နဲ့ပတ်သတ်လို့ ဒီလောက်တော့သိထားရမယ်။ နာမ်အကြောင်းပြောရအောင်။ စိတ်နဲ့စေတသိက်ကိုပေါင်းပြီးတော့ ဘာခေါ်လဲ။ နာမ်လို့ခေါ်တယ်နော်။ သိမှုလေးကိုစိတ်လို့ခေါ်တာ။ စိတ်တစ်ခုဖြစ်ရင် စေတသိက်တွေလည်း ပါလာတယ်ပဲ။ စေတသိက်ဆိုတာကလည်း စိတ်ကိုမှီတွယ်ပြီးတော့ စိတ်ကိုခြယ်လှယ်နေတဲ့ စိတ်တစ်မျိုးပါပဲ။ သူကြောင့် အကုသိုလ်စိတွေဖြစ်သွားတာရှိသလို၊ ကုသိုလ်စိတ်တွေဖြစ်သွားတာလည်းရှိပါတယ်။ စေတနာဦးဆောင်တဲ့ စေတသိက်က အားလုံး(၅၂) လုံးရှိပါတယ်။

ရုပ်(၂၈) ပါးတို့၊ နာမ်(၅၃)ပါးတို့ ဒါတွေကိုအကုန်မသိရင်လည်းဘဲ ဝိပဿနာအားထုပ်လို့ရပါတယ်။ ဝိပဿနာအားထုပ်တဲ့နေရာမှာ နည်းသုံးမျိုးရှိပါတယ်။

(၁) စအားထုပ်ကတည်းက ဝိပဿနာကို တိုက်ရိုက်ရှုမှတ်တဲ့ ဝိပဿနာယာနိကနည်း။

(၂) သမထနည်းတစ်ခုခုနဲ့ သမာဓိထူထောင်ပြီးတော့မှ ဝိပဿနာကို ပြောင်းပြီးရှုမှတ်တဲ့ သမထဝိပဿနာနည်းနဲ့

(၃) သမထကိုရှုမှတ်လိုက်၊ ဝိပဿနာကိုရှုမှတ်လိုက်နဲ့ နှစ်ခုတွဲပြီး ရှုမှတ်တဲ့၊ ယုဂနဒ္ဓနည်းဆိုပြီး သုံးမျိုးရှိပါတယ်။

www.http://thitsarparami.org အတွက် အရှင်ဓမ္မသာရ ဓမ္မဒါန ရေးသားပူဇော်သည်။

သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာရှိပါစေ…။

မှတ်ချက်ရေးသားရန် ()

Last Updated ( Wednesday, 03 February 2010 11:31 )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP