မဇ္ဈိမဒေသ အလယ်ပိုင်း အပိုင်းအခြား (၂)
၁။ အရှေ့အပိုင်းအခြား
၎င်းမှာ ဂဇင်္ဂလမြို့တော်ဖြစ်၍ အိန္ဒိယရာဇ၀င်မှတ်တမ်းများ ရေးသားကြသည့် အခိုင်အမာ ယူဆသော နေရာဌာန အပိုင်းအခြားကား ရှေးအခါက စမ္ပာမြို့တော်တည်ရာဖြစ်သော ယခု ဘာဂလမြို့မှ ၀ှင်သျှင် အမည်ရှိသော တရုတ် ရဟန်းတော်၏ မှတ်တမ်းအရ လီပေါင်း ၁၀၁- သို့မဟုတ် ယူဇနာပေါင်း ၈-ယူဇနာ မျှတည်ရှိသော ရာဇမဟာလ နယ်၌ရှိကြောင်း ၄င်းမှာ စမ္ပာမြိှု့ အရှေ့ဘက်၌ တည်ရှိကြောင်း အခိုင်အမာ ရေးသားဆုံးဖြတ်ကြကုန်၏။
၂။ အရှေ့တောင် အပိုင်းအခြား
၎င်းအပိုင်းအခြားဖြစ်သော သလ္လာဝတီ သို့မဟုတ် သလလ၀တီဟုခေါ်သော မြစ်ငယ်မှာ အရှေ့အပိုင်းအခြား ဖြစ်သော ဂဇင်္ဂလမှ ထောက်ဆ၍ အရှေ့တောင် ၀င်္ဂသမုဒြာ သို့မဟုတ် ၄င်းဌာန ဘင်္ဂလာပင်လယ်သို့ စီးဆင်း သွားသော သုဝဏ္ဏမြစ် သို့မဟုတ် ၄င်းဌာန ဒေသအသံအားဖြင့် ဆုဗရဏမြစ်ဖြစ်ကြောင်း ဆုံးဖြတ်၍ ၄င်းကိုပင် သလလ၀တီ သလဠ၀တီ သရာဝတီ စသည်ဖြင့် ရေးသားကြကြောင်း၊ ၄င်းပြင် ဗင်္ဂါလီဘာသာအားဖြင့် ထုတ်ဝေ သောမြေပုံများ၌လည်း ၄င်းကိုပင် ညွှန်ပြရေးသားကြကြောင်း နေရာဌာနအပိုင်း အခြားအားဖြင့်လည်း သင့်လျော်ကြောင်း စသည်တို့ကို ထောက်ထား၍ ထိုမြစ်ကိုပင် ဟုတ်မှန်လောက်သည်ဟု ခန့်မှန်းမှတ်သားအပ် ကုန်၏။
၃။ တောင်ဘက် အပိုင်းအခြား
၎င်းတောင်ဘက် အပိုင်းအခြားဖြစ်သော သေတကဏ္ဏိကနိဂုံး သို့မဟုတ် သေတကဏ္ဏကမြို့ငယ်မှာလည်း အလယ်ပိုင်းတိုင်းနိုင်ငံဌာန မဇ္ဈိမ အပိုင်းအခြား ရေးသားကြသော သက္ကတအားဖြင့် မဓျယဒေသ အလယ်ပိုင်း ဌာနတို့၏ အပိုင်းအခြားတို့၏ လာသောအပိုင်းအခြားများကို ထောက်ဆခြင်းအားဖြင့်လည်းကောင်း၊ ၀ိဉ္စတောင် ဆွယ်နှင့် နမ္မဒါမြစ်များဖြစ်သော အရပ်နယ်ပယ်များ၌ ရှိသင့်ကြောင်း မှတ်သားကြကုန်၏။
၎။ အနောက်ဘက် အပိုင်းအခြား
အနောက်ဘက်အပိုင်းအခြားဖြစ်သော ထုဏမည်သော ပုဏ္ဏားရွာမှာ ကုရုတိုင်းနယ်၊ ယမုနာမြစ် အနောက် ဘက်ဒေသများဖြစ်သင့်၍ ၄င်းတိုင်းနယ်၌ ပါဝင်သင့်ကြောင်း အားလုံးသော မှတ်တမ်းရာဇ၀င် ရှေးဟောင်းမြေပုံ နယ်ပုံ အပိုင်းအခြား ရေးသားကြသော ဆရာများ အယူအဆတို့နှင့် ညှိနှိုင်း၍ ဆုံးဖြတ်ကြသည်ကား ယမုနာကမ်း၏ အနောက်ဘက် သက္ကတအားဖြင့် ဆဋ္ဌာနေသျှရ ယခုအခါ ဋ္ဌာနေသရ-ဖြစ်သင့်၍ ၄င်းမှာ ဌာန- ဤသရပုဒ် ၂-ပုဒ်အနက် ဤသရပုဒ်မှာ နောက်ဆက်မျှသာဖြစ်သည့်အပြင် မပြဋ္ဌာန်း လိုရင်းအမည်မဟုတ်၊ ဌာနသာ လိုရင်းအမည်ဖြစ်သောကြောင့် ဆဌာနသည် ဆဌုဏ-ဌုဏ-ထုဏ စသည်ကာလရှည်လျား တစစအားဖြင့် ပြောင်းလဲလာခဲ့နိုင်ကြောင်း ၄င်းအမည်အရ ၄င်းဌာနသည်ပင် အလယ်ပိုင်း အနောက်ဘက် နယ်နိမိတ်ဖြစ်သင့်ကြောင်း ရေးသားကြကုန်၏။
မြတ်စွာဘုရား လက်ထက်တော်က ၄င်းအမည်တူ ထုဏအမည်ရှိသော ပုဏ္ဏားရွာသို့ ကိုယ်တော်တိုင်း ကြွဖူး တော်မူ၍ ၄င်းရွာသူရွာသား ဗြဟ္ဗဏများတို့သည် ရေစသည်တို့ကို ပိတ်ဆို့ကာ ရေတွင်း ရေကန်များကိုလည်း ဖို့ထားကြပြီးလျှင် မုဏ္ဍကသမဏများ ရေအငတ်ထားအံ့ဟု ကြံစည်ကြသော်လည်း မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား ရေခပ်ခိုင်းသောအခါ ၄င်းတို့ဖို့ထားသော မြက် ဖွဲစသည်တို့သည် အထက်သို့ အန်ထွက်လျက် ကောင်းမြတ်ကြည်လင်သော ရေတို့ကိုမြင်ရသောအခါ အလွန်ပင်အံ့သြသဖြင့် မြတ်စွာဘုရားအား ရေတော်ကပ်ပြီး ပြန်ကြားလျှောက်ထားလျှင် .........
ကိံ ကယိရာ ဥဒပါနေန၊ အာပါ စေ သဗ္ဗဒါ သိယျုံ၊
တဏှာယ မူလတော ဆေတွာ၊ ကိဿ ပရိယေသနံ စရေ။ (ဥဒါန- ၁၇၆)
ရေကို သုံးသဖြင့် အကျိုမည်သို့နည်း။ ရေသည်ကား အခါခပ်သိမ်း ရှိကုန်ရာ၏။ တဏှာလောဘ အရင်းမှဖြတ်၍ ရေစသည်ရှာဖွေရန် အဘယ်သို့သွားမည်နည်း ဟု ဥဒါန်းကျူးတော်မူလေသည်။
၎င်းထုဏ ပုဏ္ဏားရွာကား မလ္လတိုင်း၌ဖြစ်ကြောင်း ၄င်းတို့၏ နိဒါန်း၌ ထင်ရှား၍ အနောက်ဘက်အပိုင်းအခြား ဖြစ်သောအရပ်ဒေသ မဟုတ်နိုင်သည်မှာ မလ္လတိုင်းသည် မဇ္ဈိမဒေသ အလယ်ပိုင်း အချက်အချာမှ အရှေ့ဘက်ကျသော တိုင်းနိုင်ငံ ဖြစ်သဖြင့်အရှေ့အနောက် ဖြောင့်ဖြောင့် ဆန့်ကျင်လျက်ရှိသောကြောင့် ဖြစ်လေသည်။
၅။ မြောက်ဘက် အပိုင်းအခြား
၎င်းမြောက်ဘက် မဇ္ဈိမနယ်နိမိတ် အပိုင်းအခြားမှာ ဥသိရဒ္ဓဇတောင်ဖြစ်၍ ၄င်းဥသိရဒ္ဓဇတာင်နှင့်စပ်၍ မြတ်စွာဘုရားလက်ထက် အဖြစ်အပျက် တစ်စုံတခု မရှိဘဲ နယ်အပိုင်းအခြားမျှသာ ဟောကြားသော်လည်း ၄င်းအတွင်းဖြစ်သောအရပ်ကား သာသနာတော်နှင့်စပ်သော အရပ်ဖြစ်သောကြောင့် ၄င်းကို ကောင်းစွာ မှတ်အပ်သော အပိုင်းအခြားဖြစ်လေသည်။ ၄င်းကို အိန္ဒိယရှေးဟောင်းဌာနများ ရှာဖွေမှတ်သားကြသော ရှေးဟောင်းရာဇ၀င် ဆရာတို့ကား ...
- ယခုအခါ ဟိန္ဒူများ ကိုးစားကြသော ဟရိဒွါရမြို့၏ မြောက်ဘက်၌ ထင်ရှားရှိသော ဥသီရဂီရိဖြစ်သင့်ကြောင်း၊
- ဂိရိ သဒ္ဒါ- တောင်အနက်ဟောဖြစ်၍ အမည်ရင်းကား ဥသိရဖြစ်ကြောင်း ဓဇပုဒ်ဖြင့် ရှေ့ကဆက်၍ ခေါ်ဝေါ်ခဲ့ သော်လည်း နောက်အခါ ကာလကြာ၍ ၄င်းပုဒ်မပါတော့ဘဲ ဂီရိနှင့် စပ်ခေါ်လာနိုင်ကြောင်း၊ ရေးသားကြ၍ ၄င်း ဥသိရတောင်သည်လည်း အရပ်ဌာနနှင့် ထောက်စာသဖြင့် မြောက်ဘက်ဌာန အပိုင်းအခြားဟု အမှန်အားဖြင့် မှတ်သား အပ်ကုန်၏။

0 comments:
Post a Comment