* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, February 3, 2010

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၂)*

ဒေသစွဲ တစ်ခုနှင့် ပတ်သတ်၍ သရုပ်ဖော်ထားသော ပုံဝတ္ထု တစ်ခုကို ကျွန်ုပ်အား အိန္ဒိယ ပြည်တွင် ခရီး လှည့်လည်နေသော ဂရိ အမျိုးသမီး တစ်ဦးက ပြောပြ ဖူးလေသည်။ သူကမ နယ်ခြားဒေသကို သူမသည် သဲကန္တာရ အလယ်က ဖြတ်သန်း လာခဲ့ကြောင်း ပြောသည်။ နယ်စပ်သည် ရေခမ်းခြောက် နေပြီ ဖြစ်သော မြစ်ကြီး တစ်ခု ဖြစ်ကြောင်း၊ မြစ်ပေါ်၌ ကြီးမားသော တံတားကြီး တစ်ခု ရှိကြောင်း၊ ထို သံတံတား၏ ထက်ဝက်ကို အစိမ်းရောင် ဆေးခြယ် ထားကြောင်း၊ အခြား ထက်ဝက်ကိုမူ အနီရောင် ဆေးခြယ် ထားကြောင်း၊ ထိုနေရာတွင် လွင်တီးခေါင် သဲကန္တာရနှင့် အရောင်စုံ ခြယ်ထားသော တံတားမှ အပ ဘာမျှ မရှိကြောင်း၊ ထိုတံတား၏ အလယ်တွင် သံတံခါးကြီး တစ်ခု တပ်ဆင်ထားပြီး နှစ်ဘက်စလုံး သော့ခတ် ထားကြကြောင်း၊ တစ်စုံ တစ်ယောက်သော သူသည် တစ်နိုင်ငံမှ အခြား တစ်နိုင်ငံသို့ သွားလိုပါက တံတား တစ်ဘက်က နယ်ခြား စောင့်များကိုရော၊ အခြား တစ်ဘက်က နယ်ခြား စောင့်များ ကိုပါ လှမ်းခေါ် ရကြောင်း၊ ထိုအခါ နယ်ခြား စောင့်များသည် တံတား အလယ်သို့ လာပြီး တစ်ပြိုင်နက်ပင် နှစ်ဘက် စလုံးက ဂိတ်သော့ကို ဖွင့်ပေး ကြကြောင်း၊ ထိုနည်းဖြင့် နယ်ခြားကို ဖြတ်ကျော်ရကြောင်း ပြောပြလေသည်။ ဤကဲ့သို့ ပြုခြင်း ကိုပင် နယ်ခြားကို ဖြတ်ကျော်ခြင်း မည်သတတ်ဟုလည်း ပြောပါသည်။

လူမှာ နေရာဒေသ အစွဲအလမ်း ကြီးသလို၊ အချိန်ကာလနှင့် ပတ်သတ်သော ဥပါဒါန် အစွဲလည်း ကြီးပါသည်။ ကာလ ပညတ်တို့တွင် လူသည် “အတိတ်” ဟူသော ပညတ်ကို လည်းကောင်း၊ “အနာဂတ်” ဆိုသော ပညတ်ကို လည်းကောင်း အလွန် အစွဲကြီး ပါသည်။ ကျွန်ုပ်တို့က “အချိန် (ကာလ)” ဟု ခေါ်သော အရာသည် ဘာလဲ။ ပစ္စုပ္ပန်တွင် ဖြစ်ပေါ်သော အတွေးများ ကျွန်ုပ်တို့မှာ ရှိပါသည်။ ပြန်လည် သတိရ အောက်မေ့ခြင်း၊ ပြန်၍ တွေးတော ဆင်ခြင်ခြင်း၊ သုံးသပ်ခြင်း စသည်တို့ ဖြစ်၏။ ထိုကဲ့သို့ ဖြစ်ပြီးသည်ကို ပြန်တွေးခြင်း၊ ပြန်၍ အောက်မေ့ခြင်း စသည့် စိတ်ကူးများ အားလုံးကို ပေါင်းပြီး ကျွန်ုပ်တို့က “အတိတ်” ဟူသော တံဆိပ်ကို ကပ်ပါတော့သည်။ ထို့နောက် ၎င်းကို ကျွန်ုပ်တို့၏ ပစ္စုပ္ပန်ကို ကျော်လွန်သော တစ်နေရာသို့ ပို့ထားလိုက်ကြ လေသည်။

ထို့အတူ ကျွန်ုပ်တို့သည် အစီအမံ အကြံအစည်များ ကိုလည်း ပြုတတ်ကြ သည်။ သို့မဟုတ် ကြံစည် စိတ်ကူး တတ်ကြ ပါသည်။ ထိုသို့ မဖြစ်သေးသည်ကို ကြံစည် စိတ်ကူးခြင်း များကို ပေါင်းပြီး “အနာဂတ်” ဟု ပညတ် တံဆိပ် ခတ်နှိပ်ကြ ပါတော့သည်။ ပြီးတော့ ထို အနာဂတ်ဆိုသော ပညတ်ကို ကျွန်ုပ်တို့၏ စိတ်ကူးထားသော အမှန်တရား တစ်နေရာသို့ ပို့ထား လိုက်ကြ ပါသည်။ ကျွန်ုပ်တို့သည် ယခု မျက်မှောက် ပစ္စုပ္ပန်တွင် ထို အတိတ်ဆိုသော ပညတ်ကို လည်းကောင်း၊ အနာဂတ် ဆိုသော ပညတ်ကို လည်းကောင်း ဖြစ်ပျက်သည်ကို မြင်ရခဲ ပါသည်။ ကျွန်ုပ်တို့ အတွ့အကြုံမှာ ပေါ်လာသမျှ သဘာဝက ဖွင့်လှစ် ပြသ နေသည်ကတော့ ပစ္စုပ္ပန် ချည်းသာ ဖြစ်၏။

ကျွန်ုပ်တို့သည် ထို ပညတ်များကို အသုံးကျသော ကိစ္စများ အတွက် ဖန်တီးခဲ့ကြခြင်း ဖြစ်၏။ သို့သော် ထိုပညတ် များသည် ကျွန်ုပ်တို့ ဘာသာ စိတ်ကူးဖြင့် ဖန်တီးခဲ့ ကြသော ပညတ် တရားများသာ ဖြစ်ကြသည် ဆိုသော အချက်ကို နားမလည်ဘဲ ထို စိတ်ကူး အယူအဆ များကိုပင် ပရမတ် တရားများဟု ယူဆမိ ကြသော အခါဝယ် ကျွန်ုပ်တို့မှာ အနာဂတ် အတွက် တွေးတော ပူပန်ခြင်းနှင့် အတိတ်က အမှားများ အတွက် နောင်တ ဖြစ်ခြင်း၊ ၀မ်းနည်း ကြေကွဲခြင်း၊ ၀န်ထုပ်ဝန်ပိုး ဖိစီးခြင်းကို လေးလံစွာ ခံစားကြရ လေတော့သည်။ ကျွန်ုပ်တို့သည် ပစ္စုပ္ပန် တည့်တည့်မှာ ပြန်၍ အခြေချ နေထိုင်နိုင်သော ကာလ၀ယ် အတိတ် ဆိုသော အရာ၊ အနာဂတ် ဆိုသော အရာတို့သည် ပစ္စုပ္ပန်၌ ဖြစ်သော အတွေးများ၊ စိတ်ကူးများသာ ဖြစ်ကြောင်းကို နားလည် သဘောပေါက်သော ကာလ၀ယ် ကျွန်ုပ်တို့သည် “အချိန်ကာလ” ဆိုသော ပညတ်၏ နှောင်ဖွဲ့မှု (ကာလ ဥပါဒါန်) က လွတ်မြောက်သွား ပါတော့သည်။

ပညတ် တရားတို့၏ သဘာဝကို ထိုးထွင်း သိမြင်ရန်နှင့် ထို ပညတ်များ အပေါ်တွင် ကျွန်ုပ်တို့သည် မည်မျှလောက် အစွဲ အလမ်း ကြီးနေကြ သည်ကို သိရန် အတွက် ၀ိပဿနာ ဉာဏ်ကို ထူထောင် ခြင်းသည် အသုံးဝင်လှ ပါ၏။ ကျွန်ုပ်တို့မှာ ပစ္စည်း ဥစ္စာတို့ကို “ပိုင်ဆိုင်သည်” ဆိုသော အယူအဆ တစ်ရပ် ရှိကြပါသည်။ ယခု ကျွန်ုပ်တို့ ထိုင်၍ တရား အားထုတ်နေသည့် ဖုံမွေ့ရာက သူ့ကို ဘယ်သူ ပိုင်ဆိုင်သလဲ ဆိုသည်ကို မသိပါ။ ပိုင်ဆိုင်ခြင်း ဆိုသော အယူ အဆသည် အရာဝတ္ထု အမျိုးအမျိုးနှင့် ကျွန်ုပ်တို့ နီးနီးကပ်ကပ် ရှိနေခိုက်၊ ထိုပစ္စည်းကို သုံးစွဲ နေခိုက်မှာ ထို အရာဝတ္ထုကို ငါ ပိုင်ဆိုင်သည် ဆိုသော အယူအဆ ဖြစ်နေပါသည်။ အမှန်မှာ “ပိုင်ဆိုင်ခြင်း” ဆိုသော ပညတ်သည် စိတ်၏ ဖြစ်စဉ် တစ်ခုသာလျှင် ဖြစ်၏။ ထို အယူအဆသည် လောကထဲက ၀တ္ထု ပစ္စည်းများနှင့် ကျွန်ုပ်တို့၏ ဆက်သွယ်ပုံနှင့်ကား တသီးတခြား အလွတ် ဖြစ်၏။ ကျွန်ုပ်တို့သည် “ပိုင်ဆိုင်မှု” ဆိုသော ဥပါဒါန် အစွဲအလမ်း သံယောဇဉ်မှ ကင်းလွတ်သွား ပါက ကျွန်ုပ်တို့ ကိုယ်ကို ၀တ္ထု ပစ္စည်းတို့၏ ကျေးကျွန် ဘ၀က လွတ်မြောက်အောင် ပြုလုပ်လိုက် ခြင်းပင် ဖြစ်ပါတော့သည်။

ဆက်ပါဦးမည်။

ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာမှ…

လေးစားစွာဖြင့်
ဖိုးသား

2/3/2010, WED:, 5:18:22 PM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP