မင်္ဂလာဆောင်တဲ့နေ့
လူတစ်ယောက်အတွက် ရှင်လိင်ပြန်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့နဲ့ ထောင်ကထွက်တဲ့နေ့ ၃ ရက်ဟာ ဘာနဲ့မှမတူအောင် ပျော်စရာကောင်းတယ်ဆိုပဲ။ ကြားဖူးတာပါ။ ဒါပေမယ့် ကျွန်တော် ရှင်လိင်ပြန် တဲ့နေ့ကတော့ မပျော်မိပါဘူး။
မင်္ဂလာဆောင်တဲ့နေ့နဲ့ ထောင်ကထွက်တဲ့နေ့ကတော့ မကြုံဖူးတော့ မပြောနိုင်သေးဘူး။ ကြုံဖူးခဲ့ရင်တော့ ပျော်မိမယ်ထင် ရတာပဲ။ ဒါပေမယ့် ဒီနေ့ပြောမယ့် မင်္ဂလာဆောင်တဲ့နေ့ ဆိုတာကတော့ ထို အာဝါဟ ၀ိဝါဟ ထိမ်းမြားမင်္ဂလာနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ။ မင်္ဂလာဆောင်တဲ့နေ့ရယ်လို့ အတိုပြောရပေမယ့် တကယ်ကြတော့ မင်္ဂလာကိုဆောင်တဲ့နေ့၊ မင်္ဂလာ တရားကို ဆောင်တဲ့နေ့ လို့ဆိုလိုချင်တာပါ။ ဒီခေါင်းစဉ်လေးကို ကြိုက်လွန်းလို့ ဆရာတော်အရှင်ဆန္ဒာဓိက ဟောတဲ့ မင်္ဂလာဆောင်တဲ့နေ့ တရားကနေကူးယူထားတာပါ။
မင်္ဂလာဆိုတဲ့ စကားကို တို့ပတ်ဝန်းကျင်မှာ တွင်တွင်ကျယ်ကျယ်ကိုပဲ အသုံးပြုနေတာ စာဖတ်သူလည်း သိမှာပါပဲ။ မင်္ဂလာ ဆိုတာ ဘာလဲ ဆိုတာကိုတော့ စဉ်းစားခဲ့ဖူးသူ နည်းကြမယ်ထင်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ထင်ရာ၊ ကိုယ်မြင်ရာကို မင်္ဂလာလုပ်နေကြတာက များနေတာပါ။ မြတ်စွာဘုရားရှင်က ၃၈ ပါးသော မင်္ဂလာတရားတော်မြတ်ကို အတိအလင်း ဟောကြားတော် မူခဲ့ပါတယ်။ ထိုမှလွဲ၍ မိမိဆန္ဒအရ ထင်မြင်ယူဆသော အရာများသည် မင်္ဂလာမမည်ပါ။
မင်္ဂလာတရားဖြစ်ပေါ်လာပုံကလည်း စိတ်ဝင်စားစရာပါပဲ။ သတိထားမိကြလားမသိဘူးဗျ။ မြတ်စွာဘုရားရှင် မပွင့်ထွန်းခင် ကတည်းက မင်္ဂလာတရားအကြောင်းကို လူတွေ နတ်တွေ အခြေအတင်ငြင်းခုန်နေကြတယ်ဆိုပဲ။ သူတို့ငြင်းနေတာကို အပြစ်ပြော လို့တော့မရဘူး။ ချီးကျုးဖို့တောင်သင့်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့က အစစ်အမှန်မင်္ဂလာကို သိချင်ကြလို့ ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ ငြင်းခုန်ကြ လုပ်နေတာလို့ ကျွန်တော်ထင်မိပါတယ်။ တို့ဝန်းကျင်က လူတွေကတော့ ထိုခေတ်ကလူ တွေလောက်ကိုမှ အဖြစ်မရှိဘူးပြောရမှာပါ။ တွေ့ကရာ ယုံပြီး၊ ထင်ရာမြင်ရာ မင်္ဂလာလုပ် နေကြလို့ပါ။
ဘုရားရှင်တော် မပွင့်ပေါ်ခင်တည်းက ကောင်းတာလေး မြင်ရတာ မင်္ဂလာ၊ ကောင်းတာလေး ကြားရရင် မင်္ဂလာ၊ ကောင်း တာလေး နံသိရရင် မင်္ဂလာပဲလို့ ယူဆကြပါတယ်။ ဒီတော့ ကိုယ်က ကောင်းတာမြင်ချင်တယ်။ မြင်လိုက်ရတာက မကောင်းတာ ဖြစ်နေရင် မင်္ဂလာမရှိလိုက်တာလို့ ပြောတတ်ကြပါတယ်။ တစ်ခါတစ်လေ လမ်းမှာ အသုဘတွေရင် တစ်ချို့ ကမင်္ဂလာမရှိလိုက်တာလို့ မြင်တယ်လေ။ တစ်ချို့ကတော့ အတိတ်နိမိတ်တောင် ကောက်လိုက်သေးတယ်။ ခရီးသွားရင် လမ်းမှာ မြွေတွေ့ရင် ခရီးလမ်းကြောကတော့ ရှည်ဦးမှာပဲလို့ ပြောတတ်ကြတာ ကြားဖူးပါရဲ့။ တစ်ချို့တော့လည်း ပြောကြ တာက နင့်မျက်နှာ မြင်ရတာကိုက မင်္ဂလာမရှိဘူး …… ဆိုပဲ။
ခေါင်တိုင်ထိပ်ကနေ အိမ် မြှောင်စုပ်ထိုးတာကို ကြားလိုက်တာနဲ့ စုပ်တွေလာဘ်တွေ ၀င်ဦးမှာပဲ၊ မင်္ဂလာရှိလိုက်တာလို့ တစ်ချို့တော့ ဆိုတတ်ပါသေးတယ်။ ကုန်ကုန်ပြောရရင် မနက်ခင်းစောစောမှာ စိုးစန္ဒာထွန်းဆိုတဲ့ မေတ္တာပို့သီချင်းလေး ဖွင့်လိုက်ရရင် မနက်ခင်မှာ မင်္ဂလာရှိလိုက်တာလို့ကို ဆိုကြသေး တာကို။ ဒီတော့ စဉ်းစားစရာတွေကများလာပါပြီ။ မေတ္တာပို့ကို သီဆိုတဲ့ အဆိုတော် အမျိုးသမီးအသံကို ကြားရတာ မင်္ဂလာရှိတာလား။ မေတ္တာပို့တာက မင်္ဂလာရှိတာလားဆိုတာပါပဲ။ ဒါကြောင့် ကိုယ်က ကောင်းတယ်ထင်တာမြင်ရလို့ မင်္ဂလာလို့ သတ်မှတ်လိုက်တဲ့အချိန်မှာ၊ မကောင်းတာမြင် လိုက်ရရင် အမင်္ဂလာ ပဲ၊ မင်္ဂလာမရှိဘူးလို့ သတ်မှတ်ပြီးသား ဖြစ်သွားပါတယ်။
နောက်ရှိသေးတာတွေက ရက်ရာဇာ၊ ပြဿဒါးရွေးတာတွေပါပဲ။ ရက်ကောင်းရက်မြတ်ရွေးပြီးလုပ်မှ အောင်မြင်မယ်။ အဆင်ပြေမယ်။ ဒီလိုနဲ့ မင်္ဂလာနေ့ရက်တွေ၊ မင်္ဂလာအချိန်တွေနဲ့ အရှုပ်တွေကိုဖြစ် လို့နေတော့တာပါပဲ။ ဒါပေမယ့်လည်း ကိုယ့်အကြိုက်မို့ ပင်ပန်းရကောင်းမှန်းတောင် မသိကြပါဘူး။ ရက်ရာဇာ ပြဿဒါးရွေးပြီး တည်ခဲ့တဲ့ ပုဂံကဘုရားတွေလည်း ပြိုလဲခဲ့ကြတာပါပဲ။ နဂါးခေါင်း တောင်းမြောက်ကြည့်ပြီး လက်ထပ်ခဲ့ကြတဲ့ အိမ်ထောင်တွေလည်း မမြဲကြပဲ ကွဲကြတာပါပဲ။ ဘာတွေများ ထူးလာလို့လဲ။ မထူးတဲ့ အလုပ်တွေကို အသိဉာဏ်မရှိ ဇွတ်မှိတ်လုပ်တတ်လွန်းတာလည်း လူတွေပါပဲ။ ဒါကြောင့်ပဲ အရူးတွေလို့ ပြောတာထင်ပါရဲ့။
ဤကဲ့သို့ ကိုယ်ထင်မြင်ရာ ကိုယ့်မင်္ဂလာ မဖြစ်ရအောင် မြတ်စွာဘုရားရှင်တော်မြတ်က ၃၈ ဖြာမင်္ဂလာ တရားမြတ်ဒေသနာကို သဗ္ဗလောက ဟိတတ္ထာယ- လောကအားလုံး၏ အကျိုးစီးပွားအလို့ငှာလည်းကောင်း၊ သဗ္ဗပါပ ၀ိနာသနံ- အလုံးစုံသော မကောင်းမှုမှန်သမျှ ပယ်ဖျောက်ရန်အလို့ငှာလည်းကောင်း ဟောကြား တော်မူခဲ့ပါတယ်။ ဒါကြောင့်မင်္ဂလာဆိုတာ မကောင်းမှုတရားတို့ကို ပယ်ဖျောက်၍ ကောင်းမှုတရားတို့ဖြင့် ကြီးပွားတိုးတက်စေခြင်းလို့ ဆိုရမှာပါပဲ။ ဒါကို မင်္ဂလာရဲ့ အဓိပ္ပါယ်လို့ ပြောကြည့်ကြပါစို့။ မကောင်းမှုတရားကို ပယ်သတ်၍ ကောင်းမှုတရားကို တိုးပွားစေတာ မင်္ဂလာ။
ဒီလိုဆိုရင် မိမိမြင်လိုက်ရတဲ့ အဆင်းလေးတစ်ခုဟာ အကုသိုလ်ဖြစ်စေတဲ့တရားတွေကို ပယ်သတ်စေနိုင် သလား။ ကုသိုလ် တရားတို့ကို တိုးပွားစေနိုင်သလား ဆိုတာ စဉ်းစားကြည့်ရပါမယ်။ ပယ်သတ်နိုင်တယ်။ တိုးပွားစေနိုင်တယ်ဆိုရင် မင်္ဂလာ ထိုက်တယ်။ မပယ်နိုင်ဘူး။ အကုသိုလ်ပဲ ဖြစ်စေတယ်ဆိုရင် မင်္ဂလာ မမည်ပါဘူး။ ကြားရတဲ့အခိုက်မှာလည်း ထို့အတူပါပဲ။ ကြားလိုက်ရလို့ ကုသိုလ်တွေတိုးလာသလား၊ အကုသိုလ်တွေ ပယ်သွားသလား။ ပယ်လည်း ပယ်နိုင်တယ်။ ကုသိုလ် လည်းတိုးနိုင်တယ်ဆိုရင် မင်္ဂလာ။ ဒီတော့ မိမိ မြင်လိုက်ရတဲ့ အဆင်းလေးတစ်ခု၊ ကြားလိုက်ရတဲ့ အသံလေးတစ်ခုဟာ မင်္ဂလာ မဟုတ်ပါပဲနဲ့ မင်္ဂလာလို့ ယူဆခြင်း၊ ထင်မြင်ခြင်းသည် မှန်သောအမြင်၊ မှန်သောအယူမဟုတ်လို့ မိစ္ဆာဒိဋ္ဌိလို့ ဆိုပါတယ်။
ကိုယ်ထင်ရာ မင်္ဂလာ၊ ကိုယ်မြင်ရာ မင်္ဂလာဖြစ်နေတဲ့အတွက် ပယ်သတ်ရမယ့် အကုသိုလ်ကို မပယ်သတ်မိတဲ့ အတွက် သဿတဒိဋ္ဌိဖြစ်နေတယ်။ ပွားများအပ်တဲ့ ကုသိုလ်တရားကို မပွားများလိုက်မိတဲ့အတွက် ဥစ္ဆေဒ ဒိဋ္ဌိဖြစ်နေတယ်။ သို့ပါသောကြောင့် ကိုယ်ထင်ရာ ကိုယ်မြင်ရာကို မင်္ဂလာမလုပ်ပဲနဲ့ မင်္ဂလာအစစ် မင်္ဂလာအမှန်ကို လက်ခံကျင့်သုံးခြင်းသည် သမ္မာဒိဋ္ဌိဖြစ်နေတယ်။ ဒါ့အပြင် သမ္မာပရိဗ္ဗာဇနိယသုတ္တန်ကြီး မှာလည်း မြတ်စွာဘုရားရှင်က ကိုယ့်အထင်ကိုယ့်အမြင် မင်္ဂလာတွေကို ရှောင်ခွါနေခြင်းဟာလည်း တရား ကျင့်နေတာပါပဲလို့ ဟောတော်မူခဲ့ပါတယ်။ အမြင်ပြောင်းမှ အစဉ် ကောင်းမယ်ဆိုတာကို မမေ့ပါနဲ့ဦး။ ဒါကြောင့် မင်္ဂလာမဟုတ်တာတွေကို ရှောင်ခွာနေပြီး တကယ့် မင်္ဂလာအစစ်ကို ဆောင်ထားနိုင်အောင် ကြိုးစားနိုင်ကြဖို့ နှစ်ဦးကာလ တိုက်တွန်းလိုက်ရပါတယ်။
ဒီနေ့ကစပြီး မင်္ဂလာတရားကို ဆောင်ထားတော့မယ်… မင်္ဂလာတွေဆောင်တော့မယ်ဆိုရင်ဖြင့် ဒီနေ့ဟာ ကိုယ့်ရဲ့ မင်္ဂလာဆောင်တဲ့နေ့ပါပဲ။
နှစ်ဦးကာလမှာ မင်္ဂလာနဲ့စမိတာမို့ မင်္ဂလာအရေးကို ဖြေးဖြေးချင်း နားလည်မိသမျှ ဆွေးနွေးပေးသွားပါဦးမယ်။ ဓမ္မမိတ်ဆွေ များအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

0 comments:
Post a Comment