* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 5, 2009

ဥပုသ်နေ့နှင့်စပ်၍ မှတ်သားဖွယ်


လပြည့်, လကွယ်, ရှစ်ရက်နေ့တို့ကို ဥပုသ်နေ့ဟု ဘုရားရှင် သတ်မှတ်ဟောကြားခဲ့သလော...?

လူအများ ဥပုသ်စောင့်ကြတဲ့အခါ လပြည့်, လကွယ်, ရှစ်ရက် အဲဒီ သုံးရက်ကိုသာ ဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်စောင့်ရမည်ဟုယူကာ ကျောင်းကန်ဘုရားသို့ ဥပုသ်စောင့်သွားကြခြင်းသည် မြတ်စွာဘုရားသခင်က ဒီသုံးရက်ကို ဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်စောင့်ရမည်ဟု သတ်မှတ် ဟောကြားထားခဲ့ခြင်းလား။

လူအများ ဥပုသ်စောင့်သုံးရန်အတွက် ရက်ကို သတ်မှတ်ပြီး ဘယ်နေ့ ဘယ်ရက်များဟာ ဥပုသ်နေ့ဖြစ်သည်၊ ထိုနေ့ ထိုရက်တို့၌ ဥပုသ်သီတင်း စောင့်သုံးကြရမည်ဟု ဟောကြားတော်မူထားတာ ပိဋကတ်တော်မှာ မပါ၊ မရှိပါဘူး။ ကိုယ်က သီတင်းသီလစောင့်သုံးချင်လို့ ဥပုသ်စောင့်တဲ့နေ့ဟာ ကိုယ့်အတွက် ဥပုသ်နေ့ ဖြစ်တာပါပဲ။ လပြည့်, လကွယ်, ရှစ်ရက် သီတင်းမှသာ ဥပုသ်နေ့ဖြစသည် ဥပုသ်စောင့်ကောင်းသည်ဟု နေ့ရက် သတ်မှတ်ချက်နဲ့ ဘုရား မဟောကြားခဲ့ပါဘူး။
ဒါဖြင့် ဆရာတော်အချို့ လပြည့်, လကွယ်, ရှစ်ရက် သီတင်းဥပုသ်နေ့၌ နတ်မင်းကြီးများက ဥပုသတ်စောင့်သူစာရင်း လိုက်ယူမှတ်သားကြတယ်၊ တစ်လမှာ အဲဒီဥပုသ်နေ့ လေးရက် လေးသီတင်း လောက်တော့ ဥပုသတ်စောင့်ကြရမည်ဟု ဘုရားမြတ် ဟောကြားတော်မူကြောင်းနဲ့ ဟောပြောဆုံးမ ပေးနေကြတာဟာ ပိဋကတ်တော်မှာ မပါတဲ့ တရားစကားတွေပဲလား၊
အဲဒါတော့.. မြတ်စွာဘုရားရှင်က လပြည့်, လကွယ်, ရှစ်ရက်နေ့တို့ဟာ လူများ သီတင်းသီလစောင့်ရမည့် ဥပုသတ်နေ့လို့ ဟောကြားကြောင်း ပိဋကတ်တော်မှာ မပါလို့ မဟုတ်ပါဘူး၊ ပါ ပါတယ်၊ ဒါပေမယ့် အဲဒီ ပါတဲ့ စကားရပ် ပေါ်ထွက်လာရင်း အကြောင်းမှန်ကတော့ ရှေးသရောအခါက နတ်တို့၏ ဘုရင်ဖြစ်သော သိကြားမင်းသည် “စတုမဟာရာဇ်နတ်မင်းကြီးများ ဖြစ်ကြကုန်သော ဓတရဋ္ဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရ” ခေါ်သော ဝေဿ၀ဏ် နတ်မင်းကြီး လေးယောက်တို့က လူ့ပြည်သို့ လှည့်လည်၍ ဥပုသ်သီတင်းစောင့်သုံးခြင်းရှိကြကုန်သော သူတော်ကောင်းတို့၏ စာရင်းကို ကောက်ယူ ရေးမှတ်ကြကာ သိကြားအင်းအား တင်ဆက်လျှောက်ထားကြတာကို” ခံယူလျက် သိကြားမင်းက တဆင့် တာဝတိံသာနတ်တို့အား ဟောကြားပုံက..

“အို.. နတ်အပေါင်းတို့ လူ့ရွာလောက၌ လူအများသည် စာတုဒ္ဒသီ= တစ်ဆယ့်လေးရက် (ရက်မစုံ) ဥပုသ်နေ့၊ ပန္နရသီ= တစ်ဆယ့်ငါးရက် လပြည့်, လကွယ်၊ အဋ္ဌမီ=ရှစ်ရက်သီတင်းနဲ့ ပါဋိဟာရိယခေါ်သော လူတို့ စောင့်သုံးလိုသည့်နေ့တို့၌ ဥပုသ်သီတင်းစောင့်သုံးခြင်း ပြုကြကုန်၏”ဟု သိကြားမင်းက နတ်တို့အား ပြောကြားတဲ့ အကြောင်း စကားရပ်ကို မြတ်စွာဘုရားက တဆင့်အားဖြင့် လူတို့အား ဟောကြားထားခြင်းသာ ဖြစ်ပါတယ်။
အဲဒါကတော့ ပိဋကတ်တော်မှာပါတဲ့ ဘုရားဟော စကားတော်ပါ။ အဒီ စကားရပ်တွေထဲမှာ ဆန်းစစ်ကြည့်လိုက်ရင် ဥပုသ်နေ့ရက်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားသခင်က လပြည့်, လကွယ်, ရှစ်ရက်နေ့တို့ဟာ ဥပုသ်နေ့ ဖြစ်တယ်၊ ဥပုသ်သီတင်းစောင့်ကြရမယ်၊ အဲဒီနေ့ရက်များမှာ စောင့်တဲ့သူမှာသာ ဥပုသ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် ဟောကြားချက် စကားတစ်ခွန်း၊ တစ်ပါဒမှာ မပါပါဘူး၊ ကိုယ်စောင့်သုံးနိုင်သလောက် ကောင်းကျိုး ချမ်းသာရမှာချည်းပဲ ဖြစ်ပါတယ်။ စောင့်ချင်တဲ့ နေ့မှာ ဥပုသတ်သီတင်း စောင့်နိုင်ပါတယ်။
အမှန်ကတော့ အခုဖော်ပြခဲ့တဲ့ ဥပုသ်နေ့ အမည်အမျိုးမျိုးတွေဟာ ရှေးရှေး ပေါရာဏ သူဟောင်း လူဟောင်း သူတော်ကောင်းတို့က သူတို့စောင့်သုံးလို့တဲ့ နေ့မှာ ဥပုသ်သီတင်းစောင့်သုံးကြပြီးတော့ စတုဒ္ဒသီ (၁၄-ရက်ဥပုသ်နေ့)၊ ပန္နရသီ (၁၅-ရက် ဥပုသ်နေ့)၊ အဋ္ဌမီ (၈-ရက် ဥပုသ်နေ့)၊ ပါဋိဟာရိယ (စောင့်သုံးလိုသည့်နေ့၌ ဥပုသ်စောင့်ခြင်း) ဟူ၍ ဥပုသ်နေ့တွေကိ သူတို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြတဲ့ ဥပုသ်နေ့ အမည်အမျိုးမျိုးတွေကို အစွဲပြုကာ မြတ်စွာဘုရားကတဆင့် ဟောကြားထုတ်ဖော်ခြင်းမျှသာ ဖြစ်တယ်လို့ မှတ်ကြရမှာပါ။ ဤနေ့ ဤရက်များမှသာ စောင့်သုံးရမည်၊ အခြားနေ့များ၌ ဥပုသ်သီတင်း မစောင့်ရဟု မြတ်စွာဘုရားက နေ့ရက်ကို မသတ်မှတ် မဟောကြား မဆုံးမခဲ့ဘူးဆိုတာကကို မှတ်သားရမှာပါ။
အထက်ပါစကားရပ်များနှင့် ပတ်သက်၍ ဘုရားဟောဖော် သာဓကများကတော့...
သုတ္တန္တပိဋက၊ သုတ်မဟာဝါပါဠိတော်၊ မဟာသုဒဿနသုတ်အဖွင့် ဋီကာဆရာတော်ဖွင့်ပြထားတာကို တင်ပြပါမယ်..
ဥပေါသထံ ၀ုစ္စတိ အဋ္ဌင်္ဂသမန္နာဂတံ၊
သဗ္ဗဒိဝသေသု ဂဟဋ္ဌေဟိ ရက္ခိတဗ္ဗသီလံ။
“ဥပုသ်ဆိုတာ ဘယ်နေ့မှာ မဆို ကိုယ်စောင့်လိုသော နေ့တို့၌ လူတို့သည် စောင့်သုံးဆောက်တည်နိုင်သော အင်္ဂါ ရှစ်ပါးနဲ့ ပြည့်စုံတဲ့ သီလကို ဆို၏”ဟု မိန့်ဆို ဆုံးဖြတ်တော်မူထားပါတယ်။ အဲဒါဟာ ကျမ်းဂန်စကားပါပဲ။

ဒီပါဠိစကားရပ်ထဲမှာ အဋ္ဌင်္ဂ (၈)ပါးသီလလို့ပဲ ဆိုထားတယ်။ တကယ်လို့ န၀င်္ဂ (၉- ပါးသီလ)၊ ဒသင်္ဂ ( ၁၀-ပါးသီလ)တို့ကို လူပုဂ္ဂိုလ်တွေ မစောင့်သုံးကောင်းဘူးလားဆိုတော့၊ မဟုတ်ပါဘူး၊ စောင့်သုံးကောင်းပါတယ်။ ကုသိုလ်ဆိုတာ များလေး ကောင်းလေပါပဲ။ ၉-ပါးသီလ၊ ၁၀-ပါးသီလတင်မကပါပဲ တတ်နိုင်ရင် (၂၂၇) သွယ်သော ရဟန်းတော်တွေ စောင့်ထိန်းတဲ့ သီလတွေကိုလည်း စောင့်သုံးနိုင်ပါတယ်။

ကျမ်းကိုး-- သုတ်မဟာဝါ
သုတေသန သမ္မာမဂ္ဂင်္ဂ ပဉှာကျမ်း


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP