* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 9, 2009

*သေခြင်းတရားနှင့် မေတ္တာ-၃*

ဝိပဿနာ ကျင့်စဉ် တစ်ခုလုံးသည် လောကတွင် ဖြစ်ပျက်နေသော ရုပ်နာမ် ဓမ္မတို့အား ဘယ်ပုံဘယ်နည်း ဖြစ်ပျက် နေကြသည်ကို ဟုတ်တိုင်းမှန်စွာ သိမြင်အောင် ရှုရုံသာ ရှုနေကြခြင်း ဖြစ်ပါသည်။ ထို အဖြစ်အပျက်တို့ အပေါ်မှာ ကပ်ငြိပြီး တုန်လှုပ်သော စိတ်ဖြစ်ဖို့ မဟုတ်ပါ။ မတုန်လှုပ်သော စိတ်ဖြင့် ဖြစ်ပျက်နေသော မျက်မှောက်ကာလကို ရင်ဆိုင်ရန်သာ ဖြစ်ပါသည်။ အိန္ဒိယမှ ကမ္မဋ္ဌာနာ စရိယတစ်ဦးက ပြောပါသည်။ သင်လုပ်ရမှာကတော့ ထိုင်နေရုံပါပဲ၊ အဲဒီလို သိနေရင် တရားအားလုံး အလိုလို ပေါ်လာလိမ့်မယ်၊ သဘာဝတရားရဲ့ နိယာမတွေ ပေါ်လွင် ထင်ရှားလာတာကို သင်ကိုယ်တိုင် ထင်ထင်ရှားရှား မြင်ရမယ်၊ ဒီအခါ တရားဟာ သင့်ကိုယ်မှာ ရှိတယ်ဆိုတာ အမှန်အကန် သိသွားလိမ့်မယ်ဟု ဆိုပါသည်။

ဤ ကိုယ်ကာယပိုင်း ဆိုင်ရာ ဆင့်ကဲ ဖြစ်ပေါ်မှု ဖြစ်စဉ်တွင် ဟန်ချက်ညီမှုနှင့် အတွယ်အတာ ကင်းပျက်သွားမှု သဘောပေါက် လာသည်နှင့် တစ်ပြိုင်နက် လှပသော လွတ်မြောက်သော စိတ်၏ အရည်အသွေးများလည်း စတင်၍ ပေါ်ထွက်လာပါ တော့သည်။ ထိုစိတ် အရည်အသွေးများ အနက် တစ်ခုမှ မေတ္တာပင် ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကို ချစ်ခင် မြန်နိုးခြင်း သဘောသည် ဖြစ်ပေါ်လာပါ တော့သည်။ ဤမေတ္တာကား တစ်စုံတစ်ခုသော အကြောင်းကြောင့် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်ပါ။ ထိုကဲ့သို့ အကြောင်း တိုက်ဆိုင်၍ အကြောင်း အားလျော်စွာ ဖြစ်သော ချစ်ခြင်း မေတ္တာမျိုးက ခိုင်မြဲသော မေတ္တာမျိုး မဟုတ်ပါ။ ထိုအကြောင်း ပျောက်သွားလျှင် ထိုမေတ္တာလည်း ပျောက်သွားနိုင် ပါသည်။ ဤမေတ္တာကား အရောင်းဝယ် သမားများ ထားသော မင်းငါ့ကိုချစ်ရင် ငါကလည်း မင်းကို ချစ်မှာပဲ ဆိုသော မေတ္တာမျိုး မဟုတ်ပါ။

ပညာကို အကြောင်းခံ၍ ၀ိပဿနာဉာဏ် ဖြစ်ပေါ်လာသော မေတ္တာကား အကြောင်းကြောင့် ဖြစ်သော အကျိုးမေတ္တာ မဟုတ်ပါ။ ဤကား တစ်လောကလုံးကို ဖြန့်ကျက်၍ ထားအပ်သော မေတ္တာမျိုးသာ ဖြစ်ပါသည်။ သတ္တ၀ါအားလုံး၏ အကျိုးကို လိုလားသော စိတ်သဘောထား မျိုးသာ ဖြစ်ပါသည်။ ဘယ်သူ ဘယ်ဝါအတွက်ဟု သတ်မှတ် ရည်စူးထားသော မေတ္တာမျိုးမဟုတ်၊ အမှန်စင်စစ် အကန့်အသတ် မထားသော မေတ္တာမျိုးသာ ဖြစ်၏။ ပြည့်စုံစေမှု၊ ပြီးပြတ်စေမှု အတွက် သူတစ်ပါးကိုလည်း မျှော်မကြည့်၊ တစ်စုံတစ်ရာ လိုလားမှုဖြင့်လည်း မဆက်စပ်၊ အကန့်အသတ် မရှိ ဖြာထွက်သော မေတ္တာမျိုးသာလျှင် ဖြစ်ပါသည်။

နောက်ထပ် ဖြစ်ပေါ်လာသော စိတ်၏ အရည်အသွေး တစ်ရပ်မှာ အကြင်နာ တရား (ကရုဏာ) ဖြစ်ပါသည်။ ဤ ကရုဏာ တရားသည် ကိုယ့်ကိုယ်ကို သနားခြင်း၊ သူတစ်ပါး အတွက် သနား ကြေကွဲခြင်းမျိုး မဟုတ်ပါ။ မိမိ၏ ဆင်းရဲ ဒုက္ခနှင့် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို အသိအမှတ် ပြုခြင်းသည်သာ ကရုဏာ ဖြစ်ပါသည်။

ပါဠိစကား “ကိလေသာ” ကို အင်္ဂလိပ်လို (deilement) ဟု ဘာသာ ပြန်ပါသည်။ ထိုစကား အရာမူ ညစ်ညမ်းမှု၊ မသန့်ရှင်းမှုဟုသာ အနက်ရပါသည်။ ပိုပြီး တိတိကျကျ ဘာသာ ပြန်ရလျှင် ကိလေသာသည် စိတ်ကို ညစ်ညူးစေခြင်း၊ စိတ်ကို နှိပ်စက် ညှင်းပန်းခြင်း ဟူသော အနက်ကိုသာ ရပါသည်။ ဒေါသ အတွေ့အကြုံသည် လည်းကောင်း၊ လောဘ အတွေ့အကြုံသည် လည်းကောင်း အလုံးစုံသော ကိလေသာ တရားတို့သည် စိတ်ကို ဆင်းရဲအောင် ပြုလုပ်သော သဘောချည်းသာ ဖြစ်ကြပါသည်။ ထိုအချက်သည် ထိုတရားများကို ၀ိပဿနာ ရှုသော အခါမှာ ပို၍ ပို၍ ပေါ်လွင် ထင်ရှားစွာ သိသာနိုင်ပါသည်။

တရားထိုင်သော အခါ ကျွန်ုပ်တို့၏ ရုပ်ကို လည်းကောင်း၊ စိတ်ကို လည်းကောင်း ထိခိုက်အောင် ပြုတတ်သော သဘော ရှိကြောင်းသည် ပိုမို ထင်ရှား လာပါသည်။ ဓမ္မ၏ သဘောကို သိမြင် နားလည်လာသည်နှင့် အမျှ ထိုတရားများ ပေါ်လာသော အခါ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ပို၍ ကရုဏာ ဖြစ်ရပါသည်။ ကိုယ့်ကိုယ်ကို စီရင် ဆုံးဖြတ်ဖို့၊ အပြစ်တင်ဖို့ထက် ပို၍ သနားကြင်နာဖွယ် ကောင်းပါတော့သည်။ ထို့အတူပင် အခြားသူတို့ မှာလည်း တဏှာ၊ မာန၊ ဒိဋ္ဌိ စသော ကိလေသာ တရားတို့ နှိပ်စက် ခံနေရသည်ကို မြင်ရသော ကာလ တရားကို သိသောသူ အဖြစ်ဖြင့် ၎င်းတို့ကို အပြစ်တင်ရမည့် အစား သနားကြင်နာသော စိတ်ကသာ ပိုမို များပြားလာပါ တော့သည်။ လူသားအားလုံး ဆင်းရဲဒုက္ခ ဘုံထဲမှာ တွယ်ငြိနေကြ ရသည့် အဖြစ်ကို မြင်သိသော အခါ အချင်းချင်း သနား ကရုဏာ ပိုလာရပါသည်။

ဆက်လက် ဖော်ပြပါမည်။

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။

လေးစားစွာဖြင့်
ဖိုးသား


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP