အသက်နဲ့ ရင်းနှီးခဲ့ရသော သင်ခန်းစာ...
စက်လှေကြီးတော့ စထွက်ပြီ။ ကျွန်တော်လည်း စက်လှေရဲ့ ပဲ့ပိုင်းလေးမှာ ထိုင်ရင်း ခဏတာမျှ ခွဲခွာရမည်ဖြစ်သော ဇာတိချက်ကြွေ မွေးရပ်မြေလေးကို လွမ်းတသသနဲ့ ငေးမောကြည့်နေမိတယ်။ ပင်လယ်ကမ်းစပ်က ကျွန်းလေးတွေမှာလည်း ထုံးစေတီလေးတွေက သတိသံဝေဂ ရရှိစေဖို့ သတိပေးနေသည့် အလား။
ဆိပ်ကမ်းကနေ စက်လှေကြီးဟာ တရွေ့ရွေ့နဲ့ ထွက်ခွာနေပြီ။ မကြာမီမှာပဲ ပင်လယ်ပြင်ကြီး အထဲမှာ ခုတ်မောင်းရင် ခရီးနှင်ရတော့မှာပါလား။ သန့်ရှင်းလတ်ဆတ်လှတဲ့ ပင်လယ်လေပြေတွေကတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ထွေးပွေ့ရင်း လန်းဆန်းမှုလေးတွေ ပေးကာ မိတ်ဆက်နေကြရှာတယ်။
ပင်လယ်ပြင်ကြီးမှာ တံငါသည်တွေကလည်း လှေငယ်လေးတွေနဲ့ ပိုက်ကွန်ပစ်နေကြတာကို တွေ့လိုက်ရတယ်။ တံငါသည်တွေဟာ ငါး၊ ပုစွန်တွေကို ရရှိဖို့အတွက် မိုးရွာရွာ နေပူပူ ရာသီဥတုဒဏ်ကို အံတုရင်း အသက်စွန့်ဆံဖျား အလုပ်လုပ်နေကြရတယ်။
ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ ဆိုတဲ့ စကားပုံလေး အတိုင်းပါပဲ။ ယောက်ျားတွေကလည်း သက်စွန့်ဆံဖျား ဖောင်စီးရင်း စီးပွားရှာ ခရီး ထွက်နေရတယ်။ မိန်းတွေကလည်း သက်စွန့်ဆံဖျား မီးတွင်းအထဲမှာ မီးဖွားနေရတယ်။ ဒီလို အချိန်တွေဟာ မိမိအသက်နဲ့ ထပ်တူ ပေးဆပ်နေကြရတဲ့ အချိန်တွေပဲလေ။
ပင်လယ်ပြင်အထက် မိုးကောင်းကင်ကြီးကို ကြည့်လိုက်ပြန်တော့လည်း အမျိုးစုံလှတဲ့ ငှက်အုပ်စုတွေဟာ အသံလေးတွေ ဆူညံသံပေးရင်း အစာရှာဖို့ တစ်နေရာက တစ်နေရာကို ပျံသန်းနေကြရှာတယ်။
သြော်…၀မ်းစာရေးအတွက် သူသူကိုယ်ကိုယ် မိုးလင်းကနေ မိုးချုပ်တဲ့အထိ ရုန်းကန်လှုပ်ရှား နေကြရတာပဲလား။ ဘ၀ဆိုတဲ့ ရှင်သန်ခြင်းလေး တစ်ခုကို ဖြည့်ဆည်းနိုင်ဖို့အတွက် ပါပဲ။
သူများတွေကိုသာ ကျွန်တော်က ပြောနေတာ။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ပြန်ပြောရဦးမယ်ဗျ။ ကျွန်တော်ကလည်း ဒီစက်လှေကြီးနဲ့အတူ ခရီးထွက်နေရတာက ကျွန်တော့်ရဲ့ ကုန်ပစ္စည်းတွေဟာ ဒီလှေကြီးအထဲမှာ ပါတယ်လေ။ စုဆောင်းထားတဲ့ ကျွန်တော့်ရဲ့ ငွေလေးတွေနဲ့ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေကို နိုင်သလောက် ၀ယ်ပြီး ဒီစက်လှေနဲ့ သယ်လာတာ။ မြန်မာပြည်ရဲ့ ကမ်းရိုးတန်း မြို့တစ်မြို့မှာ သွားရောင်းမယ်လေ။
ကျွန်တော်ကတော့ စာရင်းလေး တွက်နေမိတယ်။ ကျွန်တော့်မှာ အခု ပါလာတဲ့ ကုန်ပစ္စည်းက ဘယ်လောက်။ ပြန်ရောင်းရင် အမြတ်ဘယ်လောက် ရနိုင်တယ်ပေါ့။ အမြတ်ရမယ့်အရေး တွေးရင်းတွေးရင်းနဲ့ စိတ်ထဲမှာ ပျော်နေတာပဲ။ ဒါပေမဲ့ ဒီစက်လှေကြီးက ပင်လယ်ပြင်ထဲမှာ ဘယ်နှစ်ရက် ခရီးနှင်နေမလဲ ကျွန်တော်လည်း အတိအကျ မပြောတတ်သေးဘူး။
ပြီးတော့ စက်လှေမောင်းနေတဲ့ ပဲ့ကိုင်ပေါ့။ အဆင့်မြင့်မြင့် ပြောရရင် သဘောင်္ကပ္ပတိန်ပေါ့နော်။ အဲဒီ ကပ္ပတိန်ကိုလည်း သွားမမေးရဲဘူးဗျို့။ တချို့လူတွေက အယူရှိတယ်လေ။ ခရီးသွားတဲ့ အခါကျရင် ဘယ်အချိန်ရောက်မလဲ ဆိုတာ မမေးရဘူးတဲ့။ ဘာဖြစ်တတ်တယ်။ ညာဖြစ်တတ်တယ် ဆိုလားပဲ။
သူတို့ကသာ ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုပြီး အယူသည်းနေကြတာ။ ကျွန်တော်ကြားဖူးတာကတော့ နိုင်ငံခြားမှာ ဆိုရင် လေယာဉ်တွေ၊ ရထားတွေ ဒီမြို့ကနေ ထွက်ရင် ဟိုမြို့ကို ဘယ်အချိန်ရောက်မယ် ဆိုပြီး အချိန်တွေကို အတိအကျ ကြေညာပေးထားတာ တဲ့လေ။ မြန်မာပြည်မှာကတော့ ဘစ်(စ်) ကား စီးတာတောင် ကားရဲ့အရှေ့ခန်းမှာ စာတန်းလေး ရေးထားသေးတယ်။ ရောက်မည့်အချိန် မေးမြန်းခြင်း သည်းခံပါ တဲ့လေ။
တစ်ခါတလေကျရင် အယူသည်းမှုတွေဟာ လူတွေကို စိတ်အနှောက်အယှက် ဖြစ်စေတတ်တာပဲ။ ကျွန်တော်စီးနေတဲ့ စက်လှေကတော့ ဘယ်နေ့ပဲ ရောက်ရောက်ပေါ့လေ။ အဲဒါက ပြဿနာမရှိပါဘူး။ ရောက်တဲ့နေ့မှာ ကျွန်တော့်ရဲ့ ကုန်တွေ ရောင်းရဖို့ပဲပေါ့။ ချက်ချင်း ပုပ်သိုးသွားတဲ့ ပစ္စည်း ပါမှ မပါဘဲ။
စက်လှေထဲမှာကတော့ ကုန်သည်ဆိုလို့ ကျွန်တော်နဲ့ အသက်ကြီးကြီး လူတစ်ယောက်တော့ပါတယ်။ ကျန်တာတွေက စက်လှေမောင်းသမားနဲ့ လှေသားတွေချည်းပဲ။ စက်လှေတစ်စီးလုံးကလည်း ကုန်တွေနဲ့ချည်း ပြည့်နေတာ။
ဒီလိုနဲ့ ပင်လယ်ပြင်ကြီးကို ကမ်းမမြင် လမ်းမမြင် ညအိပ်ခရီး ဆက်နေရပြန်တယ်။ ညအချိန် ငွေလမင်းလေးလည်း သူ့တာဝန်အချိန် မရောက်သေးလို့လား မသိ။ ဘယ်မှာများ သွားပြီး လင်းနေရှာပါလိမ့်။ ကျွန်တော့်ရဲ့ လမ်းခရီးမှာတော့ မှောင်မဲနေပါရောလား။ စက်လှေမောင်းနေကြတဲ့ ကပ္ပတိန်ကြီးတွေကတော့ တစ်ယောက်တစ်လှည့်စီ အိပ်လိုက် မောင်းလိုက် လုပ်နေကြတာပဲ။
ဒီလိုနဲ့ စက်လှေကြီးလည်း မမောမပန်း အားတင်းပြီး ခရီးနှင်လာလိုက်တာ သုံးနေ့နဲ့ သုံးညတောင် ရှိပါပြီကော။ နောက်တစ်ရက် နံနက်ပိုင်းကို ကျွန်တော်တို့ ကုန်ရောင်းမယ့် မြို့ကို ရောက်တော့မယ်တဲ့။
ဒီနေ့ညတော့ လမင်းလေးလည်း အနောက်ဘက် မိုးကုတ်စက်ဝိုင်းမှာ ကွေးကွေးလေး လင်းနေရရှာတယ်။ လမင်းရဲ့ အလင်းရောင်လေးကြောင့် ပင်လယ်ရေပြင်ဟာ မှန်သားပြင်လို ကြည်လင်နေပြီး တည်ငြိမ်လွန်းလှပါဘိ။
မဲမှောင်နေတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ပြီး ကျွန်တော်ဟာ သံဝေဂ အတွေးလေးတွေ နယ်ချဲ့နေမိတယ်။ လောကကြီးမှာ ရှိကြတဲ့ သတ္တ၀ါတွေဟာလည်း ကမ်းမမြင် လမ်းမမြင် သံသရာ ရေလျင်ထဲမှာ ကူးခတ်သွားလာနေကြ ရတာပဲလေ။ ဒုက္ခကို ဒုက္ခမှန်း မသိကြလို့ အပါယ်ဘုံဟာ သတ္တ၀ါတွေရဲ့ ကိုယ်ပိုင်အိမ်ကြီး ဖြစ်နေရတာ။ သံသရာမှာ ဘ၀ပေါင်းများစွာ ဖြတ်သန်းခဲ့ကြရလို့ ငိုခဲ့ရတဲ့ မျက်ရည်တွေလည်း သမုဒ္ဒရာ ရေတွေမက ရှိခဲ့ကြပြီးပြီ။ အရိုးတွေလည်း တောင်လို ပုံခဲ့ကြပြီးပြီလေ။ သံသရာဟာ ရှည်လျားလွန်းပါဘိ။
အင်း…အတွေးတွေ များနေလိုက်တာ ညတောင် တော်တော် နက်နေပြီ။ စက်လှေထဲမှာပဲ သုံးနေ့၊ သုံးည နေနေရတာ ဆိုတော့ ပင်ပန်းနေပြီ။ ကျွန်တော့် ခေါင်းတွေလည်း ငြီးစီစီ မူးနေပြီ။ မနက်ဖြန်နံနက် ရောက်တော့မှာပဲလေ။ အားတင်းထားပေါ့။ ဒီည တစ်ရေးလောက်တော့ ကောင်းကောင်း အိပ်စက်လိုက်ဦးမယ်။
ညသန်းခေါင်ကျော်ခါစ…
ဝေါ….ဝေါ….
ဟင်…ဘာသံတွေပါလိမ့်။ ကျွန်တော်လည်း အိပ်နေရာကနေ အသံတွေကြောင့် ရုတ်တရက် လန့်နိုးလာတယ်။
ဟာ…စက်လှေကြီး ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက် ဖြစ်နေပါလား။ မိုးတွေလည်း အရမ်းကို သည်းနေပြီ။ လေတိုက်လိုက်တာလည်း လွန်ပါရော။ မိုးသက်လေပြင်းလား၊ မုန်းတိုင်းလား မသိ။ စက်လှေမောင်းတဲ့ အခန်းကို ကျွန်တော်သွားမေးမှဖြစ်တော့မယ်။ အစောနက ကျွန်တော့်ရဲ့ ခေါင်းမူးနေတာလေးတောင် ဘယ်နားရောက်သွားမှန်း မသိတော့။
လှေရဲ့နံဘေး ကုန်းပတ်နားကနေ သတိကြီးစွာနဲ့ လှေပြတင်းပေါက် နံရံကို တင်းကြပ်စွာကိုင်ရင်း သွားနေရတယ်။ လှိုင်းလုံးကလည်း ရိုက်လိုက်တာ တစ်ကိုယ်လုံး ရွဲစိုသွားတော့တာပဲ။ တော်တော်ကြမ်းတဲ့ ပင်လယ်လှိုင်းပါလား။
ဒီနေ့ည မအိပ်ခင်လေးတင်ကပဲ ပင်လယ်ပြင်ကြီး ညီညာချောမွေ့နေပြီး ကြည်လင်နေတာ။ အခုတော့ လူကြမ်းကြီး တစ်ဦးပမာ ရက်စက်နေပါပြီကော။ ပင်လယ်ကြီးရဲ့ မာယာကို ကျွန်တော် မသိနိုင်တော့ပြီ။
စက်လှေမောင်းတဲ့ အခန်းထဲကို ကျွန်တော်ရောက်သွားပြီ…
“ဟေ့လူ ဟောဒီက ပလပ်စတစ်ပုံးကို ခင်ဗျားရဲ့ ကိုယ်မှာ ကြိုးနဲ့ ချည်ထားလိုက်”
ကျွန်တော့်ကို လှေသားတစ်ယောက်က ငါးဂါလံဝင် ပလပ်စတစ်ပုံး အခွံ တစ်လုံးကို ကြိုးအတို တစ်ချောင်းနဲ့ အတူ လှမ်းပေးလိုက်တယ်။ ကျွန်တော်လည်း ကမန်းကတန်း သူပြောတဲ့ အတိုင်းလုပ်လိုက်တယ်။ သူတို့တွေလည်း ပလပ်စတစ်ပုံးတွေကို သူတို့ကိုယ်မှာ ကြိုးတွေနဲ့ ချည်နေတာပဲ။
ကျွန်တော်လည်း လှမ်းမေးလိုက်တယ်။
“အခုက မုန်တိုင်းကျနေတာလားဗျ”
“ဟုတ်တယ်။ ကျွန်တော်တို့လှေက ဒီမုန်းတိုင်းဒဏ်ကို ခံနိုင်ဖို့ သိပ်မလွယ်ဘူး”
လက်နှိပ်ဓာတ်မီး ကိုယ်စီနဲ့ လှေထဲမှာ လူတွေအားလုံး အလုပ်ရှုပ်နေကြပြီ။ စက်လှေမောင်းတဲ့ ကပ္ပတိန်ကြီးက လှမ်းပြီး ပြောနေတယ်။
“ဟေ့ လှေသားတွေ…လှေဝမ်းထဲမှာ ရှိတဲ့ ဘိလပ်မြေအိပ်တွေ ရေထဲကို ပစ်ချကြစမ်း”
လှေသားတွေကလည်း ဘိလပ်မြေအိပ်တွေကို ပစ်ချနေကြပြီ။ ဒါမှ လှေလည်း ၀န်ပေါ့ပြီး လှိုင်းဒဏ်ကို ခံနိုင်မယ်လေ။ ကျွန်တော်ကတော့ ကပ္ပတိန်နားမှာ သံလိုက်အိမ်မြှောင်ကို ဓာတ်မီးနဲ့ မီးထိုးပြနေရတယ်။ သံလိုက်အိမ်မြှောင်ကတော့ လမ်းကြောင်းမှန်ကို ပြနေပေမဲ့လည်း မောင်းတဲ့သူကတော့ လမ်းကြောင်းမှန်ကို မမောင်းနိုင်ဘူး။ စက်လှေက လေပြင်းနဲ့ လှိုင်းလုံးတို့ရဲ့ ခေါ်ဆောင်ရာနောက်ကိုပဲ လိုက်နေတော့တယ်။
ဝုန်း…
လှိုင်းကြီးတစ်ချက် ရိုက်ခတ်လိုက်တာ စက်လှေကြီးဟာ မှောက်တော့မည့်အလား တော်တော်လေးကို စောင်းသွားတယ်။ လှေဝမ်းဘက် ကြမ်းပြင်ဘက်မှာ ဘိလပ်မြေအိပ်တွေ ပစ်ချနေကြတဲ့ လှေသားတစ်ချို့ ရေထဲကို ကျသွားကုန်ပြီ။ ကျွန်တော့်နံဘေးနားက စက်လှေမောင်းသူလည်း ဟန်ချက်ပျက်သွားတော့ ကျွန်တော့်ကို လှမ်းဆွဲလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်းပဲ အခန်းရဲ့ နံရံဘေးမှာ လူးလိမ့်ပြီး လဲကျနေပြီလေ။
ကျွန်တော် မီးထိုးပြနေတဲ့ သံလိုက်အိမ်မြောင် ရေထဲကို ကျသွားပြီ။ လှေရဲ့ အရှေ့ဘက်မှာလည်း ရေထဲကျသွားတဲ့ လှေသားတွေကို ကျန်တဲ့ လှေသားတွေကလည်း ပြန်ပြီးတော့ ကူနေရပြန်ပြီ။ တော်သေးတာပေါ့။ လှေသားတွေက ရေကူးကျွမ်းကျင်ကြလို့။ အားလုံးလှေပေါ်ကို ပြန်ရောက်လာကြတယ်။ သံလိုက်အိမ်မြောင် မရှိတော့ စက်လှေမောင်းသမားလည်း ခန့်မှန်းပြီး မောင်းနေရတော့တယ်။
လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖ၀ါးအောက် တဲ့။ စာကားပုံရဲ့ အဓိပ္ပာယ်ကတော့ လှိုင်း ဘယ်လောက်ပဲ ကြီးကြီး အဲဒီလှိုင်းဟာ လှေရဲ့ အောက်ကိုပဲ ရောက်ရမယ် တဲ့။ တောင်ကလည်း ဘယ်လောက်ပဲ ကြီးကြီး ခြေဖ၀ါးရဲ့ အောက်ကိုပဲ ရောက်ရမယ် တဲ့။ ဒီအချိန်မှာတော့ ကျွန်တော်တွေးမိတာ လှိုင်းကြီးရဲ့ အောက်ကို ကျွန်တော်တို့ လှေက ရောက်သွားတော့မယ် လို့လေ။
ပတ်ဝန်းကျင်တစ်ခုလုံးကလည်း မဲမှောင်နေပြီး မိုးသက်လေပြင်းတွေကလည်း ပြင်းထန်းလိုက်တာ တော်တော်ကြမ်းတာပဲ။ လှိုင်းလုံးတွေကလည်း အဆက်မပြတ် ဘယ်ညာ မျိုးစုံကနေ စက်လှေကို ရိုက်ခတ်နေလိုက်ကြတာ။
ဒုတ်…ဒုတ်…ဒုတ်ဒုတ်…
အသံကို နားနဲ့ မကြားရပေမဲ့ စက်လှေရဲ့ ၀မ်းဗိုက်က တစ်ခုခုကို တိုက်လိုက်ပြီဆိုတာ လှေပေါ်ပါတဲ့ လူတွေအားလုံး ချက်ချင်းသိလိုက်ကြတယ်။ လှေတောင် မြောက်တက်သွားတာကိုး။ လှေဝမ်းဗိုက်နဲ့ ကျောက်ဆောင် တစ်ခုခုကို ၀င်တိုက်လိုက်တာတဲ့။ ကျောက်ဆောင်နဲ့ တိုက်လိုက်တာက တစ်ချက်တည်းမဟုတ်ဘူး။ သုံးလေးချက် တိုက်လိုက်တာလေ။
စက်လှေ မောင်းသမားကတော့ ကြိုစားပြီး လမ်းကြောင်းမှန်ကို ရောက်အောင် မောင်းနေတယ်။ အဲဒီ အချိန်မှာပဲ စက်ခန်းထဲက အသံတစ်သံ ထွက်ပေါ်လာတယ်။
“စက်ခန်းထဲကို ရေတွေ ၀င်လာပြီဗျ။ ဘယ်လို လုပ်ကြမလဲ”
“ဟေ့…တို့တွေ နိုင်သလောက် ခပ်ထုတ်ကြမယ်ကွ”
“ဒီဘက်ကို ရေပုန်းပေးပါဦး”
ကျွန်တော်လည်း လှေစက်ခန်းနားကို သွားပြီး စက်ခန်းထဲက ရေတွေကို ခပ်ထုတ်နေကြတဲ့ လှေသားတွေကို ၀ိုင်းလုပ်ကူလိုက်တယ်။ လှိုင်းတွေကြားမှာ လူးလွန့်နေတဲ့ လှေအထဲကနေ ပြုတ်မကျအောင်လည်း ကိုယ့်ကိုယ်ကို ထိန်းနေရသေးတေယ်။
“ဟာ…ရေတွေက စက်ခန်းထဲကို ၀င်လာတာ တော်တော်မြန်တာပဲ။ ခပ်ထုတ်လို့ မနိုင်တော့ဘူးဗျ။ အစောနက ကျောက်ဆောင်ကို တိုက်လိုက်တာ လှေဝမ်းပေါက်သွားပြီ ဖြစ်ရမယ်”
“ဒါဆိုရင် စက်ကို အကုန်သာ ဖွင့်လိုက်ပေတော့။ ကမ်းခြေနဲ့ နီးတဲ့ ဘက်နားကို မှန်းပြီးတော့ ကျွန်တော်မောင်းမယ်”
စက်လှေမောင်းတဲ့ ကပ္ပတိန်ကတော့ သတိကြီးစွာနဲ့ မောင်းနေပြီ။ လှေရဲ့ စက်ဆရာကတော့ အင်ဂျင်စက်ကို လီဗာ အကုန် တင်လိုက်ပြီ။ စက်ကတော့ အသံကုန်အော်ဟစ်ပြီး မီးခိုးတွေ တအူအူနဲ့ သူ့တာဝန်ကျေပြွန်အောင် ထမ်းဆောင်နေပြီ။
“လှေပေါ်က လူတွေအားလုံး အသက်ကယ် ပလပ်စတစ်ပုံးတွေနဲ့ အတူ ဟောဒီက ၀ါးလုံးရှည်ကြီးကို အားလုံး ဖက်တွယ်ထားကြတော့”
“လူချင်း မကွဲစေနဲ့ဟေ့”
“ပလပ်စတစ်ပုံးတွေကို သေသေချာချာ ချည်ထားကြနော”
ဟိုလူက အော်။ ဒီလူက အော်နဲ့ ငရဲခန်းတစ်ခုကိုများ ရောက်နေသလား။
ကပ္ပတိန်နှစ်ဦးပဲ လှေမောင်းခန်းထဲမှာ ရှိတော့တယ်။ ကျန်တဲ့လူတွေ အားလုံး လှေရဲ့ အရှေ့ကို ရောက်နေကြပြီ။ ယိမ်းထိုးလှုပ်ရှားနေတဲ့ လှေဟာ တစ်ဖြည်းဖြည်းနဲ့ နစ်မြုပ်နေပြီလေ။
လှေဝမ်းအထဲ စက်ခန်းက အင်ဂျင်စက်ကြီးလည်း အသံကုန်ဟစ်နေရင်း သူ့ဆီကို ရေတွေ ပြည့်သွားပြီနဲ့တူတယ်။ အသံပျောက်သွားပြီ။ လှေလည်း မြုပ်သွားလိုက်တာ ရေပြင်မှာ မတွေ့ရတော့ဘူး။ လှိုင်းလေကလည်း ပြင်းထန်နေဆဲ။
ကျွန်တော်တို့ တစ်တွေလည်း ၀ါးလုံးရှည်တွေမှာ တောက်တဲ့ ကပ်သလို ကပ်နေကြရတာ။ အားလုံးဟာ ၀ါးလုံးရှည်နဲ့ အတူ ရေထဲမှာ မျောနေကြတယ်။ ကျွန်တော်တို့ကလည်း မဟာဇနက လို ဘုရားအလောင်း မဟုတ်တော့ ပင်လယ်ထဲက မေခလာ နတ်သမီးလည်း ဘယ်လာနိုင်လိမ့်မလဲ။
အင်း…ဘယ်အချိန်လောက်အထိ ဒီဒုက္ခကို ခံနေရဦးမယ် မသိ။ ကျွန်တော်ရဲ့ ငါးပိ၊ ငါးခြောက် အိတ်တွေလည်း စက်လှေကြီးနဲ့ အတူ ရေပြင်အောက်မှာ အရည်ပျော်နေပြီလား မပြောတတ်။
နံနက် အရုဏ်တက်ချိန်မှာ လှေငယ်လေး သုံးစီး ရောက်လာတယ်။ အဲဒီ လှေငယ်လေးတွေက ဒီနားတစ်ဝိုက် ရွာက တဲ့။ နံနက် မိုးလေငြိမ်တော့ ငါးဖမ်းဖို့ ပင်လယ်ထဲ ထွက်လာကြတာ ဆိုပဲ။ ညတုန်းက ရက်စက်လှတဲ့ ပင်လယ်ကြီးဟာ အခုကျပြန်တော့လည်း သူမဟုတ်သလို ပါပဲလား။ တည်ငြိမ်နေလိုက်တာ။ ပင်လယ် မာယာတို့ရဲ့ လှည့်ကွက်ကို တော်တော် ခန့်မှန်းရ ခက်ပါလားနော်။
တော်သေးတာပေါ့ ကယ်တင်ရှင်တွေ ရောက်လာလို့။ အဲဒီလှေငယ်လေးတွေက ကမ်းစပ်က ရွာနားကို ခေါ်ဆောင်သွားတယ်။ အဲဒီ ရွာထဲမှာ အသံချဲ့စက်နဲ့ ဖွင့်ထားတဲ့ သီချင်းသံတွေ ကြားနေရတော့ ကျွန်တော်လည်း မေးကြည့်တယ်။ ရွာထဲမှာ အလှူရှိတယ် တဲ့လေ။
အောင်မလေး…၀မ်းသာလိုက်တာ။ အလှူအိမ်ရှိတယ် ဆိုတော့ ထမင်းတစ်နပ်စာအတွက် မပူရတော့ဘူးလေ။
ဒါနဲ့ လှေမြုပ်တဲ့သတင်းက ရွာထဲကို ပျံ့နှံ့သွားတယ်။ သတင်းပျံ့တာ မြန်တာလည်း မပြောနဲ့လေ။ အလှူအိမ် အသံချဲ့စက်က စက်လှေမြုပ်တဲ့သတင်းကို တစ်ရွာလုံးကြားအောင် အော်ပြောလိုက်တာကိုး။
“စက်လှေမြုပ်တဲ့အတွက် ရွာထဲမှ ရှိတဲ့ ရွာသူ၊ ရွာသားများ ၀ိုင်းဝန်း၍ ကူညီကြပါရန်”
အသံချဲ့စက်ရဲ့ အသံကိုလည်း ကျွန်တော်ကြားလိုက်ရော သိပ်ကို ၀မ်းသာသွားမိတယ်။ မကြမီမှာပဲ ရွာသူ၊ ရွာသားတွေအားလုံး ဒန်အိုး၊ ဒန်ခွက် ကိုယ်စီနဲ့ ထွက်လာကြတယ်။
နံနက်မှာ ရေကျချိန်ဖြစ်နေတော့ သောင်ပြင်ကြီး တစ်ခုလုံးကို လှမ်းပြီးတော့ မြင်နေရတယ်။ သောင်ပြင်ကြီးကလည်း ကျယ်ပြန့်လိုက်တာ ဟိုးအဝေးကြီးက လူကိုတောင် သိပ်မမြင်နိုင်ဘူး။ အဲဒီနားမှာ ကျွန်တော်တို့လှေ မြုပ်ပြီး သောင်ပေါ်မှာ တစ်ဝက် ပေါ်နေတာကို လှမ်းမြင်လိုက်ရပြီ။
ဒါနဲ့ အစောနက ဒန်အိုး၊ ဒန်ခွက် ကိုယ်စီနဲ့ ထွက်လာကြတဲ့ လူတွေဟာ အဲဒီလှေမြုပ်တဲ့ နေရာကို သွားပြီး လှေထဲမှာ ရှိတဲ့ ပစ္စည်းမှန်သမျှ အလုအယက် ယူနေကြတော့တာပဲ။ အစပိုင်းကတော့ ကျွန်တော်တို့ကို ကူညီမယ် ထင်ခဲ့တာ။ အခုတော့ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ရဲ့ အရှေ့မှာတင် သူတို့ကိုယ်ပိုင် ပစ္စည်း ဥစ္စာအလား အပိုင်စီး ယူနေကြတော့တယ်။
သူတို့အတွက် အလှူပေးတဲ့ ပွဲလမ်းသဘင် တစ်ခုလိုများ အောက်မေ့သွားကြလား မသိ။ ဒီလူတွေရဲ့ စိတ်ဓာတ်တွေဟာ ယုတ်ညံ့လှပါလား လို့ ပြောရမလို။
ကျွန်တော်လည်း တွေးမတတ်အောင်ပဲ ဖြစ်သွားတော့တယ်။ ကူမယ့် လူတွေဟာ ယူမယ့် လူတွေ ဖြစ်နေကြပါလား။ ဒါဆို…မဖြစ်သေးပါဘူး။ ကျွန်တော်လည်း ကျွန်တော့်ပစ္စည်း တချို့ကို ပြန်ပြီးတော့ ယူနိုင်ဖို့ လုပ်မှ ရတော့မယ်။
လူငှားပြီးတော့ ကျွန်တော့်ပစ္စည်းတွေကို ရအောင်လုပ်လိုက်တာ ငါးပိအိတ် သုံးအိတ်တော့ ပြန်ရပါတယ်။ အဲဒီ သုံးအိတ်ကိုပဲ လှေငယ်ငှားပြီး မြို့ကို တက်ရောင်း လိုက်ရတော့တယ်။ အပြန်အတွက် လမ်းစရိတ်တော့ ရလို့ တော်သေးတာပေါ့။
အလာတုန်းကတော့ ကျွန်တော့် ကုန်ပစ္စည်းတွေကို ရောင်းလိုက်ရင် အမြတ်အစွန်း ဘယ်လောက်ရလိမ့်မယ် ဆိုပြီး ခန့်မှန်းတွက်ဆထားတဲ့ ကျွန်တာ်။ အခုတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်သွားပါပေါ့လား။ ဒီကြားထဲ ရေနစ်သူကို ၀ါးကူထိုးချင်တဲ့ လူတွေနဲ့ ထပ်တွေ့သွားရင်လည်း ထပ်ပြီး ဆုံးရှုံးမှုတွေ ဖြစ်နိုင်သေးတယ်။
ကျွန်တော် သင်ခန်းစာတွေ ရလိုက်တယ်။
ဘ၀မှာ ဘာကိုမှ ကြိုတင်မှန်းဆဖို့ သိပ်မလွယ်လှပါလား။ အကောင်းဆုံးကတော့ တွေ့ကြုံလာမယ့် လောကဓံကိုသာ ဘယ်ပုံ ဘယ်နည်း ကြံ့ကြံ့ခံနိုင်အောင် လေ့ကျင့်ထားမှ တော်ကာကျမယ်လေ။
နောက်ပြီး မိမိကိုယ်ကိုယ် ဖြစ်ရမှာက သူများဆီက ယူမယ့်သူ မဖြစ်စေဘဲ သူများကို ကူညီမယ့်သူပဲ ဖြစ်ရမယ် ဆိုတာကိုပေါ့။
လူ့လောကမှာ အသက်တစ်ရာ မနေရပေမဲ့လည်း အမှုတစ်ရာတော့ ကြုံရနိုင်ပါတယ်။ အဲဒီလို တွေ့ကြုံလာမယ့် အမှုတွေမှာ သင်ခန်းစာတွေ ကောင်းကောင်း ယူတတ်ဖို့တော့ လိုလိမ့်မယ်။ ဒါမှသာ ရှေ့ဆက်ရမယ့် အချိန်တွေ အတွက် အခက်အခက်တွေကို ကျော်လွှားနိုင်မှာပေါ့။
ကျွန်တော်ကတော့ သင်ခန်းစာ တချို့ကို အသက်နဲ့ ရင်းပြီး ရလိုက်တာမို့ တစ်သက်မှာ ဘယ်တော့မှ မမေ့နိုင်တော့တဲ့ သင်ခန်းစာတွေ ဖြစ်နေမိမှာ အမှန်ပါပဲလေ…
(ကျွန်ုပ်၏ ဖြစ်ရပ်မှန် တစ်ခုကို တန်ဆာဆင်၍ ရေးဖွဲ့ထားပါသည်)

0 comments:
Post a Comment