* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 9, 2009

ဝါကျွှတ် နှင့်အတူ ၀ဋ်ကျွှတ်စေဖို့…………

9




နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော ဗုဒ္ဓါယ သိဒ္ဓံ
ဝါကျွှတ် နှင့်အတူ ၀ဋ်ကျွှတ်စေဖို့…………
အမိမြန်မာပြည်နဲ့အတူ မိဘညာတကာ ဇာတိရပ်ရွာကို ခွဲခွာကာဖြင့် မလေးရှားမြေသို ရောက်ရှိနေဖြစ်ခဲ့သည်မှာ တစ်နှစ်ကျော်လို့ နှစ်နှစ် နီးပါးပင် တာရှည်ခဲ့ပါပေါ့လေ.. တွေးကြည့်တော့ သီးတင်းဝါလသော်မှ နှစ်ခါကျွှတ်ခဲ့ချေပြီပဲ…..ဤမျှကြာခဲ့သော ကာလအတွင်းမှာ ဘ၀ပေးအသိနှင့်ယှဉ်ပြီး ကိုယ့်နှင့်သင့်ရာ အတ္တဟိတ ပရဟိတအကျိုးလေးတွေ ဆောင်ဖြစ်ခဲ့ပုံလေးတွေ တွေးမိတော့လဲ ရင်ထဲတွင် တမျိုးတစ်ဖုံပင် ကြည်နူးရပြန်ပါသည်. ထိုအထဲတွင်မှ ထူးထူးခြားခြား အကြောင်းလေးတွေး ပြန်တွေးကြည့်ရင်း အတိတ်တံခါးပေါက် ကို တီးခေါက်ဖွင့်လှစ်ကြည့်သောအခါ………။
နာရီတိုက်စား ရာသီများရဲ့အောက်မှာ ပျော်တလှည့် ပျင်းတခါ…ကြုံရာလူနှင့် သင့်အောင်ပေါင်းပြီး အကြောင်းအားလျှော်စွာ နေလာခဲ့ရာ မြန်မာတို့ရဲ့ များပြားလှစွာသော လူမှု့ရေးအကြပ်တည်းများစွာကို သိမြင်ကြားသိနေရပေ၏။ သတင်းဋ္ဌာနတို့ရဲ့ ဖေါ်ပြချက်များအရဆိုလျှင် မလေးရှားပြည်တွင် လာရောက် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာများနိုင်ငံသားများသည် ပမာဏအားဖြင့် များပြားလှပေစွ။ ထို့များပြားလှစွာသော မြန်မာနိုင်ငံသားများ အထဲတွင် အဆင်ပြေပြေ နေနိုင်ထိုင်နိုင် စားနိုင် သောက်နိုင် စုဆောင်းမိနိုင်သူအရေအတွက်နှင့် ကြိုးစားမှု့နှုင့် အမှန်တကယ်ထိုက်တန်သော ငွေကြေးနှင့် အောင်မြင်မှု့ ရနေသူ အရေအတွက်မှာ နည်းပါးလှသည်ဟုပင် ဆိုနိုင်မည်ထင်ပါသည်… ငွေပင်ငွေးရင်းကြီးစွာဖြင့် ရင်းနှီးလုပ်ကိုင်နေငြား စီးပွားရေးလုပ်ငန်းရှင်များ. အသိပညာအတတ်ပညာကို အရင်းပြုလို့ အောင်မြင်မှု့သရဖူ စိုက်ထူ နေနိုင်သူများ ရှိပင်ရှိပါငြားသော်လည်း အားလုံးသည်ပင် သူ့နိုင်ငံ သူ့စရိုက် သူ့အကြိုက်လိုက်နေပေးရလို့ တစ်ခုမဟုတ် တစ်ခုသော ပူပင်စရာများနှင့် ကြုံတွေ့နေရသူချည်း ဖြစ်သည်ဟု ဆိုရလျှင်လဲ မှားအံ့မထင်ပါချေ ။ မရှိလို့ တောင့်တ ပူနေရသောအဖြစ်နှင့် ရှိပြိး ကြောင့်ကြ ပူနေရသည့် အဖြစ်သာ ကွာခြားအံ ထင်ပါသည်..။ မလေးရှားနိုင်ငံသို့ လာပြီး ဘ၀ တိုက်ပွဲကို ရင်ဆိုင်ဆင်နွှဲ နေရသည်ဟု ဆိုပါလျှင် အဲဒီတိုက်ပွဲထဲမှာ အရေးကြီးဆုံး တိုက်ပွဲသည် အရှိ တရား နဲ့ သတိတရား တို့ရဲ့ တိုက်ပွဲပဲ ဖြစ်ပါလိမ့်မယ် ။ ဘ၀ ရဲ့ အရှိကို မိမိတို့ ကိုယ်ပိုင် အသိနဲ့ ချင့်ချိန်သုံးသပ် ဆုံးဖြတ်လုပ်ကိုင် နိုင်စွမ်းရှိလျှက် အမြဲတမ်းသတိတရား လက်ကိုင်ထားသူတို့အတွက် အဆင်ပြေပြေ နေနိုင် ထိုင်နိုင်စားသောက်နိုင်ခြင်းနဲ့အတူ အောင်မြင်မှု့ ရလာဒ်တွေက စောင့်ကြိုနေသည့်တိုင် သိညဏ်ယွင်းမှား မစဉ်းစားပဲ ပျော်းပါးလိုက်စား သတိနဲပါး သူများအတွက် အဆင်မပြေမှု့ ကျရှုံးမှု့တွေက ရလာဒ်အဖြစ် ကြုံတွေ့နေရတာကိုလဲ သိမြင်ကြားသိနေရပြန်တော့ စိတ်မကောင်းမိပြန်ချေ..။ မည်သို့ပင်ဖြစ်စေကာမူ လူတစ်စု ပူမှု့ရယ်တဲ့ ဆယ်ကုဋေ ဆိုသော စကားပင် ရှိထားခဲ့သည်မဟုတ်ပါလား … သို့ပင်သော်လည်း အဆင်ပြေသူတို့အပူသည်ကား အလွယ်တကူ ပြေပျောက်ဖို့ ဖြေလောက်စရာတွေ့နိုင် ရှိနိုင်ပါသော်လည်း အတိတ်ကုသိုလ်ကံနဲပါး အဆင်မပြေသူများ အတွက်မှာကား ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာနေသည့် ပမာနှယ် မလွယ်ရေးချ မလွယ်ပါချေ… တကယ်ရင်ဆိုင်နေရသော ကြိုးစားရုန်းကန်ရသော လူမှု့တောမှာ စိုးရိမ်သောက ပူပင်မှု့ ဗျာပါဒတရားတွေရဲ့ နှိပ်စက်စက်မှု့အောက်မှာ အိမ်မက်လှလှမျှပင် မက်နိုင်ဖို့ ဝေးနေရသေးသည့် အဖြစ်အပျက်များ အတွေ့အကြုံများကို နှလုံးသားဖန်သားပြင်မှာ မျက်ဝါးထင်ထင် တွေ့မြင်ပြန်ပါ၏
ဤကဲ့သို့ အခက်စုံလင်စွာဖြင့် တွေ့ကြုံပူပင်နေရသည့် ရွှေမြန်မာတွေအတွက် တဘက်တလမ်းက တတ်စွမ်းသမျှ ကူညီဖေးရလျှင် ကောင်းပေစွလို့ တွေးမိ ရည်မှန်းမိသည်မှာလဲ ရင်ထဲမှာ အခါခါပါလေ… ရည်မှန်းမိသည့် အားလျှော်စွာပင် စိတ်စေတနာ တူညီသည့် ရွှေမြန်မာ စေတနာရှင်တွေနဲ့ လက်တွဲပြီး ရွှေမြန်မာများအတွက် ဘ၀တက်လမ်း လက်ဆင့်ကမ်းဖို့ မျှော်မှန်းဦးတည် မြန်မာ့အားမာန် ပညာရေးလေ့ကျင့်သင်တန်းကျောင်းတော်ကြီးကိုလည်း တည်ထောင်ဖွင့်လှစ်လျှက် လူတိုင်းအတွက် ပညာရေးလိုအပ်ချက်များကို သင်ကြားပို့ချ၍လဲ ပေးခဲ့ပါပြီ ..ဘ၀ရှေ့ရေး သာယာအေးမြ အနေလှကြစေဖို့ ဘာသာရေးနဲ့လဲ ဖေးမလို့ တစ်စွမ်းသမျှ ဒါန သီလ ဘာဝနာမှူ့တွေ ကိုလဲ ပွားများရယူစေနိုင်ခဲ့ပါပြီ.. လောကအလယ်မှာ မျက်နှာမငယ် ဂုဏ်ရောက်ကြွယ်စေဖို့ သိဖွယ်မှန်သမျှ လောကီလောကုတ္တရာ ဗဟုသုတ တို့ကိုလဲ စေတနာမွန်ဖြင့် အကြံပေးလမ်းညွှန်ခဲ့ဖူးပါပြီ……သို့ပင်တစ်စေ မိမိကိုယ်ကို အားရတင်းတိမ်နေခြင်းကား အလျှင်းသော်မျှ မရှိပါချေ….မြန်မာတို့တွေ့တိုင်း နက်ရှိုင်းလှသည့် ရင်ထဲတစ်နေရာမှာ ဖြစ်တည်လာသည့် ဝေဒနာတို့ကား အမည်ဖေါ်ပြခြင်းငှာပင် မစွမ်းနိုင်ပါချေ၊ ရာထူးဂုဏ်သိမ် စီးစိမ်ပြည့်ငြား လူချမ်းသားများ တွေ့ရတော့ မုဒိတာပွားရသလို နိမ့်ကျနေသေး ရွှေမြန်မာလေးတွေကို တစ်စွမ်းသမျှ ကူညီဖေးမပေးစေချင်တဲ့ ဆန္ဒစကားလေးတွေ နှုတ်ဖျားက ထွက်သွားမိပြန်ပါ၏… အတိတ်ကံဆိုး ဖန်လာလာတိုးလို့ အခက်ခဲမျိုးမျိုး နဲ့ ကြုံတွေ့နေသူတွေ တွေ့ရပြန်တော့ ..ကရုဏာထား အားပေးစကားပြောကြားရင်း ဘ၀လောကဓံကို ကုန်းမခံပဲ ရုန်းကန်ကြဖို့ တိုက်တွန်းမိပြန်ပါသည် ၊။ ဤကဲ့သို့ပင် နေလာရင်း….နေလာရင်း ဖြင့်………
ယခု ၁၃၇၁ ခု သီတင်းကျွှတ်လပြည့်ကျော် သုံးရက်နေ့( ၀၅.၁၀.၂၀၀၉ ) တနင်္လာနေ့ တွင်တော့ မိမိဘ၀တွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့် ကုသိုလ်ထူးတစ်ခု ပြုနိုင်ခွင့် ကြုံခဲ့လိုက်ပါပြီ… အဲဒါကတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်နှင့် မနီးမဝေး ဖြစ်သော ရာဝမ်း D15/30 .JALAN SHIMPH ,UTARA 981800 ,BATU ARANT, SLENGOR အရပ်တွင် ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီး တစ်ပါးက ဦးစိးထည်ထောင်ထားပြီး Roselady ဟုခေါ်သော တရုတ်အမျိုးသမီး တစ်ဦး ကြီးကြပ်ကွပ်ကဲသည့် ACTS center သို့ သွားရောက်ခါ ရောဂါဝေဒနာ မျိုးစုံတို့ဖြင့် ခွဲစိတ်ကုသထားသည့် လူနာများအား တတ်စွမ်းသမျှ လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ဤ နေရာသည်ကား အခက်ခဲရှိမြန်မာများအတွက် ခိုးကိုးရာ ဗိမာန်ဟု ဆိုရလျှင်လဲ မှားအံ့မထင်ပါချေ. နေရေး ထိုင်ရေး စားသောက်ရေးမှအစ အခမဲ့ တာဝန်ယူစောင့်ရှောက်ပေးပြီး ရောဂါကြီးငယ်မရွေး ကို ဆေးရုံကြီးများတွင် ပြသစစ်ဆေး လိုအပ်သလို ကုသပေးပြီး ဆေးရုံကဆင်းပြီး လူနာများအားလဲ…ပြန်လည်ကောင်းမွန်သည်အထိ လက်ခံကုသစောင့်ရှောက်ပေးသည့်နေရာတစ်ခုလည်း ဖြစ်ပါသည် ၊အကြောင်းမျိုးစုံကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ မလေးရှားနိုင်ငံသို့ လာရောက် အလုပ်အကိုင် ရှာဖွေလုပ်ကိုင်နေထိုင်ကြရင်း ကံအလျှင်းမသင့်သဖြင့် အက်စီးဒင့် accidents များနှင့် တွေ့ကြုံပြီး ခြေတစ်ချို့ လက်တစ်ချို့ ဖြတ်ရသော လူနာများ …ဓါတ်လေးပါး မညီမျှမှု့ကြောင့် ဖြစ်ပေါ်ခံစား အတွင်းအပခွဲစိတ်လူနားများအား တွေ့ခဲ့မြင်ခဲ့ရပါသည် ။ တာဝန်ကျ ၀န်ထန်းများနဲ့အတူ လူနာမျးအား ဆုံတွေ့လျှက် အစားအသောက် အဟာရများ..ဆေးရုံဆေးခန်းအတွင်းရှိ ၀န်ထန်းအပါအ၀င် လူနာများ အားလုံးအတွက် တစ်လစာ ဆန် ဆီ ဆပ်ပြာ ခေါက်ဆွဲခြောက် အဖျော်ရည် မျိုးစုံနှင့် အသုံးတဲ့ရာ တိုလီမိုလီများကို လှူဒါန်းနိုင်ခွင့် ရရှိခဲ့ပါသည်၊ လူနာတစ်ဦးချင်းစီအား အချိုရည်များ မုန့်များဝေငှ ကျွှေးမွေးလှူဒါန်းရာတွင် ဖြစ်ပေါ်လာသော ရင်ထဲမှ ပီတိသည်ကား ရေပြင်မှာ ပျော်ရွှင်စွာဆော့ကစားနေသည့် လှိုင်းဂယက်လေးများပမာပင်ဖြစ်ပါတော့သည်.. အလှူခံ လူနာလေးများ မျက်နှာများသည်လဲ သူတို့၏အပူကို မျှဝေခံစား အလှူရှင်များနည်းတူ ပဲ့တင်ဟပ်လျှက် အပျော်ဓါတ်များ ကူးနေသယောင်ပင် ပြုံးရိပ်ကိုယ်စီထင်နေလျှက်ရှိပါသည် ။
ဤထူးခြားသော အလှူတော်ထူးကို မလေးရှားနိုင်ငံ ညောင်ကန်အေး သာသနာ့ရိပ်သာ (ကူချိုင်းလားမား) ဆရာတော်အရှင်နှင့် အတူ တပည့်ဒါယကာ ဒါယကာမများ . ကိုကျော်စွာမင်း +မတင်တင်လတ် (သား) မောင်မင်းဟိန်းကျော် နှင့် စေတနာရှင် ရွှေညီအကို မောင်နှမများ ၏ စုပေါင်းသဒ္ဓါတရားထက်သန်မှု့ စေတနာအလျှောက် ပါဝင်လှူဒါန်းမှု့များဖြင့် ယခုကဲ့သို့ လှူဒါန်းနိုင်ခဲ့ကြခြင်းဖြစ်ပါသည်………
ထို့ပြင်လည်း လူနာများအား ရသည့်အချိန်တိုအတွင်းတွင် ဗုဒ္ဓနည်းကျ ဘ၀နေနည်း အတတ်ပညာကို မကျဉ်းမကျယ် ဟောပြနိုင်ခဲ့သလို ဓမ္မအမြိုက်ဆေးဖြင့်လဲ သောကတွေ ဖြေသိမ့်ပေးနိုင်ခဲ့ပါသည်..သီတင်းကျွှတ်ကာလကုသိုလ်တော်ထူးများကို ပြုလုပ်နိုင်စေရန်အတွက်လဲ မိဘကျေးဇူးသိနားလယ်နိုင်အောင် ဟောပြောခြင်းနှင့် အနန္တောအနန္တငါးပါးနဲ့ ခင်ပွန်းကြီးဆယ်ပါးတို့အား ကန်တော့ပူဇော်နိုင်အောင် အမွှေးတိုင် ဖယောင်းတိုင်များကိုလဲ စီစဉ်ပေးခဲ့ ကုသိုယူနိုင်ခဲ့ပါသည်။
အမျိုးသမီးဆောင် အရောက်တွင်တော့ မွေးကတည်းကကျင်းကြီးစွန့်စရာ နေရာမပါလာသဖြင့် ဗိုက်မှတစ်ဆင့် ခွဲစိတ်ထားပြီး ပလတ်စတစ်ဖြင့် မစင်စွန့်နေရသောမြန်မာတိုင်းရင်သား မိဘမှပေါက်ဖွားသည့် အသက်သုံးလေးနှစ်အရွယ် မိန်းကလေးငယ်လေးကိုတွေ့ရလေရာ ကံကြမ္မာ၏ အံမခန်းဖွယ် ပရိယာယ်ကိုလည်း တွေးကြောက်လန့်မိ သံဝေဂဖြစ်မိခဲ့ပါသေးသည်…..ထို့အတူပင် မသိမိုက်မှား ညာဏ်နည်းပါးမှု့ကြောင့် ကံသုံးပါတွင် အမှားယှဉ်ခဲ့ ပြုမိခဲ့သည်ရှိသော် ဤ၀ါကျွှတ်ကာလမှာ ပြုလုပ်ရသည့် မြတ်ဒါနအထူးကြောင့် အလှူခံ အလှူပေး အားလုံးတို့သည်လည်း ၀ါကျွှတ်သလို ၀ဋ် မှန်သမျှလဲ မကျန်ရအောင် မုချမသွေ ကျွှတ်လွတ်နိုင်ရပါစေ ဟု ဆုတောင်းမိပါသည်
အချုပ်အားဖြင့် ဆိုရသော်…….. လူသားအကျိုးပြု ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသူ မြောက်များစွာ ထင်ရှားရှိနေပါသော်လည်း လုံလောက်ပြီဟုကား မဆိုသာချေ.. ဥစ္စာငွေကြေး ပြည့်စုံနေကြသူတို့အနေဖြင့် ထိုကဲ့သို့ အခက်ခဲရှိသူများအား သနားကရုဏာ ချစ်မေတ္တာဖြင့် ကူညီစောင့်ရှောက်ထားသော နေရာများသို့ ကိုယ်တိုင်သွားရောက်၍ ဖြစ်စေ တစ်ဆင့်ခံ အကျိုးဆောင်များမှ တစ်ဆင့်ဖြစ်စေ လှူဒါန်းထောက်ပံ့ကြမည်ဆိုရင်ဖြင့် ကောင်းလေစွဟု ခံစားမိရင်း အများအကျိုး သယ်ပိုးဆောင်ရွက်ခြင်းသည် ကြွေးဟောင်းပြန်ဆပ်ခြင်း မဟုတ်ပဲ လူသားဆန်ခြင်းဖြစ်၏။ အများအတွက် တတ်နိုင်သည့်ဝန် ကျေပြွန်ခြင်းသည် လောကကြီးကို အထက်စီးက ကြီးစိုးထားနိုင်သည့် သိမ်းငှက်ကြီးတွေ ဖြစ်ပြီး အတ္တသမားတွေကတော့ မြောင်းထဲက ကြွက်စုတ်ပမာသာဖြစ်ပေသည် ဟူသည့် ဖတ်ခဲ့ဖူးသော စာသားလေး တစ်ခုကို သတိရနေမိပါတော့သတည်း….
မန်မာ့အားမာန် အရှင်နန္ဒ၀ံသ (ညောင်ကန်အေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP