လောကဓံ ရှစ်ပါး
၁။ လာဘော-ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း။
၂။ အလာဘော-ဥစ္စာနည်းပါး၍ ညှိုးငယ် တုန်လှုပ်ခြင်း။
၃။ ယသော-အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း။
၎။ အယသော-အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း။
၅။ နိန္ဒံ-ကဲ့ရဲ့ခံရ၍ ညှိုးငယ်တုန်လှုပ်ခြင်း။
၆။ ပသံသံ-ချီးမွမ်းခံရ၍ တက်ကြွတုန်လှုပ်ခြင်း။
၇။ သုခံ-ချမ်းသာခြင်းကို စွဲ၍ တက်ကြွတုန်လှုပ်ခြင်း။
၈။ ဒုက္ခံ-ဆင်းရဲခြင်းကို စွဲ၍ ညှိုးငယ်တုန်လှုပ်ခြင်း။

သမထ ၀ိပဿနာ အကျိုး
တရားပညာ မရှိ၊ သမာဓိ မရှိဘဲ အနှစ်တရာပတ်လုံး အသက်ရှည်နေရခြင်းထက်
တရားပညာရှိ၍ သမထ ၀ိပဿနာကို ရှုသောပုဂ္ဂိုလ်၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။
( ဓမ္မပဒ )

ဆွမ်းလှူရသော အကျိုး
ဘုရားကိုဖြစ်စေ၊ ရဟန်းသံဃာတော်ကိုဖြစ်စေ ဆွမ်းလှူတဲ့သူဟာ ဖြစ်ရာဘ၀၌-
၁။ အသက်ရှည်ခြင်း။
၂။ အဆင်းလှခြင်း။
၃။ ချမ်းသာခြင်း။
၎။ ခွန်အား (ဗလ) ကောင်းခြင်း။
၅။ ဉာဏ်ပညာ ထက်ခြင်း-ဆိုတဲ့ အကျိုးငါးပါးကို ရနိုင်တယ်။
လူကိုဖြစ်စေ၊ ခွေး-နွားစသော တိရစ္ဆာန်ကိုဖြစ်စေ ချမ်းသာစေချင်တဲ့စိတ်နဲ့ ထမင်းကျွေးရင်လဲ ဒီအကျိုးများ ထိုက်တန်သလောက် ရနိုင်ပါတယ်။
( အမရပူရ-အရှင်ဇနကာဘိဝံသ-ဗုဒ္ဓဘာသာ လက်စွဲကျမ်း )

ကပ်သုံးပါး
ပျက်စီးခြင်းကို ကပ်ဟုခေါ်သည်။
၁။ ဒုဗ္ဘိက္ခန္တရကပ်-ပတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
၂။ သတ္ထန္တရကပ်-လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
၃။ ရောဂန္တရကပ်-ရောဂါဘေးကြောင့် ပျက်စီးခြင်း။
( ကပ်ဆိုက်ပုံ )
၁။ သတ္တ၀ါတို့ လောဘတရား ကြီးမားလွှမ်းမိုးလာသောအခါ ငတ်မွတ်ဘေးကပ် ဆိုက်ရောက်သည်။
၂။ သတ္တ၀ါတို့ ဒေါသတရား ကြီးမားလွှမ်းမိုးလာသောအခါ လက်နက်ဘေးကပ် ဆိုက်ရောက်သည်။
၃။ သတ္တ၀ါတို့ မောဟတရား ကြီးမားလွှမ်းမိုးလာသောအခါ ရောဂါဘေးကပ် ဆိုက်ရောက်သည်။
( ဗုဒ္ဓဘာသာတရားတော်-မှ )

ဗြဟ္မစိုရ်တရား လေးပါး
၁။ မေတ္တာ-ချစ်ခင်ခြင်း။
၂။ ကရုဏာ-သနားကြင်နာခြင်း။
၃။ မုဒိတာ-၀မ်းမြောက်ခြင်း။
၎။ ဥပေက္ခာ-ကံတရားအတိုင်း လျစ်လျူရှုခြင်း။
ဤကမ္ဘာကြီး သာယာငြိမ်းချမ်းအောင် ဤတရားလေးပါးက စွမ်းဆောင်နိုင်ပါသည်။

ရှေးခေတ် သရိုး ( အင်္ဂတေ ) စပ်နည်း
ရှေးခေတ် သရိုးစပ်ရာတွင်-
၁။ ကြစုရည် ၁-မြူ
၂။ တင်လဲရည် ၂-မြူ
၃။ ဥသျှစ်ရည် ၂-မြူ
၎။ အုံတုံခေါက်ပြုတ်ရည် ၁၂-မြူ
၅။ ကျွဲကော်ရည် ၆-မြူ
စသည်ဖြင့် ဖော်ပြပါ အချိုးအစားအတိုင်း ငါးပါးရောစပ်၍ ကျိုရပါသည်။
ယင်းသို့ကျို၍ရသော ကော်ရည်ကို ထုံးတတင်း၊ သဲတတင်းနှင့် ဆွတ်ဖျန်းရောစပ်၍ သမအောင် မွှေပေးရပါသည်။ ၅-ရက်မျှထားပြီး ခပ်ထပ်ထပ်ရှိလျှင် မောင်းဆုံတွင်ထည့်၍ ထောင်းရပါသည်။ ထောင်းပြီးနောက် ယခင်ကော်ရည်ကို လိုအပ်သလောက် ရောစပ်ပေးရပါသည်။ ထို့နောက် ရရှိလာသော အင်္ဂတေသား ကောင်း-မကောင်းကိုလည်း စမ်းသပ်ကြည့်ရပါသည်။
စမ်းသပ်ရာတွင် ရရှိလာသော အင်္ဂတေသားကို အုတ်တွင်ကပ်၍ နေပူတွင် အခြောက်လှန်းရပါသည်။ ကွဲအက်ခြင်း၊ ပပ်သေးထခြင်း ဖြစ်ပါက ဥသျှစ်ကိုလျှော့၍ တင်လဲရည်ကို တိုးထည့်ရပါသည်။ ထို့ထက်ပိုကောင်းလိုပါက အင်္ဂတေတစုံလျှင် ငါးဆီ ၄၀-ကျပ်သား၊ ၅၀-ကျပ်သားမျှ ထပ်ထည့်ပေးနိုင်ကြောင်း မှတ်သားရပါသည်။
( လင်္ကာ )
ကြစုစိမ်ရေ၊ တမြူနေ၍၊ နှစ်ထွေတင်လဲ၊ ဥသျှစ်နည်းတူ၊ ကော်မူခြောက်ဆ၊ ဒွါဒအုံတုံ၊ ငါးပါးစုံကို၊ ရောတုံပြီးမှ၊ ထုံးကတတင်း၊ သဲတတင်းနှင့်၊ ကျင်းတွင်ထည့်ပါ၊ ကော်ဆွတ်ကာထား၊ ငါးရက်ထပ်လျှင်၊ ဆုံတွင်ထောင်းပါ၊ ကော်ယူကာဖြင့်၊ အုတ်မှာကပ်မူ၊ နေပူလှန်းကြည့်၊ ပပ်သေးရှိက၊ လျှော့ရဥသျှစ်၊ တိုးလစ်တင်လဲ၊ ရှေးနည်းစပ်မီ၊ ငါးဆီလျှော်ကန်၊ ထည့်အပ်ပြန်သည်၊ သုံးရန်အင်္ဂတေ စပ်နည်းတည်း။
ထုံးသည် အငန်ဓာတ်ပါသဖြင့် အုတ်ကိုစားခြင်းကြောင့် ဆွေးမြေ့တတ်ပါသည်။ ထို့ကြောင့် ထုံးခိုးသေစေရန် ကြစုကိုထည့်ရပါသည်။ တင်လဲ၊ ဥသျှစ်၊ အုံတုံ၊ ကျွဲကော်တို့သည် အင်္ဂတေကို မာကျောစေပါသည်။
ဥသျှစ်များလွန်းလျှင် ကွဲအက်ခြင်း၊ ပပ်သေးထခြင်း ဖြစ်တတ်သဖြင့် သင့်လျှော်အောင် ထည့်ရပါသည်။
( မာဂဓီ-သာစည် )

0 comments:
Post a Comment