ပျက်စီးဆုတ်ယုတ်မည့်သူများ... ပေးစာ (၁၉)...
သားတို့၊ သမီးတို့ဟာ ကြီးပွားအောင်မြင် တိုးအတက်ကြမယ့် သူတွေ ဖြစ်လာအောင်၊ ပျက်စီးဆုတ်ယုတ်ကြမယ့် သူတွေ မဖြစ်အောင် ဘုန်းဘုန်းက မြတ်စွာဘုရား ဟောကြားဆုံးမထားတဲ့ တရားလေးတစ်ခုကို ပြောပြချင်တယ်။ သားတို့၊ သမီးတို့ ဘ၀ တစ်လျှောက်လုံးအတွက် အလွန်တန်ဖိုး ရှိတဲ့ တရားတွေလေ။ လိုက်နာကျင့်သုံးရမယ့် တရားတွေလည်း ဖြစ်တယ်။
မြတ်စွာဘုရားဟာ သာဝတ္ထိပြည်က အနာထပိဏ်သူဌေး လှူဒါန်းထားတဲ့ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူတဲ့ အချိန်ဖြစ်တယ်။ ညဥ့်ဦးယံလွန်ပြီး သန်းခေါင်ယံ အချိန်မှာ အလွန်ပဲ နှစ်လိုဖွယ်အဆင်းရှိတဲ့ နတ်သားတစ်ယောက်ကို ဟောကြားခဲ့တာလေ။ မြတ်စွာဘုရားက အဲဒီနတ်သားကို “ကြီးပွားသူကိုလည်း သိရန် လွယ်ကူလှပေသည်။ ပျက်စီးဆုတ်ယုတ်သူကိုလည်း သိရန် လွယ်ကူလှပေသည်” အဲဒီလို အစချီပြီးတော့ အချက် (၁၂) ချက်ကို ဟောခဲ့တယ်။

(၁) တရားကို လိုလားတောင့်တသူသည် ကြီးပွားရ၏။ တရားကို မလိုလား မတောင့်တသူသည် ပျက်စီးဆုတ်ယုတ်ရ၏။
(၂) သူယုတ်မာတို့ကို ချစ်ခင်မြတ်နိုးသူ၊ သူတော်ကောင်းတို့ကို မြတ်နိုးမှုမပြု၊ သူယုတ်မာတို့၏ တရားကို နှစ်သက်မြတ်နိုးသူ၊ ထိုလူသုံးမျိုးတို့သည် ပျက်စီးဆုတ်ယုတ်ရ၏။
(၃) အိပ်စက် ငိုက်မျဉ်းလေ့ ရှိသူ၊ အပေါင်းအဖော်တို့၌ မွေ့လျော်လေ့ ရှိသူ၊ စကားပြောမှု၌ မွေ့လျော်လေ့ ရှိသူ၊ နိုးကြားထကြွမှုမရှိ ပျင်းရိသူ၊ လျင်မြန်စွာ အမျက်ထွက်လေ့ ရှိသူ၊ ထိုသူ ငါးမျိုးတို့သည် ပျက်စီးဆုတ်ယုတ်ရ၏။
(၄) အိုမင်းမစွမ်း၍ ပစ္ဆိမအရွယ်သို့ ရောက်နေကြပြီဖြစ်သော အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်ပါလျက် မကျွေးမွေး၊ မပြုစုသောသူသည် ပျက်စီးဆုတ်ယုတ်ရ၏။
(၅) ရဟန်းသံဃာများ ကိုသော်လည်းကောင်း၊ သူတော်စင်ပုဂ္ဂိုလ်များ ကိုသော်လည်းကောင်း၊ ထို့အပြင် သူတောင်းစားများ ကိုသော်လည်းကောင်း ပစ္စည်းလေးပါးဖြင့် ပင့်ဖိတ်ထားပြီးလျက် မုသားပြောဆိုခြင်းဖြင့် လှည့်ပတ်သူသည် ပျက်စီးဆုတ်ယုတ်ရ၏။
(၆) များစွာသော စည်းစိမ်ဥစ္စာ၊ ငွေကြေးနှင့် စားသောက်ဖွယ်ရာများ ပြည့်စုံသူ ဖြစ်ပါလျက် ကောင်းမြတ်သော စားသောက်ဖွယ်ရာတို့ကို တစ်ယောက်တည်း စားသုံးသူသည် ပျက်စီးဆုတ်ယုတ်ရ၏။
(၇) အမျိုးဇာတိမာန် ခက်ထန်သူ၊ ဥစ္စာဓနမာန်မာန ခက်ထန်သူ၊ အမျိုးအနွယ် မာန်မာန ခက်ထန်သူ၊ မိမိဆွေမျိုးကိုလည်း မထီမဲ့မြင် ပြုသူ၊ ထိုသူလေးမျိုးတို့သည် ပျက်စီးဆုတ်ယုတ်ရ၏။
(၈) မိန်းမကြူး၊ သေသောက်ကြူး၊ လောင်းကစားကြူးခြင်းဖြင့် မိမိတွင်ရှိသော ဥစ္စာကို ဖျက်ဆီးသူသည် ပျက်စီးဆုတ်ယုတ်ရ၏။
(၉) မိမိ၏မယားဖြင့် တင်းတိမ်ရောင့်ရဲမှု မရှိဘဲ ပြည့်တန်ဆာမတို့၌ ပျော်မွေ့သူ၊ သူတစ်ပါး မယားတို့၌ ပြစ်မှားသူ၊ ထိုသူတို့သည် ပျက်စီးဆုတ်ယုတ်ရ၏။
(၁၀) အရွယ်လွန်ပြီးဖြစ်သော ယောက်ျားသည် အသက်အရွယ် အလွန်ငယ်သော အမျိုးသမီးငယ်ကို အိမ်ထောင်ပြု၏။ ထိုအမျိုးသမီးငယ်အား အခြားသော ယောက်ျားများဖြင့် စိတ်မချရသော အတွက်ကြောင့် မအိပ်နိုင် ဖြစ်ရ၏။ ထိုသူသည် ပျက်စီးဆုတ်ယုတ်ရ၏။
(၁၁) ငါး၊ အမဲ စသော အစားအစာတို့၌ မက်မော၍ စည်ကမ်းမဲ့ ဖရိုဖရဲ ပြုတတ်သော မိန်းမကိုသော်လည်းကောင်း၊ ယောက်ျားကိုသော်လည်းကောင်း အိမ်ထောင်ထိန်း အရာ၌ ထားသော သူသည် ပျက်စီးဆုတ်ယုတ်ရ၏။
(၁၂) ပစ္စည်းဥစ္စာနည်း၍ စည်းစိမ်ဥစ္စာတို့၌ လိုချင်တပ်မက်မှု အားကြီးမားပြီး မင်းအဖြစ်ကို တောင့်တ နေသောသူသည် ပျက်စီးဆုတ်ယုတ်ရ၏။
လောက၌ ဖြူစင်ကောင်းမြတ်ပြီး ဉာဏ်အမြင်နှင့် ပြည့်စုံတဲ့ ပညာရှိသည် ဤ ပျက်စီးဆုတ်ယုတ်ကြောင်း တရားတို့ကို ကောင်းစွာ ကြည့်ရှုဆင်ခြင်၍ ရှောင်ရှားနိုင်သောကြောင့် ချမ်းမြေ့အေးမြသော နတ်ပြည်လောကကို ချဉ်းကပ်ရ၏။
အဲဒါတွေဟာ မြတ်စွာဘုရား ဟောကြားခဲ့တာလေ။
သားတို့၊ သမီးတို့လည်း အဲဒီ ပျက်စီးဆုတ်ယုတ်ကြောင်း တရားတွေကို ရှောင်ရှားနိုင်ပြီး ကြီးပွားတိုးတက်တဲ့ သူတွေ ဖြစ်အောင် ကျင့်ကြံ အားထုတ်ကြရမယ်နော်…

0 comments:
Post a Comment