ပြုလိုသေးသော သုတေသန(၂)
မနက်က သူငယ်ချင်းအဖေ ဆုံးသွားတယ်လို့ ကြားရတယ်။ လွန်ခဲ့တဲ့ လေးရက်လောက်က သူ့အဖေ ဆေးရုံတက်နေရတဲ့ အကြောင်းကို သူမဟုတ်တဲ့ အခြားသူငယ်ချင်းတစ်ယောက်က အကြောင်းကြားတယ်။ အစာအိမ်သွေးကြော ပေါက်တယ်လို့ ပြောတယ်။
Esophageal varices က ပေါက်တာဖြစ်ဖို့များတယ်လို့ ကိုယ့်ဖာသာ ပြင်တွေးလိုက်တယ်။ သွေးအန်တာက မရပ်မနား အများအပြားလို့ ဆိုတာကိုး။ အခုနပြောတဲ့ Esophageal varices (မြန်မာလို အစာရေမြို သွေးကြောထုံး) တွေက သွေးကြောပေါက်တာကို အရပ်ထဲမှာ အစာအိမ်သွေးကြောပေါက်တယ်လို့ပဲ ပြောကြတယ်။ သူက အဖြစ်များတယ်။ အသည်းခြောက်လာရင် ဒါမှမဟုတ် အသည်းကင်ဆာ ဖြစ်လာရင် အစာရေမြိုနဲ့ အစာအိမ်အစပ်ကြားက မမြင်ရတဲ့ သွေးကြော သေးသေးလေးတွေက ဖောင်းကားတင်းမာပြီး တီကောင်သာသာ ဖြစ်လာတယ်။ ဒီတော့ပေါက်ဖို့ အခွင့်အလန်းများတယ်။ အသည်းခြောက်တာမျိုး ဖြစ်တဲ့လူတွေဟာ ကျန်တာတွေထက် အဲဒီ နေရာက သွေးကြောတွေပေါက်လို့ သေဆုံးတဲ့လူများတယ်။
ဒါပေမဲ့အစာအိမ်အနာက တစ်ဆင့် အစာအိမ်အနောက်ဖက်က သွေးကြောကို လှိုက်စားပြီး သွေးကြောပေါက်တာလည်း ဖြစ်နိုင်သေးတယ်။ ဒါကိုလည်း အစာအိမ်သွေးကြောပေါက်တယ်လို့ ခေါ်ကြတာပဲ။ တူတာကတော့ မတူဘူး။ တခြားစီပဲ။
မနက်က သူငယ်ချင်းရဲ့အဖေ ဆုံးသွားတယ်လို့ ကြားတာနဲ့ စိတ်မကောင်းတာနဲ့အတူ ထုံးစံအတိုင်း အချက်အလက်တွေ ပြန်မေးနေမိတယ်။ ကရုဏာမရှိဘဲ မေးနေတာတော့ မဟုတ်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ကိုယ်ကသိထားရမှ ထပ်ဆင့်အကြံပေးလို့ ရမှာကိုး။ အမေးခံရတဲ့ သတင်းပို့ပေးတဲ့ သူက အဲဒီဆုံးသွားတဲ့ ဦးလေးမှာ အသည်းရောင်အသားဝါ စီပိုးရှိတယ် ဒေါက်တာခင်မောင်ဝင်း နဲ့ပြနေရတယ် လို့ ပြောတယ်။ အသိမိတ်ဆွေတွေထဲက ဒီလိုနည်းနဲ့ ဆုံးသွားတာကို ကြားရတာ အခုနှစ်အတွင်း ဒါကဒုတိယအကြိမ်ပဲ။ ပထမတစ်ဦးက ရှစ်တန်းတုန်းက ဆရာမ တစ်ဦး။ သူလည်း စီပိုးရှိတယ်၊ လင်ဇီးဘာညာလည်း သောက်တယ်၊ ဆရာဝန်လည်းပြတယ်၊ အစုံပေါ့၊ နောက်တော့ အစာအိမ်သွေးကြောပေါက်ပြီး ဆုံးသွားတယ်။
သူ့ရဲ့မိတ်ဆွေ ဆရာမတစ်ဦး (သူငယ်ချင်းနောက်တစ်ဦးရဲ့ အဒေါ်)မှာလည်း စီပိုးရှိနေတယ်လို့ ဆိုတယ်။ ဒါနဲ့ သူငယ်ချင်းတစ်ဦးရဲ့ အဘွားမှာ အသည်းကင်ဆာ နဲ့ဆုံးသွားတယ် ဆိုတာကို သတိရနေတယ်။ အဲဒီအဘွားလည်း စီပိုးပဲ။ သူငယ်ချင်းရဲ့ မောင်မှာလည်း စီပိုးရှိနေတယ် ဆိုတယ်။
အဲဒါနဲ့ ရူပဗေဒဘွဲ့ရ၊ ဂျီတီအိုင် နည်းနည်းတက်ဖူးပြီး၊ သဘောင်္သားလုပ်နေတဲ့ ညီအစ်ကိုလိုကောင် မြို့ပြန်သွားတယ် ကြားတော့ လှမ်းမေးလိုက်တယ်။ "ငါတို့မြို့က စီပိုးနဲ့ဘီပိုးရှိတဲ့လူ တော်တော်များနေတယ်၊ မင်းသိသလောက် ပြောစမ်းပါ"လို့ဆိုတော့ "အေးကွ ၄၀ ရာခိုင်နှုန်းလောက်တောင် ရှိမယ် ထင်တယ်" ဟိုလူတွေ ဒီလူတွေ ရှိနေတယ်လို့ ပြောပြတယ်။၄၀% ဆိုတာကတော့ များလွန်းတယ်၊ မဖြစ်နိုင်ပါဘူး။ ၄၀ ရာခိုင်နှုန်းဆိုတာ လူဆယ်ယောက်ထိုင်နေရင် လူလေးယောက်က စီသို့မဟုတ်ဘီ ပိုးရှိရမှာကိုး။ ဒါက (ဆရာ)မေ့ဆေးစိုးမြင့် ရေးတဲ့ "အာဖရိကရောက် မြန်မာတစ်ယောက်"စာအုပ်ထဲကလို နမီးဘီးယားမှာ HIV ပိုး ၃၀ ရာခိုင်နှုန်းရှိတာနဲ့ သွားတူနေတယ်။ လူဆယ်ယောက်ထိုင်နေရင် သုံးယောက်မှာ HIV ပိုးရှိတယ်လို့ သူရေးဖူးတယ်။ နောက်တော့ အဲဒီမှာ HIV ပိုးရှိတာဟာ မဆန်းတော့ဘူးတဲ့။ ပိုးရှိသူကိုလည်း အိမ်ထောင်ပြုကြ လက်ထပ်ကြတာပဲတဲ့။
၄၀ % ဟုတ်ချင်မှ ဟုတ်မှာ ဖြစ်ပေမဲ့ စီပိုးနဲ့ဘီပိုးရှိနေတဲ့သူ တော်တော်များတာကတော့ အသေအချာပဲ။ မြို့က အရင်က ခဏခဏ ရေကြီးတတ်တော့ ရေကြောင့်ကူးတာနဲ့ တူတယ်လို့ သူငယ်ချင်းက လုပ်သေးတယ်။ အဲဒါနဲ့ ပိတ်ဟောက်လိုက်ရတယ်။ ဘီပိုးနဲ့စီပိုးဟာ ရေက မကူးတတ်တာကို မသိဘဲ B.Sc ဘွဲ့ကို ယူခဲ့သေးတယ်လို့။ (ဘာရယ်မဟုတ်ပါဘူး စိတ်ထဲထိထိခိုက်ခိုက် စွဲသွားအောင် နှိမ်လိုက်တာပါ။)
သွေးကပဲ ကူးတာများပါတယ်။ လိင်ကတစ်ဆင့် ကူးရအောင်ကလည်း ဆရာမ နှစ်ယောက်လုံးက အပျိုကြီးတွေ။ အခုဆုံးသွားတဲ့ သူငယ်ချင်းရဲ့ အဖေကလည်း လိင်ကတစ်ဆင့်ကူးလောက်တဲ့ လူလည်း မဟုတ်ဘူး။ မူးယစ်ဆေး အကြောထဲ သွင်းရလောက်အောင်လည်း မြို့ကလူတွေက ဒီလောက်ခက်ခက်ခဲခဲ ဆေးရှာတာ၊ ဆေးသွင်းတာ မလုပ်တတ်ဘူး။ နယ်စပ်မှာလို ဒီဘက်က မလွယ်ဘူးလေ။ လွယ်တဲ့မြို့ကို တကူးတကသွားပြီး လူအတော်များများ မူးယစ်ဆေးသုံးစွဲနေတယ်လို့ ယူဆရင်တော့ မပြောတတ်ဘူး။ ဒီတော့ ဘီပိုးဆိုရင်တော့ ရေသောက်တဲ့အခါမှာ ဖန်ခွက်တစ်ခုတည်း သွားရည်က တစ်ဆင့်ကူးတာလည်း ဖြစ်နိုင်သေးတယ်။ အိမ်သားအချင်းချင်း ကူးတာတွေပေါ့။ ဒါကတော့ ဒုတိယအဆင့်ကူးတာမျိုး ဖြစ်နေတယ်။ ဒါလည်း သေချာတဲ့ ကူးစက်နည်းမဟုတ်ဘူး။ စီပိုးက တံတွေးကမှ မကူးတာ။ နောက်တစ်ခုကမေးစရာရှိတာက အိမ်သားအချင်းချင်း မဟုတ်ဘဲ အပြင်က ကိုယ့်အိမ်သားထဲကို ဘယ်လိုနည်းနဲ့ကူးလာခဲ့သလဲ။ ဒီလောက်များများနဲ့ ထိထိရောက်ရောက် ပြန့်ပွားနိုင်လောက်တဲ့ နည်းလမ်းကဘာလဲ။
ဘီကတော့ လိင်ကတစ်ဆင့် ကူးတယ်။ စီပိုးက လိင်ကကူးတာ ရှိတယ်။ နည်းနည်းပါးပါးပဲ ကူးတဲ့လူရှိတာ ဖြစ်တဲ့အတွက် ဒီလောက်များပြားတဲ့ စီပိုး ကူးစက်ခံရသူနဲ့ ဒီဝန်ဆောင်မှုကို အသုံးချတဲ့လူတွေထဲမှာ အပျိုကြီးတွေတော့ မပါသင့်ဘူးလို့ တွက်ဆထားတယ်။ သိပ်မဖြစ်နိုင်ဘူး။
သွေးကကူးတာကရော။ အသေအချာပဲ။ သွေးက ကူးတာဖြစ်ဖို့များပါတယ်။ သွေးက ဘယ်ကနေဘယ်လို ဒီလူနာတွေဆီ ရောက်လာရသလဲ။ မုတ်ဆိတ်ရိတ်တာတို့ tattoo ထိုးတာတို့များလား။ လုပ်ကြံပြီး အဖြေထုတ်ရသလို ဖြစ်နေတယ်။ မဟုတ်မှန်းက သိနေတယ်။
တစ်အိမ်တည်း အတူနေတဲ့ ညီအစ်ကို မုတ်ဆိတ်ရိတ်ဓားကို မျှဝေသုံးစွဲတယ် ဆိုတာမျိုးကတော့ ဟုတ်ချင်ဟုတ်မယ်။ အပြင်က လူနဲ့ မျှသုံးခဲ့တာကတော့ ဟုတ်မယ် မထင်ဘူး။ အရင်က ပွဲဈေးတန်းမှာ တက်တူးထိုးပေးတာတွေရှိတာကို တရားခံရှာရမလိုဖြစ်နေတယ်။
နောက်တစ်နည်းကတော့ သွေးသွင်းတာနဲ့ ဆေးထိုးအပ်အပါအ၀င် ဆေးရုံပစ္စည်းတွေကနေ ကူးတာပါ။ ၁၉၉၀ မှာ နိုင်ငံတကာအနေနဲ့ effective bloodscreening for virus ဗိုင်းရပ်စ်အတွက် အလှူခံထားတဲ့သွေးတွေကို ထိထိရောက်ရောက် စစ်ဆေးတဲ့နည်း ပေါ်လာတဲ့ အတွက် သွေးသွင်းပြီးတဲ့နောက် အသည်းရောင်ပိုးကူးတာကို (၁၉၉၀မှ ၁၉၉၃အတွင်း) ၅%နှုန်းလျှော့ချနိုင်ခဲ့တယ် လို့ဆိုတယ်။ ဒါက သူများနိုင်ငံက အခြေအနေ။ တစ်မြို့လုံးအတိုင်းအတာနဲ့ သွေးလည်း သိပ်သွင်းရတာမဟုတ်လို့ တစ်မြို့လုံးက လူတော်တော်များများ စီပိုးရှိနေဖို့အထိတော့ ဒီအဖြေက သိပ်မသေချာသေးပါဘူး။
အဲဒီမှာ တစ်ခုသွားသတိရတယ်။ ကျွန်တော်တို့ လေးငါးတန်းလောက်အထိ ဆေးထိုးခံရရင် ဆေးထိုးပြွန်က ဖန်ပြွန်ကြီးတွေ။ တစ်ခါထိုးပြီးရင် ရေနွေးနဲ့ပြုတ်ပြီး ထပ်ထပ်ပြီး ပြန်ပြန်သုံးတယ်။ မြန်မာလူမျိုးကလည်း အအေးမိနှာစေးတာကအစ ဆေးထိုးဖို့ပူဆာတတ်တာဆိုတော့ ဆရာဝန်ပဲဖြစ်ဖြစ် အပ်ပုန်းပဲဖြစ်ဖြစ် လူနာကသာ အိမ်ကြွပါလို့ လာပင့်ရင် ဆေးတစ်လုံးလောက်ဖြစ်ဖြစ် ထိုးပစ်ခဲ့တာပါပဲ။ ထိုးပြီးရင် အိမ်က ရေနွေးလေး တည်ထားတာရှိတယ်။ ဇလုံလေးတစ်ခုထဲကို ရေနွေးထည့်ပြီး အဲဒီဆေးထိုးအပ်ရော ပြွန်ရောထည့်ပြီး စိမ်လိုက်တယ်။ အဲဒါကို ပြုတ်တယ်လို့ ပြောလိုက်တယ်။ ပြီးတော့ အဲဒီအပ်ကို ပြန်သုံးတယ်။
ဒီအခြေအနေက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ဝန်းကျင်က မှတ်မိတဲ့ အပိုင်းအစလေးတစ်ခု။ အခုခေတ်မှာ ဘယ်လိုတွေ လုပ်နေကြသလဲတော့ မပြောတတ်ဘူး။ လူထုကြားထဲ ထဲထဲဝင်ဝင် ဆင်းပြီး စပ်စုတဲ့လူမှ ပဲပြောတတ်မယ်။ လီနင်မော်စီတုန်း သမားတွေ လေထွားထွားနဲ့ ပြောသလို ပြည်သူ့အတွက်ဆရာဝန် ပေါ့လေ။ အဲဒီလိုစပ်စုတဲ့လူမျိုးရှိမှ ကောင်းတာတော့ အမှန်ပဲ။ အခုခေတ်မှာ အကြောဆေးထိုးတာ ခေတ်စားနေတာလောက်တော့ သတိပြုမိတယ်။ ဒါနဲ့ပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုက ဆေးထိုးခဲ့တာတွေက ဒီခေတ်မှာ စီပိုးအနေနဲ့များ လာဒုက္ခပေးနေသလားလို့ ဟိုက်ပိုသီးဆစ်ထုတ်မိတယ်။
တင်ပါးပဲဖြစ်ဖြစ် လက်ကသွေးကြောထဲဖြစ်ဖြစ် ဆေးထိုးအပ်တစ်ချောင်းဝင်သင့်တဲ့ အခြေအနေဟာ အင်မတန်နည်းပါးပါတယ်။ ဆိုလိုတာက မ၀င်သင့်ဘဲ စိတ်ချမ်းသာအောင် placebo အနေနဲ့ အပ်နဲ့ထိုးခဲ့တာတွေက ဒုက္ခပေးနေတယ်နဲ့ တူပါတယ်။
လောလောဆယ်တော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုနှစ်ခုက ဆေးထိုးအပ်တွေ မသန့်ခဲ့လို့များ ဒီပိုးတွေပျံ့နှံ့နေသလားလို့ သံသယဖြစ်ပါတယ်။ သုတေသန လုပ်သင့်ပါတယ်။ ရမ်းပြောဖို့ မသင့်ပေမဲ့ ဟိုက်ပိုသီးဆစ်လို့ပဲ သဘောထားပေးပါ။ ၁၉၉၀ နောက်ပိုင်းမွေးတဲ့ကလေးတွေမှာ စီပိုးဘီပိုးဖြစ်တာ နည်းမယ်ထင်ပါတယ်။ တစ်ချို့ပြောသလို အများသုံးရေကို ဓာတ်ခွဲကြည့်ပြီး Arsenic များတယ်ဆိုတာတို့ ရေခဏခဏကြီးလို့ အသည်းရောင်တယ်ဆိုတာတို့ နဲ့လျှောချလိုက်တာကတော့ ဘီနဲ့စီအတွက် တော်တော် ရယ်စရာကောင်းတယ်။
တစ်ခါသုံးအပ်သုံးတဲ့ခေတ်မှာ ဆိုပေမဲ့ တရားမ၀င် ခွဲစိတ်ခြင်းတွေ ရှိသေးတယ်။ သားကြောဖြတ်တာကအစ အိမ်မှာ ယောကျာ်းရဲ့ သုက်ကြောကို ဖြတ်တာမျိုး မြင်ဖူးပါတယ်။ အဲဒီကိရိယာတွေကို ဘာလုပ်သလဲ။ ရေနွေးနဲ့စိမ်ပါတယ်။ တောသာသာ မြို့မှာက သာမန်ဆေးခန်းတွေမှာက ရေနွေးနဲ့ပြုတ်တာပဲ တတ်နိုင်မှာပဲ။ ဒါပေမဲ့ ပြုတ်ဖို့ဖြစ်ပါတယ်။ စိမ်တာနဲ့ ပြုတ်တာက လုံးဝမတူတာကို မသိတာက အခက်ကြီး ခက်တယ်။
ဆေးရုံကြီးမှာတောင် autoclave နဲ့ပေါင်းထားတဲ့ဟာတွေကို အသေးစားခွဲစိတ်မှုတွေမှာ သုံးမယ်မထင်ဘူး။ ကျွန်တော်တို့လည်း မရှိတဲ့နေရာမှာ အသေးစားခွဲစိတ်မှုဆိုရင် ရေနွေးနဲ့ ကျကျနန ပြုတ်တယ်။ Oven ထဲ ထည့်ပေါင်းပြီး ကိရိယာတွေကို ပြန်သုံးရတာပါပဲ။ ဒါက ကျကျနန ဆိုတဲ့ စကားလုံးကို သတိရရင် စိတ်ချရပါတယ်။ အချို့ကျတော့ ကျကျနနလုပ်တာ မရှိဘူး။ ပြီးပြီးရောလုပ်ပစ်လိုက်တယ်။ ဂရုတစိုက်ကြပ်ကြပ်မတ်မတ်မလုပ်တော့ အန္တရာယ်များပါတယ်။ တောဘက်က အချို့သောအကျင့်တွေက ဆေးပညာဘွဲ့မရဘဲနဲ့ လက်စွမ်းပြချင်တာရယ် နာမည်ရချင်တာရယ်တွေ ရှိနေတယ်။ ဆေးပညာဘွဲ့ရတဲ့ ပုဂ္ဂိုလ်တွေကတော့ တောဘက်မှာ အလုပ်မ၀င်တော့ဘူး။ လခနည်းတာရယ် အဆင့်အတန်း နိမ့်တာရယ်ကြောင့်။ ဒီတော့ ကျကျနန မလုပ်တတ်တဲ့လူတွေက စွန့်စားပြီး ဆေးကုပေးနေတာကို ကျေးဇူးတင်ရမလို ဖြစ်တယ်။
ဘီပိုးက ၈၀ ရာခိုင်နှုန်းလောက် အလိုအလျောက် ပျောက်နိုင်သေးတယ်။ စီပိုးကျတော့ သေချာပေါက်နီးပါးပဲ အသည်းကင်ဆာအထိ ဇာတ်ပြောင်းသွားတယ်။ ကုလို့ မရဘူးလားဆိုတော့ (ဆရာ)ဒေါက်တာခင်မောင်ဝင်းတို့ကတော့ ဒီပိုးနှစ်ခုလုံးကို interferon နဲ့ ကုနေတယ်။ မပျောက်ဘူးတော့မဟုတ်ဘူး။ တစ်ဦးနဲ့တစ်ဦး အခြေအနေမတူတော့ ကုလို့မရတဲ့ လူတွေလည်း ရှိတယ်။ ဒီပိုစ့်က အချက်အလက် အစုံအလင်ပေးမဲ့ ပိုစ့်မဟုတ်ပါဘူး။ စဉ်းစားစရာပေးဖို့ ကတမ်းကတမ်းရေးရတဲ့ပိုစ့်ပါ။ သတိပေးချင်တာလည်း ပါပါတယ်။
နာမည်ကျော်အင်တာဖရွန်နဲ့ ပတ်သက်ရင်တော့ ပျောက်ဖို့သေချာသလောက်ရှိမှ ကုချင်တယ်လို့ ဆရာခင်မောင်ဝင်းတို့က ပြောဖူးတယ်။ အချို့လူနာတွေကျတော့ ဘာပဲဖြစ်ဖြစ် ကုမယ်လို့ လုပ်တာလည်း ရှိတော့ မလိုအပ်ဘဲ ပေးလိုက်ရတာတွေ ရှိပြီး အသေစောကုန်ပြန်တယ်။ အသက်ရှည်သင့်သလောက် မရှည်ရတဲ့ အကြောင်းကတော့ အတိုင်းအရှည်ကို မသိလို့ပါပဲ။ မလိုအပ်ဘဲ ဆေးထိုးခြင်း ဆေးသောက်ခြင်းများလုပ်ခြင်းနဲ့ လိုအပ်ရဲ့သားနဲ့ ဆေးထိုးဆေးသောက် မလုပ်တာကြောင့် အသေစောရတယ်။
ခုနက တောင်တောင်အီအီတွေ ရေးထားတာက ပြုလိုသေးတဲ့သုတေသန(၂)ပါ။ အကြားအမြင်များ၍ မင်္ဂလာရှိကြစေကုန်သတည်း။

0 comments:
Post a Comment