မြင်အောင်ကြည့်စေချင်ပါတယ်..
သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒကို ကျယ်ပြန့်ထွန်းကားအောင်လုပ်တာပဲ၊ အရေးကြီးတာက ကိုယ့်ဝါဒကို ကျယ်ပြန့်ထွန်းကားစေချင်ရင် သူ့ဝါဒကို မထိပါး၊ မပုတ်ခတ်ရဘူး၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို သူတို့ရဲ့ မိရိုးဖလာအယူဝါဒ ဓလေ့ထုံးဆိုတာ ရှိတယ်။ ဒါတွေကို အလကား မိစ္ဆာဝါဒတွေ၊ ရူးကြောင်ကြောင် အလုပ်တွေ ဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့ အရေးကြီးတယ်။ (ကမ္ဘာ့သာသနာပြုဆရာတော် အရှင်သေဋ္ဌိလ)
ဒီအကြောင်းရာလေးကို အရင်ဆုံးဖော်ပြရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ဘာသာသာသာနာကို တန်ဖိုးထားရင် သူများဘာသာကိုလည်း တန်ဖိုးထားတတ်စေချင်လို့ပါ။ ကိုယ့်ဘာသာရဲ့တန်ဖိုးကို မြင်အောင်ကြည့်စေချင်ပြီး သူများဘာသာကိုလည်း အထင်မသေးစေလိုပဲ လေ့လာစေချင်တဲ့ သဘောတရားတွေပါပါတယ်။ အရင်ဆုံးကတော့ ကိုယ့်ဘာသာရဲ့ အဆုံးအမတွေကို မြင်အောင်ကြည့်စေချင်တာပါ။ ကိုယ့်ဘာသာကို မျက်စိစုံမှိတ်ပြီး မယုံစေချင်သလို သူများဝါဒကိုလည်း အလကားပါကွာလို့ မပြောစေချင်ပါဘူး။ ဒီတော့ ကိုယ့်ဘာသာရဲ့ တန်ဖိုးကို အရင်ဆုံး မြင်အောင်ကြည့်ပါလို့ ဦးစွာတိုက်တွန်းလိုပါတယ်။
ဘာသာတန်ဖိုးဆိုတဲ့ ခေါင်းစဉ်ကြီးဟာ အင်မတန် ကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့တွေသိတဲ့ ဘာသာရဲ့တန်ဖိုးနဲ့ ဘုရားရှင်ရဲ့ တပည့်သားသံဃာတော်တွေသိတဲ့ ဘာသာရဲ့တန်ဖိုး နှိုင်းယှဉ်လိုက်ရင် အင်မတန်မှ အမြင်ချင်းကွာခြားပါတယ်။ သီလ၊ သမာဓိ၊ ပညာကြီးကျယ်မြင့်မြတ်တာချင်း ကွာခြားသွားသလို ဘုရားရှင်ရဲ့ ဘာသာ(အဆုံးအမ) တန်ဖိုးကို အမြတ်တနိုး တန်ဖိုးထားတာချင်းဟာလည်း ကွာခြားသွားတာပါ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘုရားရှင်ရဲ့အဆုံးအမ၊ ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို တတ်နိုင်သလောက် မြင်အောင်ကြည့်ပါ.. မြင်အောင်ကြည့်နေယုံနဲ့ မပြီးသေးပါဘူး တခြားဘာသာတွေကိုလည်း လေ့လာပါ.. တန်ဖိုးထားပါလို့ ပြောကြားလိုပါတယ်။
ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ တခြားဘာသာကြီးးတွေနဲ့ မတူတဲ့အချက်တွေ အများကြီးရှိပါတယ်။ ထင်ရှားတဲ့အချက် နည်းနည်းလောက်ကို ဖော်ပြပေးချင်ပါတယ်။ ကျွန်တော်တို့ ဘာသာမှာ ဘုရားရှင်ကို ယုံကြည်ကိုးကွယ် ရှိခိုးနေရုံနဲ့ နိဗ္ဗာန်ကို မရောက်နိုင်ပါဘူး။ ဘုရားရှင်ကလည်း သူ့ကိုကိုးကွယ်ရင် နိဗ္ဗာန်ရောက်အောင် ပို့ပေးမယ်လို့ တာဝန်မယူခဲ့ပါဘူး။ အတ္တာဟိ အတ္တနော နာထော- မိမိကိုယ်သာကိုးကွယ်ရာပါပဲ။ မိမိပြုမှားတဲ့အကုသိုလ်အပြစ်တွေကို ငါဘုရား ကုစားပေးမယ်လို့ တာဝန်လည်းမခံဘူး.. ငါ့ကိုကိုးကွယ်ရင် မင်းတို့လုပ်သမျှအပြစ်တွေ ပျောက်စေရမယ်လို့လည်း တာဝန်မယူခဲ့ပါဘူး။ ဘုရားရှင်တာဝန်ယူတာကလမ်းကြောင်းမှန်ပြမယ်။ ဒီဆေးကိုသောက်ရင်တော့ ဒီရောဂါပျောက်မယ်.. ဒီလမ်းအတိုင်းလျောက်.. ဒီလမ်းအတိုင်းသွား.. ဒါဆိုရင်နိဗ္ဗာန်ရောက်မယ်.. ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ် ဆိုးတာလုပ်ရင် ဆိုးကျိုးပေးမယ်လို့ ဆုံးမခဲ့တာပါ။ ဒါ့ကြောင့်လည်း ဘာသာရေးလိုက်စားတဲ့ ပညာရှင်အချို့က ပြောကြပါတယ်.. Buddhism is not a religion တဲ့။ ဟုတ်ပါတယ်နော်.. ဗုဒ္ဓဟာ ဖန်ဆင်းရှင်လည်း မဟုတ်သလို.. ကယ်တင်ရှင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် သတ္တ၀ါတွေအားလုံးကို မသေရာနိဗ္ဗာန်သို့ ရောက်အောင် ပို့ဆောင်ပေးတဲ့ ကယ်တင်ရှင်လို့ ပြောရင်တော့ မမှားနိုင်ပါဘူး။ နိဗ္ဗာန်သွားမယ့်လမ်း.. အို၊ နာ၊ သေဘေးက ကင်းဝေးမယ့်လမ်းကို အမှောင်ခွင်းပြီး အလင်းရောင်ပြပေးသွားတဲ့ လမ်းပြဗုဒ္ဓလို့ ခေါ်ဆိုရင်လည်း မမှားနိုင်ပါဘူး။
နောက်တစ်ချက်က ဘုရားရှင် ကိုယ်တော်တိုင် ကာလာမတိုင်းသားတို့ကို ဟောကြားခဲ့တဲ့ ကာလာမသုတ်တော်ပါ အချက်တွေပါ။ ကာလာမတို့- ပြောသံကြားရုံနဲ့လည်း မယုံနဲ့၊ ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့၊ အဲသလို ဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့၊ ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်လေးနဲ့လည်း မယုံနဲ့၊ ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်းမယုံနဲ့၊ ကိုယ်ယုံကြည်ရိုသေတဲ့သူရဲ့စကား ဆိုပြီးတော့လည်း မယုံနဲ့၊ သူများပြောတိုင်းလည်း မှန်ပြီလို့မယုံနဲ့၊ အစဉ်အလာလက်ခံခဲ့ကြလို့လည်း မယုံနဲ့၊ စာပေကျမ်းဂန်ထဲမှာ ပါတယ်လို့လည်း မယုံနဲ့.. ကိုယ်ပိုင်ဥာဏ်နဲ့ အထပ်ထပ် ချင့်ချိန်ပြီး ကျိုးကြောင်းခိုင်မာမှ ယုံပါလို့ ဟောကြားခဲ့တဲ့ ဆုံးမစကားပါ။ ဒီအကြောင်းအရာပါ အချက်အတိုင်းပါပဲ.. ကျွန်တော်တို့တွေဟာလည်း ဘုရားရှင်ကို တကယ်ကြည်ညိုတယ်ဆိုရင် ဘုရားရှင်ရဲ့ အဆုံးအမတွေကို လိုက်နာကျင့်ကြံလုပ်ဆောင်ကာ ကိုယ်တိုင်မြင်အောင်ကြည့်ပြီး လိုက်နာကျင့်ကြံစေလိုပါတယ်။
ဒီကာလာမသုတ်ပါအချက်ကို ဘာလို့ပြောရလဲဆိုတော့.. ဒီအချက်ဟာ.. ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတွေရဲ့ ခြားနားတဲ့ အချက်ပါပဲ။ ကျွန်တော်ပြောချင်တာကတော့ ကိုယ့်ဘုရားမလို့ သူများပြောလို့သာ ကြည်ညိုလိုက်တယ်။ ဘုရားစာလိုက်ဆိုလို့သာ ဆိုလိုက်ရတယ်.. ဘာမှန်းလည်းမသိ ဘာမှလည်း မသိလိုက်ရဘူး.. ဟိုလူပြောဟုတ်နိုးနိုး ဒီလူပြောဟုတ်နိုးနိုးနဲ့တော့ ဘုရားကို မကိုးကွယ်သင့်ပါဘူး။ တကယ်တမ်းက ဘုရားဟောကြားတဲ့ တရားတွေကို လိုက်နာကျင့်သုံးပြီးတော့.. ကိုယ်ပိုင်အသိဥာဏ်နဲ့ ချင့်ချိန် သုံးသပ်သင့်ပါတယ်။ ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းအရင်းကတော့ ဘယ်သူတွေ ဘာတွေပဲပြောပြော ကိုယ်ပိုင်အသိဥာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပါ။ ဘုရားကို မျက်စိနှစ်လုံးပိတ်ပြီး ဇွတ်မယုံကြည်ပဲနဲ့.. ကိုယ်ပိုင်အသိဥာဏ်နဲ့ ဘုရားဟောကြားခဲ့တဲ့ တရားစကားများကို လိုက်နာကျင့်ကြံကြည့်ပါ။ မိမိကိုယ်တိုင် ဟုတ်မဟုတ်ဆုံးဖြတ်ဖို့.. ပညာမျက်စိနှစ်လုံးပွင့်ဖို့ ဆိုရင်တော့ ဘုရားရှင်ရဲ့ အဆုံးအမကိုအရင်ဆုံး မြင်အောင် ကြည့်နိုင်အောင် ကြိုးစားစေလိုပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ တရားမြင်မှ ဘုရားမြင်မယ်.. ဘုရားမြင်မှ သံဃာမြင်မယ်.. ဘုရား၊ တရား၊ သံဃာမြင်မှ နိဗ္ဗာန်မြင်မယ်ဆိုတဲ့ ဆုံးမစကားလေးပါ။ ကျွန်တော်တို့တွေအနေနဲ့ အရင်ဆုံး ဘုရားရှင်ရဲ့ အဆုံးအမကို မြင်အောင်ကြည့်ဖို့ အရေးကြီးပါတယ်။ ဘုရားရဲ့ အဆုံးအမတန်ဖိုးကို သိလေလေ ဘုရားရှင်ကိုကြည်ညိုလို့ မ၀လေပါပဲ။ ဒါတွေဟာ တကယ်လိုက်နာ ကျင့်ကြံအားထုတ်နေတဲ့သူတွေ အမှန်တကယ်သိလာရမယ့် လက်ရှိအကျိုးပေးမယ့် အရာတွေပါ။ ဒါ့ကြောင့် ဘုရားကို တကယ်ကြည်ညိုတယ်.. မိမိကိုးကွယ်နေတဲ့ဘာသာကို တကယ်တန်ဖိုးထားတယ်ဆိုရင်တော့ အရင်ဆုံး ဘုရားရှင်ရဲ့ အဆုံးအမတွေကိုပဲ မြင်တွေ့အောင် ရှာဖွေလိုက်နာကျင့်ကြံလုပ်ဆောင်ကြည့်ပါလို့ အဓိက မှာလိုပါတယ်။ ဘုရားရှင်ရဲ့ အဆုံးအမကို မြင်အောင်ကြည့်ကာ လိုက်နာကျင့်ကြံရင်းဖြင့် ဓမ္မမိတ်ဆွေအပေါင်း မဂ်ဖိုလ် နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။

0 comments:
Post a Comment