အွန်လိုင်းပေါ်မှသာဓုခေါ်သံများ...
(International University of Main Kelaniya in Srilanka)
ယခုလိုအင်တာနက်ခေတ်မှာ အွန်လိုင်းတရားပွဲတွေ အများအပြား လုပ်ဆောင်နေကြပါတယ်။ ဘုရားရှင်ရဲ့တပည့်သား သံဃာတော်များဟာလည်း မိမိတို့နေထိုင် သတင်းသုံးနေသော အဝေးတနေရာကနေ ဗုဒ္ဓဘာသာဝင်များအတွက် တတ်အားသ၍ ကုသိုလ်ပညာတရားတွေ တိုးပွားဖို့ရာ စေတနာအရင်းတည်၍ ဓမ္မရေအေးအမြိုက်ဆေးများ တိုက်ကျွေးနေကြပါတယ်။ အမိနိုင်ငံနဲ့ ခွဲခွာပြီး ရပ်ဝေးကိုရောက်ရှိနေသော ဗုဒ္ဓဘာသာဝင်တွေရဲ့ ရင်ထဲနှလုံးသားထဲမှာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမတွေ မပျောက်ပျက်ရအောင်၊ မရှိသေးတဲ့ အသိတရားတွေ ရရှိအောင်၊ ရှိပြီးသား အသိတရားများလည်း တိုးပွားသထက် တိုးပွားလာနိုင်အောင် သံဃာတော်များဟာ အွန်လိုင်းတရားပွဲများ ကျင်းပပြီး သာသနာတော် အကျိုးပြုလုပ်ငန်းများကို တတ်အားသ၍ ဆောင်ရွက်နေကြပါတယ်။
ယခုလို ဆောင်ရွက်နေကြတဲ့အထဲမှာလည်း သိရိလင်္ကာတွင် စာပေပရိယတ္တိများသင်ကြားရင်း သာသနာအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေတဲ့ ဆရာတော်ပညာနန္ဒ(ကြံခင်း)လည်း တစ်ပါးအပါအ၀င်ပါပဲ။ ဆရာတော်က ကျွန်တော်တို့လို လူငယ်တွေရဲ့ နှလုံးသားထဲမှာ ဘုရားအဆုံးအမတွေ ကိန်းဝပ်ဖို့အတွက် စေတနာအရင်းတည်၍ မေတ္တာရှေ့ထားကာ ဓမ္မရေအေးများကို တိုက်ကျွေးခဲ့ပါတယ်။
ဆရာတော်ရဲ့တရားတော်ကို နာကြားဖို့အတွက် အရင်ဆုံး ကျွန်တော်တို့ ကျောင်းရဲ့ ဘုရားခန်းမှာ ညအချိန်(၁၁)နာရီမှာ ဦးစွာစုဝေးစေပါတယ်။ တရားတော်နာကြွရောက်သူ အပေါင်းမှာ (၁၅)ယောက်ခန့်လောက် ရှိပါတယ်။ ဆရာတော်ကအရင်ဆုံး တရားတော် မဟောကြားသေးမီမှာ.. ဘုရား၊တရား၊သံဃာစသော ရတနာမြတ်သုံးပါးကို ရှိခိုးကန်တော့စေပြီး သရဏဂုံသုံးပါးနဲ့ ငါးပါးသောသီလတော်မြတ်တို့ကို ဦးစွာ ခံယူဆောက်တည်စေပါတယ်။ ဆောက်တည်စေပြီးမှ သတ္တ၀ါအပေါင်းကို မေတ္တာဓါတ်တွေပို့ရင်း တရားနာကြားသူအပေါင်းရဲ့ စိတ်နှလုံးကို အေးချမ်းစေပါတယ်။ မေတ္တာဓါတ်တွေ ပို့လွှတ်ပြီးပြီဆိုမှ သစ္စာလေးပါးဆိုသော တရားတော်ကို စတင်ဟောကြားခဲ့ပါတယ်။ ဆရာတော်ဟောကြားသော သစ္စာတရားတော်ကို အကျဉ်းချုပ်အနေနဲ့ ဓမ္မမိတ်ဆွေများ သာဓုခေါ်နိုင်စေဖို့ အလို့ငှာ ပြန်လည်ဖော်ပြလိုက်ပါတယ်။
ဘုရားရှင်ရဲ့ တရားတော်မြတ်တွေဟာ အမြဲတမ်း မဖောက်မပြန် မှန်ကန်တဲ့ တရားတွေဖြစ်ပါတယ်။ အမြဲတမ်းမဖောက်မပြန်မှန်ကန်တဲ့ တရားတော်တွေဖြစ်တဲ့ အတွက်လည်း ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေကို သစ္စာတရားလို့ ခေါ်ဆိုထိုက်တာပါ။ လောကမှာဘုရားရှင်ရဲ့ ဆုံးမစကားဟာ အကောင်းဆုံးနဲ့ အမွန်မြတ်ဆုံး တရားတော်တွေပါပဲ။ အမြဲတမ်း မဖောက်မပြန် မှန်ကန်တဲ့ သစ္စာတရား (၄)ပါးရှိပါတယ်။ အဲ့ဒါတွေကတော့ (၁) ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား၊ (၂) သမုဒ္ဒယသစ္စာ- ဆင်းရဲခြင်း၏အကြောင်းအမှန်တရား၊ (၃) နိရောဓသစ္စာ- အေးငြိမ်းခြင်းရဲ့အမှန်တရား (၄) မဂ္ဂသစ္စာ- အေးငြိမ်းခြင်းရဲ့အကြောင်းအမှန်တရား၊ ဆိုတဲ့ (၄)ပါးတို့ပဲ ဖြစ်ပါတယ်။
သစ္စာ(၄)ပါးမှာ ဒုက္ခသစ္စာကို ဦးစွာဖော်ပြလိုပါတယ်။ ဒုက္ခဆိုတာ ဆင်းရဲခြင်းပါ.. သတ္တ၀ါအားလုံးဟာ ဆင်းရဲခြင်းသုံးပါးနဲ့ မလွဲမသွေ ရင်ဆိုင်နေကြရပါတယ်။ အဲ့ဒါတွေကတော့ (၁) သတ္တ၀ါတို့ မွေးဖွားလာရခြင်း (၂) သတ္တ၀ါတို့ အသက်ရှင်သန်ဖို့အတွက် လုံးပန်းနေရခြင်း (၃) သေဆုံးရခြင်း တို့ပဲဖြစ်ပါတယ်။ ဒီအချက်သုံးချက်ကို ဘယ်သက်ရှိသတ္တ၀ါမှ ရှောင်လွဲလို့ မရနိုင်ပါဘူး။ ရှောင်လွှဲလို့မရနိုင်သလို ဆင်းရဲခြင်း အမှန်တရားဆိုတာလည်း ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။ ဒီလိုမျိုး မွေးလိုက် သေလိုက်ဆိုတဲ့ ဒုက္ခတရားတွေကနေလွတ်ဖို့.. အမြဲမအိုရာ မသေရာနိဗ္ဗာန်ကို တက်လှမ်းနိုင်ဖို့အတွက်ဆိုရင် ဘုရားရှင်ဟောကြားခဲ့တဲ့ မဂ္ဂင်တရားနဲ့ သွားမှသာ မအိုရာမသေရာ အမြတ်နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
မဂ္ဂင်တရား ရှစ်ပါးရှိပါတယ်။ မဂ္ဂင်တရား (၈)ပါးကတော့
(၁) သမ္မာဒိဋ္ဌိ- ဖြူစင်သန့်ရှင်း၊ ကောင်းမြတ်မှန်ကန်သော ဥာဏ်အမြင် အယူအဆရှိခြင်း၊
(၂) သမ္မာသင်္ကပ္ပ- ဖြူစင်သန့်ရှင်း၊ ကောင်းမြတ်မှန်ကန်သော အကြံအစည်ရှိခြင်း၊
(၃) သမ္မာဝါစာ- ဖြူစင်သန့်ရှင်း ကောင်းမြတ်မှန်ကန်သော ပြောဆိုမှုရှိခြင်း၊
(၄)သမ္မာကမ္မန္တ- ဖြူစင်သန့်ရှင်း ကောင်းမြတ်မှန်ကန်သော အလုပ်ကိုလုပ်ကိုင်ခြင်း၊
(၅)သမ္မာအာဇီဝ- ဖြူစင်သန့်ရှင်း ကောင်းမြတ်မှန်ကန်သော အသက်မွေးမှုရှိခြင်း၊
(၆)သမ္မာဝါယမ- ဖြူစင်သန့်ရှင်း ကောင်းမြတ်မှန်ကန်သော အားထုတ်မှုလုံ့လရှိခြင်း၊
(၇)သမ္မာသတိ- ဖြူစင်သန့်ရှင်း ကောင်းမြတ်မှန်ကန်သော မမေ့မလျော့မှုရှိခြင်း၊
(၈)သမ္မာသမာဓိ- ဖြူစင်သန့်ရှင်း ကောင်းမြတ်မှန်ကန်သော စိတ်တည်ကြည်မှုရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီမဂ္ဂင်တရားရှစ်ပါးနဲ့ ကျင့်ကြံအားထုတ် လုပ်ဆောင်နိုင်မှသာ ဒုက္ခခတ်သိမ်းမှ ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဆရာတော်မှ မဂ္ဂင်ရှစ်ပါးရဲ့ တစ်ခုခြင်းရဲ့ အနှစ်သာရကို ပြုမှုကျင့်ကြံအားထုတ်နိုင်ရန်အတွက် အသေးစိတ် ဟောပြဆုံးမသွားခဲ့ပါတယ်။ မဂ္ဂင်ရှစ်ပါးကို အကျဉ်းချုပ်လိုက်ရင် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးရပ်ရပါတယ်။ သီလ၊ သမာဓိ၊ ပညာကို မိမိတတ်စွမ်းသ၍ ဖြည့်ကျင့်နိုင်သလောက် ဖြည့်ကျင့်ဖို့အတွက်လည်း အထူးအလေးထား ဆုံးမသွားပါတယ်။ နေ့စဉ်အသုံးချနေတဲ့ အချိန်တိုင်းမှာ ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်ခုခု အမြဲရရှိနိုင်အောင် ကြိုးစားအားထုတ်ဖို့ လိုအပ်ကြောင်း နှင့် လက်ရှိယခုရရှိနေတဲ့ ဘ၀မှာ ဒါန၊ သီလဆိုတဲ့ ကုသိုလ်တရားတွေနဲ့ တင်းတိမ်မနေပဲနဲ့ ၀ိပဿနာဘာဝနာကုသိုလ်ပါ တွဲဖက်ပြီး လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းကို ဆုံးမသွားပါတယ်။ ဆရာတော်ဟောကြားသော သစ္စာတရားတော် မပြီးဆုံးသော်လည်း အချိန်(၁)နာရီပြည့်ပြီဖြစ်တဲ့အတွက် တရားတော်ကို ၀ိပဿနာဘာဝနာတရားအားထုတ်ဖို့ မမေ့စေနဲ့ဆိုတဲ့ အချက်မှာတင်ပဲ ခေတ္တ အဆုံးသတ်ထားပါတယ်။ ဆရာတော်ဘုရားရဲ့ သစ္စာတရားအပိုင်း(၂)ကိုလည်း နောက်အပါတ် စနေနေ့ည(၁၁)နာရီမှာ ထပ်မံဟောပြောမှာ ဖြစ်ကြောင်းနှင့် ဓမ္မမိတ်ဆွေအပေါင်းကိုလည်း ကုသိုလ်တရားတွေမှာ မမေ့စေဖို့ အထူးအလေးနက် ဆုံးမသြ၀ါဒ ပေးသွားခဲ့ပါတယ်။
တရားတော်ဟောကြားလို့ အပြီးမှာ ဓမ္မမိတ်ဆွေအပေါင်းတို့ကို ဘုရားရှင်အား ၀ိပဿနာဘာဝနာနဲ့ အချိန်(၁၅)မိနစ်ခန့် အားထုတ်ပူဇော်စေပါတယ်။ တရားထိုင်နေစဉ် အတွင်းမှာလည်း ဘယ်လိုမျိုး စိတ်ကိုထားရမယ်.. ၀ိပဿနာကို ဘယ်လိုအားထုတ်ရမယ် ဆိုတဲ့ အသေးစိတ် အချက်အလက်များကိုလည်း တရားရှုမှတ်ပွားများရင်း ဆုံးမသြ၀ါဒ ပေးသွားခဲ့ပါတယ်။ တရားနာကြား၊ တရားအားထုတ်လို့ ပြီးဆုံးသွားချိန်မှာတော့ ကုသိုလ်ကောင်းမှုအစုစုတို့ကို သတ္တ၀ါအပေါင်းတို့အား ရေစက်ချ အမျှပေးဝေခဲ့ပါတယ်။ တရားပွဲကို ည(၁)နာရီမှာ အဆုံးသတ်စေပြီး ဓမ္မမိတ်ဆွေအပေါင်းကို ကုသိုလ်တရားတွေမှာ မမေ့မလျော့မပေါ့မဆပဲ ကြိုးစားအားထုတ်ကြဖို့ အထူးအလေးနက်မှာသွားပါတယ်။
ယခုအချိန်မှာတော့ အွန်လိုင်းပေါ်ကနေ သာဓုခေါ်သံများဟာ ကမ္ဘာအရပ်ရပ်မှာ ပြန့်နှံ့လို့ နေခဲ့ပါပြီ။ ဗုဒ္ဓဘာသာအမိနိုင်ငံရဲ့ အဝေးတနေရာ ရေခြားမြေခြားတွင် ရောက်ရှိနေသော ဓမ္မမိတ်ဆွေများအတွက်လည်း ဘုရားရှင်ရဲ့ တပည့်သားသံဃာတော်တွေရဲ့ တရားတော်ကို တိုက်ရိုက် ကြားနာခွင့်ရနေကြပါပြီ။ ဗုဒ္ဓရဲ့ အဆုံးအမတွေ စင်္ကြာဝဋ္ဌာတစ်ခွင်လုံး ပြန့်နှံ့နိုင်စေဖို့အလို့ငှာ ဘုရားရှင်ရဲ့ တပည့်သားသံဃာတော်မြတ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း ကြည်ညိုဖွယ် ကောင်းလွန်းပါပေတယ်။ ယခုလို အွန်လိုင်းတွေမှာ စေတနာအရင်းတည်ဟောပြောဆုံးမနေတဲ့ သံဃာတော်မြတ်တွေရဲ့ ဂုဏ်ကျေးဇူးတော်တွေကိုလည်း ရှိခိုးကန်တော့လိုက်ပါတယ်။ အွန်လိုင်းတရားပွဲများ ဒီထက်ပိုမိုလုပ်ဆောင်နိုင်စေပြီး မြတ်ဗုဒ္ဓရဲ့သာသနာ အဓွန့်ရှည်တည်တံ့နိုင်ပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်းလည်း ဆရာတော်ဟောကြားတဲ့ အွန်လိုင်းပေါ်မှ တရားသံများကို ပြန်လည်သာဓုခေါ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ပြုလုပ်ခဲ့သမျှကုသိုလ်ကောင်းမှု အစုစုတို့ကိုလည်း အမျှပေးဝေပါတယ်…။ အမျှ.. အမျှ.. အမျှ.. ယူတော်မူကြပါကုန်လော့…
(သာဓု.. သာဓု.. သာဓု..)။
မေတ္တာရှေ့ထားကာ အသိပေးနှိုးဆော်အပ်ပါသည်..
ရေခြားမြေခြားတွင်ရောက်ရှိနေသော ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် အွန်လိုင်းမှတဆင့် တရားတော်များ တိုက်ရိုက်နာကြားယူနိုင်ရန်၊ သီလတော်များ ခံယူဆောက်တည်နိုင်ရန်အတွက် ဆရာတော်အရှင်ပညာနန္ဒ(ကြံခင်း)မှ မေတ္တာရှေ့ထားကာ လက်ခံဟောကြား ပေးနေပါသည်။
ဆက်သွယ်ပင့်လျောက်နိုင်ရန်..
အရှင်ပညာနန္ဒ(ကြံခင်း)
(International University of Main Kelaniya in Srilanka)
pyinnyarnanda@gmail.com
http://living-of-peace.blogspot.com


0 comments:
Post a Comment