* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 5, 2009

ဝိပဿနာတရားကို နယ်လေးပါးနှင့် ပိုင်းခြားခြင်း

ဦးဝိဇယ==ဤ နယ် (၄)ပါး တရားကို နာကြားပြီး တပည့်တော် သဘောပေါက်တာလေး လျှောက်ထား ပါအုံးမည် ဘုရား။(၃၁)ဘုံမှာ ရှိကြကုန်သော သတ္တဝါတွေဟာ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ပိတ်ဖုံးထားသောကြောင့် အဆင့်မြင့်သိစရာများကို ဘာမှသိခွင့်မရကြပါဘူးဘုရား။တစ်ဘဝမှာ သင်ထားကြား ထားတဲ့ အသိတွေဟာလည်း အမှန်တကယ်မရှိသော ( အဝိဇ္ဇမာန ပညတ်နယ်) အထင် မျှသာဖြစ်သောကြောင့် ဘာတစ်ခုမှ ရေရာမှုမရှိကြပါဘူး။ မရေရာသော ဘဝမှာ မရေရာ သော အထင် အထည် တွေနှင့် ဆင်းရဲမျိုးစုံနှင့် သံသရာမှာ ခန္ဓာတွေဆက်ကာဖြစ်နေရပါတယ်။

မြတ်စွာဘုရားပွင့်လာမှသာ အဆင့်မြင့်သိစရာများကိုသိခွင့်ရကြပါတယ်။ ယခု အချိန်မှာလည်း ဘုရားအဆုံး အမ တွေရှိနေသေးသောကြာင့် ဘုရားရှိသကဲ့သို့ပင် တရားတွေဟာ အားကိုးလောက် ပါတယ်။ ဒါပေမယ့် ထိုတရားတွေဟာ ပါဠိစကားဖြင့်သာ တည်ရှိပါတယ်။ထိုပါဠိစကား၏ ဆိုလိုချက် အမှန်ကို သိဖို့ရန် မိမိခန္ဓာရှိ တရားများကိုမလေ့လာပဲ လုံးဝသိနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ထင်ရာ ကိုယ့်စိတ်မှာ ပုံဖော်သည့်အတိုင်း ဘာသာပြန်ကြလျှင်လည်း အဆင့်မြင့် သိစရာများကို သိနိုင်ကြမှာ မဟုတ်ပါဘူး။ယခုခေတ် သာသနာလောကကြီးမှာ စာဘက်သန်သူများ ကလည်း ခန္ဓာဘက်သန် သူများ ကို အပြစ်ပြောနေကြပါတယ်။ ခန္ဓာနှင့်စာ တစ်သားတည်းဖြင့်မှ သာသ နာနှင့်တွေ့ရကျိုးနပ် ကြမှာပါဘုရား။ရရှိတဲ့ လက်ရှိဘဝ ကို အကျိုးရှိရှိ အသုံးချနိုင်ကြမှာပါဘုရား။

ဒါန၊သီလ ၊သမထ ၊ဝိပဿနာ ဟူသော အကျဉ်းချုပ် သာသနာ အလုပ်များကိုကြားရသောအခါ အဝိဇ္ဇာမာန ပညတ်နယ် မှာပင် သုံးမျိုးကွဲသွား လိမ့်မယ်။ ပထမဦးဆုံး ကြားရသောသူများမှာ (ဘာမှန်းမသိဘူး) ဟူသောစိတ်မှာ ပုံဖော်ပြီး အထင် အထည် ပေါ်လာလိမ့်မယ်။ ထို အထင်အထည် ပုံဖြင့်ပင် အဆင့်မြင့်သိစရာများကို သိခွင့်မရဘဲ အသိဉာဏ် ကန်းနေကြကုန်သော သတ္တဝါတွေများစွာရှိပါတယ်။ လူ့လောကကြီးမှာပင် အလွန်များပါတယ်။

မိမိ နှလုံးသွင်းမှားမှုကြောင့် ဘာသာစွဲ၊ပုဂ္ဂိုလ်စွဲများဖြင့် ဒါန၊သီလ၊ သမထ၊ဝိပဿနာ ဟူသောစကားကို ကြားရသောအခါ (ဆိုးတယ်)ဟူသော အထင် အထည် ကြီး စိတ်မှာပေါ်လာတတ်ပါတယ်။ ထို အထင်အထည်ကြီးကို မှန်မမှန် စိစစ်ခွင့်မရကုန်သော သတ္တဝါတွေလည်းမြောက်များစွာ ရှိနိုင်ပါတယ်။ဤ လူ့လောကကြီးမှာပင် အလွန်များပါတယ်။ တန်ဘိုးဖြတ်မရသော လူ့ဘဝ၏ တန်ဘိုးကို မသိဘဲ တန်ဘိုးမရှိသော အလုပ်တွေနှင့်သာ ဘဝနိဂုံးချုပ်ကြရပါတယ်။

(ဘာမှန်းမသိဘူး) ဟူသောအထင်အထည် နှင့် (ဆိုးတယ်) ဟူသော အထင် အထည် များကို ကျော်ဖြတ် ပြီး (ကောင်းတယ်) ဟူသောအထင်အထည်ပုံများ စိတ်မှာထင်လာပါတယ်။ ထို (ကောင်းတယ်) ဟူသော အထင်အထည် ပုံများ ကိုအမှီ ပြုပြီး စိတ်ထဲမှာ ကောင်းတယ် ထင်တာတွေ ပြုလုပ်နေကြပါတယ်။(စွန့်လွှတ်ခြင်း၊ ချမ်းသာခြင်း) စိတ်အစဉ် သည် ကောင်းတယ်ဟု အသိဉာဏ် အဆင့်မတက်သေးသမျှ အဝိဇ္ဇာမာန ပညတ်နယ်မှာ ကိုယ်ထင်ရာကိုယ်လုပ်နေကြပါတယ်။

ဗုဒ္ဓဘာသာလောကမှာ ကောင်းခြင်း အမှန်တရားကို မသိမမြင်ကြတဲ့အတွက်ကြောင့်ဒါန အမည်တပ်ပြီး ထင်ရာလုပ်ခြင်း၊ သီလ အမည်တပ်ပြီး ထင်ရာလုပ်ခြင်း၊ သမထ အမည် တပ်ပြိး ထင်ရာလုပ်ခြင်း။ ဝိပဿနာ အမည်တပ်ပြီး ထင်ရာလုပ်ခြင်း များပေါ်ပေါက်နေ ပါတယ်။အမှန်မသိသေးသရွေ့ ထိုအလုပ်များ ရပ်မည် မဟုတ်ပါဘူး။ငွေကုန်၊လူပန်း အချိန်ဖြုန်းပြီး တန်ဘိုးရှိလှတဲ့ လူ့ဘဝကို တန်ဘိုး မသိဘဲ သေသွားကြတဲ့ ပုဂ္ဂိုလ်တွေလည်း မြောက်များစွာရှိပါတယ်။

အဝိဇ္ဇာမာနပညတ်နယ်ကိုလွန်ပြီး ဝိဇ္ဇာမာနပညတ်နယ် အထိ အဆင့်မြင့်လာပြန်တော့လည်း ကိုယ့်အောက် အသိဉာဏ်နိမ့် သူများကများသောကြာင့် ရပ်တည်ရာ မရကြပါဘူး။ အသိဉာဏ်ဖြစ်စေ ချင်သော ဆန္ဒတွေကများပြီး ပြုလုပ်ပြောဆိုကာ ဖြစ်ချင် တိုင်းဖြစ်ရင် လောဘ၊ မဖြစ်လာလျှင် ဒေါသ များဖြင့် အောက်ဆင့်ကို သာပြန်ရောက်နေကြ ပါတယ်။ကိုယ့်အသိနဲ့ကိုယ် မနေနိုင်ဘဲ အနိမ့် အမြင့်ပြော ကာ ဆင်းရဲနေကြပြန် ပါတယ်။ လွတ်လပ်ခြင်း ၊ချမ်းသာခြင်း ကို မရနိုင်ကြပြန်ပါဘူး။အမှန်မဟုတ်သော အထင် အထည်ကြောင့် ဘဝရဲ့ရပ်တည်ရာကို မရနိုင်ကြပါဘူး။တရားသမားများသတိထားစရာဖြစ်နေပါတယ်။

ဝိဇ္ဇာမာနပညတ်နယ်ကိုကျော်လွန်ပြီး သဘောနယ်ကိုရောက်သော အခါ သဘောနယ်မှ သိစရာသည် အလွန်သိမ်မွေ့လွန်းနေပါတယ်။ သိမ်မွေ့သောသိစရာ ကိုသိမ်မွေ့သောစိတ်ဖြင့်သာ သိနိုင်သာကြောင့် အခါခပ်သိမ်းသိနိုင်ဘို့ ခက်ခဲနေပြန်ပါတယ်။

ဝိပဿနာ ဟူသောစကားကို စာအုပ်ဖတ်၍ ဖြစ်စေ၊ပြောပြ၍ ဖြစ်စေ၊ကြားရလျှင် (ဘာမှန်းမသိဘူး) ဟူသော အထင်အထည် အဆင့်၊ ဆိုးတယ်ဟူသော အထင်အထည် အဆင့်၊ (ကောင်းတယ်)ဟူသော အထင်အထည်အဆင့် အားဖြင့် (၃)ဆင့်သောအထင်အထည်နယ် သည် အဝိဇ္ဇာမာနပညတ်နယ် ဖြစ်ပါတယ်။

(ငါ့ ခန္ဓာကိုယ် )ဟူသော အစွဲကို စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း၊ အမှတ်အသား လက္ခဏာ ပါသော စိတ်အစဉ် အထင်အထည်ကို (ဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။

ဝိဇ္ဇာမာန ပညတ်နယ် ဖြစ်သေ စိတ်အစဉ် အထင်အထည်ကို တစ်စက္ကန့်မှာ အစိတ်ေပေါင်းကုဋေ တစ်သိန်းစိတ်ပြီး ထိုအစိတ်များထဲမှ တစ်ခုသော ခန္ဓာစွဲကို (စွန့်လွှတ်ခြင်း၊ ချမ်းသာခြင်း) အမှတ်အသားပါဝင်သော ဖြစ်ပျက်သဘောလေးကို (သဘောနယ်)ဟုခေါ်ပါတယ်။

ထိုသဘောနယ်မှာပါဝင်သော ဖြစ်ပျက်သဘောလေး တစ်ခုသည် အကြောင်းမပါပဲ ဖြစ်လို့မရခြင်း၊ကိုယ်ပိုင်စွမ်းအားနှင့်ဖြစ်နိုင်ခြင်းမှ ကင်းဆိတ်ခြင်း၊ ကာလသုံးပါးတွင် ကိုယ်ပိုင်အနှစ်အသား မပါဝင်ခြင်းကြောင့် မူလ ဖြစ်ပျက်ခြင်းသဘောသည် (သုညနယ်)ဖြစ်ပါတယ်။

ဝိပဿနာဋ္ဌ တိုက်ရိုက်အဓိပ္ပါယ်မှာ သဘောနယ်နှင့် သုည နယ်ကို သိမြင်ခြင်းဖြစ်ပါတယ်။ ဝိပဿနာ အလုပ်ကို အားထုတ်တယ် ဆိုရာမှာ သဘောနယ် နှင့် သုည နယ်မှာရှိ သော သိစရာ အာရုံကို အာရုံပြုနေနိုင်သော အချိန်သည် ဝိပဿနာအားထုတ် တဲ့ အချိန်ဖြစ်ပါတယ်။ ပညတ် (၂)မျိုးကို အာရုံပြုအားထုတ်နေလျှင် (ဝိပဿနာ) ဟု နာမည်တပ်သော်လည်း ဝိပဿနာ အတုသာ ဖြစ်ပါတယ်။

ဘာကြောင့်ဝိပဿနာ အတုတွေ ဖြစ်နေရသလဲဆိုရင် အဝိဇ္ဇာမာန ပညတ်နယ် ကို အသိဉာဏ်ဖြင့် မကျော်လွန်နိုင်သောကြောင့် (ကောင်းတယ်)ဟူသော အထင်အထည်ဖြင့် ခန္ဓာကိုယ်ကို အမျိုးမျိုး ပုံစံချကာ ကောင်းတာတွေ့နိုးနိုးဖြင့် ပင်ပန်းဆင်းရဲနေကြပါတယ်။

စိတ်ကိုလည်းအမျိုး မျိုး ဘောင်ခတ်ချုပ်တည်းကာ ကောင်းတာတွေ့နိုးနိုးဖြင့် ကြိုးစားပင်ပန်းနေကြပါ တယ်။ ခန္ဓာကိုယ်ချုပ် ၊စိတ်ကိုလည်းချုပ်ပြီး ကြားဘူးတဲ့စကားများဖြင့် ထင်သလိုပုံဖေါ်ကာ ထင်တာတွေ တွေ့နိုးနိုးဖြင့် လိုက်ရှာနေကြပါတယ်။ တပည့်တော် ကိုယ်တိုင်ပင် အသိဉာဏ် မမြင်ခင်က နှစ်တော်တော် ကြာကြာလုပ်ခဲ့ဘူးပါတယ်။ဟုတ်သလိုလို ဖြင့် ဘာမှ မဟုတ်ခဲ့ပါဘူးဘုရား။

ဟုတ်သလိုလို ကို အဟုတ်ထင်ခြင်းမောဟ။အဝိဇ္ဇာ အားကောင်းလာလျှင် ထိုမဟုတ်တဲ့ အတု အလုပ် ကို စွန့်လွှတ်ဘို့ ခဲယဉ်းတယ်။အတုအလုပ်လို့ သိဘို့ရာပင် မလွယ်ကူတော့ပါဘူး။ရာထူးတိုးခြင်း၊အခြံအရံများခြင်း၊ ကျော်ကြားခြင်း အစရှိသော လောကီဂုဏ်များက ထပ်ဖိလိုက်အုံးမယ်ဆိုရင် လူတစ်ယောက်ကို မြင့်မိုရ်တောင်နဲ့ ဖိခံရသလိုဖြစ်လာပါတယ်။

သိဉ္စည်းဆရာကြီးကဲ့သို့ ရေလောင်းအိုးကြီး ဘဝမှ ရေထည့်အိုး ဘဝသို့အရောက်ခံနိုင်မှာ မဟုတ်ပါဘူး။မိမိ မသိမှုဖြင့်ပြခဲ့သော အလုပ်အတုကြီး ကို အလုပ်အစစ်ဖြစ်အောင် ဘုရားပါဠိတော်များကို ကိုးကားပြီး ကိုယ်ထင်ရာ ဆွဲပြော ကာ သာသနာပြုနာမည်တပ်ပြီး အသိဉာဏ်နည်းသူတွေ အလွန်များလာပါတယ်။တရား အစစ်အမှန် ကိုတွေ့ဘို့ အလွန်ခက်ခဲနေကြပါတယ်။အသိဉာဏ်ဖြင့် ကိလေသာ ငြိမ်းအေးအောင် မလုပ်နိုင်ကြ သောကြောင့် ကိလေသာအာရုံ ဂုဏ်လာဘ် ဘက်မှာ မျောနေကြသည်မှာ သနားစရာ ပင်ဖြစ်ပါတယ် ဘုရား။

အချို့သော တရားသမားတွေကတော့ အဝိဇ္ဇာမာနပညတ်ကို ကျော်လွန်ကြပါတယ်။ ဝိဇ္ဇာမာန ပညတ်နယ်ကိုရောက်တဲ့အခါ အမှန်တွေ့ ပြီထင်ပြီး ကိုယ့်ကိုကို အထင်ကြီးနေကြပါတယ်။ (သဘော၊သဘော) ဟူသော စကားကို တသောသော သုံးပြီး ကိုယ်ထင်ရာကိုယ်ပြောနေကြပါတယ်။ အနိမ့်အမြင့် တိုင်းပြီး ငြင်းကြ၊ ခုံကြ ပြောကြ ဆိုကြနှင့် တန်ဘိုးရှိသော လူ့ဘဝကို ဖြုန်းနေကြသည် မှာလည်း သနားစရာပင် ဖြစ်နေပြန်ပါတယ်။

မမြင်ဘူး မူးမြစ်ထင်–ဟူသောစကားပုံကဲ့သို့ ပါဠိစကားလုံး ကြီးကြီးသုံးပြီး နေကြပြန်ပါတယ်။ လွတ်လပ်ခြင်း၊ချမ်းသာခြင်း မရရှာကြပါဘူး။ အစဉ် သန္တန်ပညတ် ကိုပရမတ်ထင်ကာ အဟုတ်ထင်ခြင်း အဝိဇ္ဇာဓာတ်ကြီး လွှမ်းမိုး ဖိစီး ခံနေရပြန်ပါတယ်။

ထိုဝိဇ္ဇာအား ကောင်းရင် အားကောင်းသလောက် သမုဒယပွား ဒုက္ခတွေများနေကြပါတယ်။ လွတ်လပ်ခြင်း၊ချမ်းသာခြင်း ဟူသော ဝိမုတ္တိရသကို တွေးလုံးတွေနှင့် ဘဝဆုံးသွားကြပါတယ်အစစ်ကိုမရဘဲ အတုနှင့်သာ ရင်ဆိုင် နေရပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP