* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 5, 2009

*စာလုံးပေါင်း-၂*


ဒီတစ်ခါတော့ မြန်မာစာ စာလုံးပေါင်းမှာ မှားတတ်တဲ့ ကျ နဲ့ ကြ အသုံးအနှုန်း လေးကို သူငယ်ချင်း တစ်ယောက်က တောင်းဆိုလို့ ကျွန်တော် သိသလောက် ပြောပြ ပါရစေ။ ဥပမာ စာကြောင်းလေး တွေနဲ့ယှဉ်၍ ဖတ်ကြည့်ပါဦး။

၁။ အသေမဦးခင် ဉာဏ်ဦးအောင် လုပ်ကြ။
စာကြောင်းက တိုက်တွန်းတဲ့ အဓိပ္ပါယ်.. တစ်ယောက်ထက်ပိုတဲ့ နောက်တစ်မျိုး ပြောရရင် အဖွဲ့လိုက် လုပ်ကြ၊ ကိုင်ကြ၊ ပြေကြ၊ ဆိုကြ ဒီလို နေရာမျိုးမှာ ရရစ် ကြကို သုံးပါတယ်။

၂။ မရှိတောင့်တ၊ ရှိကြောင့်ကြ။
ကြောင့်ကြကိုလည်း ရရစ်နဲ့ပဲ သုံးရပါတယ်။

၃။ မနွယ်သည် ထမင်းဝိုင်းကို ကျကျနန ပြင်ဆင်ထားသည်။
ဒီနေရာမှာတော့ ယပင့် ကျ ကိုသုံးပါတယ်။ ကြကြနန လို့ မသုံးပါဘူး။

၎။ ကျပန်းစကားပြော ပြိုင်ပွဲမှာ မောင်မောင် ပထမရသည်။
ကျပန်းစကားကိုတော့ ယပင့်နဲ့ သုံးတာ အကုန်လုံးနီးပါး သိကြမှာပါ။

၅။ သတိထားနော.. လိမ့်ကျမယ်။
အမြင့်ကနေ အနိမ့်ကို လိမ့်ကျတာတို့၊ အပါယ်ကျတာတို့၊ စာမေးပွဲ ကျတာတို့ကိုတော့ ယပင့် ကျ နဲ့ သုံးပါတယ်။

၆။ စာကြိုးစား၍ စာမေးပွဲ အောင်ကြသည်။
ဒီနေရာမှာလည်း နံပါတ် တစ်စာကြောင်း လိုပါပဲ..။ တစ်ယောက်ထက်ပိုတဲ့ အများရဲ့ လုပ်ဆောင်မှု၊ ဖြစ်တည်မှု တွေကို ရရစ် ကြ နဲ့သာ သုံးပါတယ်။ ကြိုးစား ကိုလည်း ရရစ်နဲ့ပဲ သုံးပါတယ်။

၇။ စာမကြိုးစား၍ စာမေးပွဲ ကျကြသည်။
စာမေးပွဲ ကျ တာကတော့ ယပင့် ကျပေါ့။ စာမေးပွဲ ကျတာက တစ်ယောက်ထက် ပိုလို့ ကျကြသည်လို့ သုံးသွားတာပါ။

၈။ နွေရာသီရောက်၍ သစ်ရွက်များကြွေကြသည်။
၉။ သစ်ပင်ပေါ်မှ သစ်ရွက်များ မြေပြင်ပေါ်သို့ ကြွေကျသည်။
ဒီစာကြောင်း နှစ်ကြောင်းကတော့ နည်းနည်း ရှင်းမှရမယ်..။ အပေါ်စာကြောင်းက ကြွေကြသည်မှာ ရရစ် ကြ နဲ့ သုံးထားတဲ့အတွက် အဓိပ္ပါယ်က သစ်ရွက်တွေရဲ့ ပုံမှန် ကြွေတဲ့သဘောကို ပြတယ်၊ နောက်တစ်မျိုး ကိုယ်တိုင် ဖြစ်ပျက်တာကို ဆိုလိုတယ်၊ ဘေးလူရဲ့ အမြင်မပါဘူး၊ အရှိကို အရှိအတိုင်း ဖော်ပြတာ၊ အောက်က စာကြောင်းနဲ့ နှိုင်းယှဉ်ပြီး ပြောရရင် မြေကြီးပေါ် ရောက်သည်အထိ ကြွေတဲ့သဘော မယူရဘူး၊ သစ်ပင်ပေါ်ကနေ မြေကြီးပေါ် မရောက်ခင် စပ်ကြား ကာလလို့ ပြောလို့လည်း ရတယ်။

နံပတ်ကိုး စာကြောင်းကတော့ ကြွေတော့ ကြွေတာပဲ၊ ဒါပေမယ့် ကြွေကျသည်လို့ ပယင့် ကျ ကို သုံးလိုက်တဲ့ အတွက် မြေကြီးပေါ်အထိ ရောက်တဲ့ အဓိပ္ပါယ် ပါသွားတယ်။ ဒီနေရာမှာ ဒီသစ်ရွက် ကြွေကျတာ ကျတော့ ဘေးလူရဲ့ အမြင်ပါတယ်၊ နောက်တစ်မျိုး ပြောရရင် မြေကြီးအထိ ရောက်တဲ့ direction ပါတယ်၊ နံပါတ် ရှစ်ကတော့ direction တော့ပါတယ်၊ ဒါပေမယ့် လေမှာ ၀ဲနေတဲ့ အခိုက်အတန့်ပဲ၊ မြေကြီးနဲ့ မထိသေးတဲ့ အခြေအနေပါ။

၁၀။ လုပ်နေကျ အလုပ်တွေ လုပ်နေကျ အချိန်မှာ ပုံမှန်လုပ်နေကြသည်။
ရှေ့က လုပ်နေကျသည် အချိန်ကာလ တစ်ခု ပုံမှန်ရှိသော ပုံမှန် လုပ်ဆောင်မှု သဘောကို ညွှန်း၍ နောက်မှ လုပ်နေကြသည် တစ်ယောက်ထက် ပိုသော လူအများ၏ လုပ်ဆောင်မှုကို ဖော်ဆောင်ပါတယ်။ လုပ်နေကျ၊ ဖြစ်နေကျ၊ သွားနေကျ ကဲ့သို့သော အသုံးမျိုးတွင် ယပင့် ကျ ကိုသာ သုံးရပါမည်။

၁၁။ ရင်ထဲမှာ ကျလိကျလိ ခံစားနေရလား..။
ကျလိကျလိ အသုံးတွင် ယပင့်ကိုသာ သုံးရပါမည်။

၁၂။ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေ၏။
ဤနေရာတွင် အပ်သည် အမြင့်တစ်နေရမှ ကျ ခြင်းဖြစ်၍ ယပင့် ကျ ကိုသာ သုံးရပါမည်။

၁၃။ အံမာ ထမင်းစားဖို့ကျတော့ မင်းက မငြင်းဘူး။
ဤစာကြောင်းမျိုးတွင်လည်း ရရစ် ကြ ကိုမသုံးရပါ။ ယပင့် ကျ ကိုသာ သုံးရပါမည်။

ကကြီး ရရစ် ကြနှင့် ကကြီး ယပင့် ကျတို့နှင့် သက်ဆိုင်သော အသုံးလေးများကို လေ့လာကြည့်ပါဦး..။

ကြုံတောင့်ကြုံခဲ၊ ကြံကြံဖန်ဖန်၊ ကြိမ်ဖန်များစွာ၊ ကြိမ်လုံး၊ (သူတစ်ပါးကို) အားကျသည်၊ (အင်္ကျီက) ကြပ်တယ်၊ ကျပ်စေ့၊ ထမင်းကျက်ပြီ၊ စာကျက်သည်၊ စားကျက်၊ ကြက်တောင်ရိုက်၊ လဲကျသည်၊ အကြောင်းအကျိုး၊ ခဲတံကျိုးသည်၊ လမ်းကျွံ၊ အလွန်အကျွံ၊ ကျွမ်းကျင်၊ လောင်ကျွမ်း၊ ကြင်နာ၊ နာကျင်၊ ကျိန်းစက်၊ ကြောင်တောင်တောင်၊ အလိမ်ကကျစ်၊ ကြိုးကျစ်သည်၊

ဒီ အောက်မှာ ကျွန်တော်သိတဲ့ ကကြီးယပင့် နဲ့ ကကြီးရရစ် အသုံးလေးတွေကို နှိုင်းယှဉ် ဖတ်ရှုနိုင်ဖို့ ရေးသားပေးလိုက်ပါတယ်။

ပြုတ်ကျ၊ သဘောကျ၊ စာမေးပွဲကျ၊ ကျစွာမင်း၊ ကျဆုံး
လုပ်ကြ၊ ကိုင်ကြ၊ ပြောကြ၊ ဆိုကြ၊

ကျာ အသုံးလောလောဆယ် စဉ်းစားမရပါ။
ကြာပန်း၊ အချိန်ကြာ

ကျားတိရစ္ဆာန်၊ ကျားကျားရားရား
အသံကြား၊ နားမကြား၊ ကြားခိုသည်၊ ချောင်ကြိုချောင်ကြား၊ သိကြားမင်း

ကျိကျိတက် (ချမ်းသာ)၊ (အသံ) တကျိကျိမြည်၊
ကြိယာ၊ ကြိယာစိတ်

စပါးက်ီ၊ အက်ႌ
ကြီအသုံး မတွေ့ဖူးပါ။

ကျီးကန်း၊ ကျီးစာ
အသက်ကြီး၊ အရွယ်အစားကြီးမား

ကျည်ပွေ့၊ ကျည်ဆံ၊ ၀ါးကျည်တောက်
ကြည်စား၊ အသံကြည်လင်၊ ကြည်ကြည်ဖြူဖြူ၊ ကြည်နူး၊ ယုံကြည်

ကျူပင်၊ ကျူရှင်၊ (ကောင်မလေးနဲ့) ကျူ
ကြူကြူမွှေး (ရနံ့ သင်းပျံ့တာကို ဆိုလိုသည်။)

ကျူးကျော်၊ အမှုကျူးလွန်
အစားကြူးသည်၊ အလွန်အကြူး၊ အတတ်ကြူး အရူးဖြစ်

ကျေနပ်၊ တာဝန်ကျေ၊ အကြွေးကျေ၊ ကျေရာကျေကြောင်း ပြောသည်၊ ကျေအေးသည်၊
(အ၀တ်အစား) တွန့်ကြေ

ကျေးဇူး၊ ကျေးသား (ငှက်)
ပိုက်ဆံကြေးငွေ၊ ကြေးစား၊ လောင်းကြေး (ထပ်)၊ ကြေးနီ

အရည်ကျဲ၊ နေပူကျဲကျဲ
ပျိုးကြဲသည်။

ကျယ်ဝန်း၊ ကျယ်ပြန့်၊ လွင်ပြင်ကျယ်
ကြယ်တာရာ

ကျော့ကွင်း၊ မူယာကျော့ကျော့၊ ကျော့ရှင်း
ကြော့ အသုံး လောလောဆယ် စဉ်းစားမရ။

ကျော်ကြား၊ ကျူးကျော်
ငါးကြော်၊ အကြော်စုံ

ကျောကုန်း၊ (ငါ့ကို) လာမကျောနဲ့၊ ကျောက်ကျော
မာကြော၊ (ခန္ဓာကိုယ်)အကြော

ကျံ့အသုံး မတွေ့ဖူးပါ။
ကြံ့ တိရစ္ဆာန်၊ ကြံ့ကြံ့ခံ

ကျန့် အသုံး မတွေ့ဖူးပါ။
(အချိန်) ကြန့်ကြာ

ပေကျံ၊ လိမ်းကျံသည်။
အကြံဉာဏ်၊ ကြံစည်တွေးတော၊ ကြံပင်

လက်ကျန်၊ အကြွင်းအကျန်
ကြန်အင်လက္ခဏာ

ကျမ်းစာ၊ ကျမ်းကိုး၊ ကျမ်းကျိန်
ကြမ်းတမ်း၊ လမ်းကြမ်း၊ ကြမ်းပြင်၊ ကြမ်းကြုတ်၊

ကျန်းမာ
ကြန်း အသုံး မတွေ့ဖူးပါ။

အောက်ကျို့
ကြို့ပင်ကောက်၊

ရေနွေးကျို၊ ကျိုချက်
ကြိုဆိုရေး

လက်ကျိုး၊ သစ်ကိုင်းအကျိုး
အပ်ချည်ကြိုး၊ ကြိုးစား

ကျွတ်ကနဲ စုပ်သတ်သည်၊ ဘောင်းဘီကျွတ်၊ လေထိုးကျွတ်ဖာ
ကြွတ် အသုံးတော့ မတွေ့ဖူးပါ။

ကြွပ်ဆတ်၊ ကြွပ်ကြွပ်အိတ်
ကျွပ်အသုံး မတွေ့ဖူးပါ။

နယ်ကျွံ၊ အပေါက်ကျွံ
ကြွံအသုံး မတွေ့ဖူးပါ။

ဤလောက်ဆိုလျှင် ကျ နှင့် ကြ ကို သဘော ပေါက်လောက်ပြီ ထင်ပါသည်။

***********************************************

စာရေးသားရာတွင် တစ်ချို့ မှားတတ်သော လျက် နဲ့ လျှက်၊ တက်နဲ့ တတ် အသုံးများကိုလည်း သိသလောက် ရေးသားပေးလိုက်ပါတယ်။

၁။ လျက် နဲ့ လျှက်
သူ ထမင်းစားပြီးတိုင်း လျက်ဆား စားသည်။
မဗေဒါက တစ်ပင်တည်း၊ ပန်းပန်လျက်ပဲ။
မောင်မောင်သည် မတ်တပ်ရပ်လျက် စာကျက်နေသည်။

လျက်ဆား၊ လျှာနဲ့လျက် ဟူသည့် အသုံးမျိုးတွင် လယပင့် လျက် ကိုသာသုံးသည်။
ပန်းပန်လျက်၊ ထမင်းစားလျက်၊ မတ်တပ်ရပ်လျက် ဟူသည့် အသုံးများတွင် တစ်ချို့က လျှက် ကို သုံးကြသည်ကို တွေ့ရပါသည်။ သို့သော် အမှန်မှာ လျက် ကိုသာ သုံးရပါမည်။ လျှက် အသုံးအား ယခင့် ယခင် စာပေ အရေးအသားများတွင် တွေ့ရသော်လည်း ယနေ့ခေတ်တွင်တော့ အသုံး မရှိသလောက် ဖြစ်သွားပါပြီ။

၂။ တတ် နဲ့ တက်
စာတတ်ဖို့နဲ့ စိတ်ကောင်းထားတတ်ဖို့ ဘယ်ဟာ အရေးကြီးသနည်း။
သူ ကားမောင်းတတ်သည်။
သစ်ပင်က အမြင့်ကြီး.. မတက်နဲ့.. လိမ့်ကျနေဦးမယ်။
လှော်တက်မရှိဘဲ လှေဘယ်လို လှော်မလဲ။
သူ တစ်နေ့လုံး အဖျားတက်နေတယ်။
ဒီရွာက အရင်ကထက်စာရင် ဖွံ့ဖြိုး တိုးတက်လာတယ်။

လုပ်တတ်၊ ကိုင်တတ်၊ ပြောတတ်၊ ဆိုတတ် ဟူသော (ability) ကို ပြလိုလျှင် တ၀မ်းပူတသတ် (တတ်) ကိုသုံးပါသည်။
သို့သော် အမြင့် တစ်နေရာသို့ တက်ခြင်း၊ လှော်တက်၊ အဖျားတက်၊ တိုးတက်၊ တက်လမ်း ကဲ့သို့သော အသုံးများတွင်တော့ တက် ကိုသာ သုံးရပါမည်။


ဤအထက်ပါ အသုံး အနှုန်းများတွင် ကျွန်တော်သည် ကျွန်တော် သိထားတာလေး ကိုသာ လက်တန်း ချရေးသည်ဖြစ်၍ လိုအပ်သည်များနှင့် မှားနေသည်များ ရှိပါက မထောက်မညှာ ပြုပြင်လို့ သွန်သင်ပေးကြဖို့ တလေးတစား ပြောကြားပါရစေ။


+++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP