* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 5, 2009

စူဠသောတာပန်ဖြစ်ဖို့ ဆိုရင်


မဟာသောတာပန်ခေါ် သောတာပန်အစစ်ကို မဖြစ်နိုင်တော့ဘူးလို့ ကိုယ်ကိုယ်ကို သတ်မှတ်လိုက်တယ်လို့ ဆိုပါစို့။ ဒီဘ၀ကို ရလာ ရောက်လာရတာ အမြတ်ရဖို့ပဲ။ အရှုံးပေးပြီးတော့ ပြန်သွားရရင် အမှောင်ထဲကနေလာပြီး အမှောင်ထဲကို ပြန်ဝင်သွားဖို့ဆိုတာ မဖြစ်သင့်ဘူးလို့ တွေးမိပြီး ဒီဘ၀ကနေ စူဠသောတာပန်တော့ ဖြစ်သွားမှ ဖြစ်မယ်လို့ မှန်းထားတယ်ဆိုပါစို့။ ကျင့်ချင်လာပြီဆိုပါစို့။ ကျွန်တော် အရင်က သောတာပန်သို့သွားရာလမ်းထဲက ဆိုခဲ့သလို သီလစင်ကြယ်ရမယ် စိတ်စင်ကြယ်ရပါမယ်။

သီလစင်ကြယ်ရမယ်ဆိုရာမှာ ပါဏာတိပါတာ သူ့အသက်ကို မသတ်ရုံမကပါဘူး။ သူ့အသက်ကို မညှဉ်းဆဲရပါဘူး။ မညှဉ်းဆဲရဘူးဆိုတာက ကိုယ့်ကြောင့် မိဘ၊ ဆွေမျိုး၊ အသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင်ကလူတွေ စိတ်ပင်ပန်းမှု မဖြစ်စေရပါဘူး။ ဖြစ်ရင် ပါဏာတိပါတရဲ့ အစိတ်အပိုင်းပြစ်မှု မြောက်ပါတယ်။ အဒိန္နဒါနာမှာလည်း အဲလိုပဲ။ မခိုးဘဲနေနေရုံနဲ့ မပြီးသေးပါဘူး။ ကိုယ့်ကြောင့် သူတပါးစီးပွား မဆုတ်ယုတ်စေရပါဘူး။ မဆုတ်ယုတ်စေရဘူးဆိုတာထက် ကိုယ့်ကြောင့် သူတပါးစီးပွားရေး တိုးတက်နေရမယ်။ ကာမေသုမှာလည်း အဲလိုပါပဲ။ မကျူးလွန်ရုံလေး မဟုတ်ပါဘူး။ မမြူဆွယ်ရပါဘူး။ ကိုယ်နဲ့ နှုတ်နဲ့အပြင် ပြစ်မှု မမြောက်ပါဘူးဆိုတဲ့ စိတ်နဲ့လည်း မပြစ်မှားရဘူး။ ပြစ်မှားမယ့်အနေအထားရှိသူတွေကိုလည်း ကာကွယ်ပေးရပါတယ်။ မုသာဝါဒကတော့ လေးပါး။ ဒါတွေလည်း သိပြီးသားတွေပါ။ ကဲ ဒီသီလတွေ ချိုးဖျက်မိခဲ့တယ်။ ကိုယ့်သီလကို ကိုယ်ပြန်သံသယ၀င်လာတယ်ဆိုရင် ချက်ချင်းပဲ ဘုရားရှေ့သို့မဟုတ် ရဟန်းသံဃာတစ်ပါးပါးရှေ့မှာ သီလကို ချက်ချင်း ပြန်ဆောက်တည်ရပါမယ်။

နောက်တစ်ချက်က စိတ်စင်ကြယ်ရပါမယ်ဆိုတာက ရူပါရုံတစ်ခုခုကို တွေ့လို့ ဣဋ္ဌာရုံပဲ အနိဋ္ဌာရုံပဲလို့ မဆင်ခြင်ရဘူး။ လောဘဖြစ်ရင် ဒေါသဖြစ်ရင် ဖြစ်နေပါလားလို့ သိနေရမယ်။ အမြင်အာရုံအပေါ် စိတ်က ကြည်လင်ပြတ်သားနေရမယ်။ အဆိုးမမြင်ရဘူး။ အကောင်းမမြင်ရဘူး။ အရှိအတိုင်း မြင်တတ်ရမယ်။ ကြားတဲ့အခါ အသံကြောင့် မသာယာရဘူး။ ဒေါသမထွက်ရဘူး။ စသဖြင့် အာရုံခြောက်ပါးအပေါ် စိတ်ကို ထိန်းချုပ်နိုင်နေရပါမယ်။ စိတ်က မကောင်းမှုနောက် လိုက်သွားမိရင်လည်း စိတ်ကို မထိန်းချုပ်ရပါဘူး။ ကိုယ့်စိတ်ကို ပြန်ကြည့်ရမယ်။ ကြည့်လို့မှ မရရင် ကိုယ့်စိတ်ကို ပြန်အရှက်ခွဲရပါမယ်။ ဘယ်လိုအရှက်ခွဲရမလဲ ဆိုရင် ငါလိုလူရဲ့စိတ်က ဒီလို အတွေးမျိုးတွေးရသလားဟ၊ သို့မဟုတ် ဘယ်သူ့ရဲ့ သား/သမီးဖြစ်သူက ဒီလိုတွေးနေပါလားဟ! စသဖြင့် အရှက်ခွဲရပါတယ်။ အဲလိုဆိုရင် စိတ်ကို နည်းနည်းထိန်းချုပ်နိုင်ပြီပေါ့။ နောက် စိတ်ညစ်ထေးတွေပေါ်နေပြီဆိုရင် ၀ိပဿနာကို ချက်ချင်းရှုပစ်ရပါမယ်။ အဲလို သီလနဲ့ စိတ် စင်ကြယ်နေမှ တရားထိုင်သင့်ပါတယ်။ တရားထိုင်ရင်း ဒီအဆင့်ကို ကျော်လွန်လာပါမယ်။ ဘာအဆင့်လဲ ဆိုတော့ ယုံမှားမှုအဆင့်တွေ ဖြစ်ပါတယ်။ ဘာတွေလဲ ဆိုတော့ …
၁။ အတိတ်က ငါရှိခဲ့သလား။
၂။ ငါ မဖြစ်ဖူးဘဲ ရှိခဲ့သလား။
၃။ ငါ ဘယ်လိုလူမျိုး ဖြစ်ခဲ့ပါလိမ့်။
၎။ ငါ့ပုံစံက ဘယ်လိုလေးလဲ မသိဘူး။
၅။ အရင်ဘ၀ရဲ့ အထက်က ဘ၀တွေကော ဘယ်လိုလဲမသိဘူး။
၆။ နောင်ဘ၀ရော ငါရှိနေဦးမလား။
၇။ နောက်ဘ၀ ငါဖြစ်ဦးမလား။
၈။ ငါ ဘာလူမျိုးများ သွားဖြစ်မလဲ မသိဘူး။
၉။ င့ါပုံစံက ဘယ်လိုပုံစံ သွားဖြစ်နိုင်လဲ။
၁၀။ အဲဒီနောက်ဘ၀ရဲ့ နောက်ကိုကော ငါဘာဖြစ်မလဲ။
၁၁။ အခုခန္ဓာကတော့ ငါ့ခန္ဓာဖြစ်နိုင်ရဲ့။
၁၂။ ငါမှ ဟုတ်ရဲ့လား။
၁၃။ ငါမဟုတ်ဘဲ ဖြစ်နေရော့လား။
၁၄။ ငါ ဘာလူမျိုးလဲ။
၁၅။ ငါ့အတ္တ ငါ့ဝိဉာဉ်ကောင်လေးက ဘယ်လိုလဲ။
၁၆။ ဘယ်ကလာပြီး ဘယ်ကိုသွားရဦးမှာပါလိမ့်နော်။

ဆိုတဲ့ယုံမှားမှု (၁၆) မျိုးကို ကျော်လွန်လာပါတယ်။ အဲဒီ ယုံမှားမှုကို ကျော်လွန်ပြီးတဲ့အပြင်
၁။ ဘုရားဆိုတာ ဟုတ်လို့လား။ ဘုရားဒီကမ္ဘာပေါ်မှာ တကယ်လာပွင့်ခဲ့သလား။ ဖန်ဆင်းရှင်လိုလား။
၂။ တရားဆိုတာ ဟုတ်လို့လား။ ပညာရှင်တစ်ယောက်ယောက်က လျှောက်ရေးထားတာကော မဖြစ်နိုင်ဘူးလား။
၃။ သံဃာဆိုတာ ဟုတ်လို့လား။ ဘုန်းကြီးတွေက ဘောလုံးပွဲကြည့်လိုက် ဟိုဟိုဒီဒီသွားလိုက်နဲ့ သံဃာဂုဏ်ရှိပါ့မလား။
၎။ သီလ ၊ သမာဓိ ၊ ပညာဆိုတာ ဖြစ်နိုင်ပါ့မလား။
အဲဒီနောက်
၅။ ရှေ့ အစွန်းကိုယုံမှားခြင်း
၆။ နောက်အစွန်းကိုယုံမှားခြင်း
၇။ ရှေ့နောက် အစွန်းကိုယုံမှားခြင်း
၈။ ဇာတိ၊ ဇရာ၊ မရဏကို ယုံမှားခြင်းတို့ကို ကျော်လွန်ပါတယ်။ အဲဒါတွေကို ကျော်လွန်ပြီးမှ စူဠသောတာပန်ဆိုတာ ဖြစ်ပါတယ်။
(၅) (၆) (၇) (၈) က ရှင်းရင် အတော်လေးရှည်သွားမှာမို့လို့။ နောက် သီလစင်ကြယ်တဲ့ အပိုင်းက စာရိတ္တသီလလေးကိုလည်း ထည့်ပြောချင်တယ်။ စာရိတ္တသီလလည်း ပြည့်စုံရပါတယ်။ ဘယ်လိုလဲဆိုရင် ယောကျာ်းတစ်ယောက်ဆိုပါတော့ ငယ်စဉ်အခါမှာ သားသမီးဝတ်ကျေရမယ်။ အိမ်ထောင်ကျခဲ့ရင် လင်ဝတ်ကျေရမယ်။ သားသမီးရလာတဲ့အခါ မိဘ၀တ်ကျေရမယ်။ မိတ်ဆွေအပေါ် မိတ်ဆွေဝတ်ကျေရမယ်။ စသဖြင့် ပြုသင့်တဲ့ဝတ်တွေ ကျေပွန်မှ စာရိတ္တသီလပြည့်စုံပါတယ်။ ၀ါရိတ္တသီလနဲ့ချည်း မရပါဘူး။ စာရိတ္တသီလလည်း ပြည့်စုံရပါမယ်။ ကဲ စူဠသောတာပန် ဖြစ်နိုင်ပါပြီ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP