* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 29, 2009

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၂)

ရှုံးသူ-နိုင်သူ ရှုံးတဲ့သူ
မိသားစုတစ်စုမှာ အမေရယ် ၊ ညီအစ်မ နှစ်ယောက်ရယ် မောင်တစ်ယောက်ရယ် အားလုံး လေးယောက်ထဲရယ်ပါ၊ တစ်အိမ်တည်းနေ ကြတယ်။ ထိုမိသားစုမှာ ညီအစ်မနှစ်ယောက်က သဘောထား မတိုက်ဆိုင်တဲ့အတွက် နေ့တိုင်း တကျက် ကျက်၊ သူတို့နှစ်ယောက် အမြဲတမ်း ရန်ဖြစ်နေကြတာကို အမေဖြစ်သူနဲ့ မောင်ဖြစ်သူက စိတ်အညစ်ကြီး ညစ်နေရတယ်။
ဖခင်ကတော့ ဇာတိချက်ကြွေ မွေးရပ်မြေမှာ သွားနေလေတော့ သည်အကြောင်း သိပ်မသိလှ။ တခါတရံ အကြောင်းရယ်လို့ မယ်မယ် ရရ မရှိဘဲ၊ စကားနိုင်လု အငြင်းပွားရာက ရန်ဖြစ်ကြပြန်ရော၊ အမေရှိနေလို့သာ တော်တော့တယ်၊ အမေမရှိလို့ကတော့ ထသတ်ကြမ လားမသိပါ။

ထို့အတူ လင်မယားအချင်းချင်း ၊ ညီအစ်မအချင်းချင်း၊ ညီအစ်ကိုအချင်းချင်း၊ မောင်နှမအချင်းချင်း၊ မိတ်ဆွေ အချင်းချင်း၊ သူငယ်ချင်း အချင်းချင်း တစ်ဦးနဲ့တစ်ဦး အငြင်းပွားရာက အနိုင်မခံ အရှုံးမပေးရာက ရန်ဖြစ်ကြတာပါ။ မခံနိုင်တဲ့အတွက် ဒေါသရှေ့ထားပြီး ရန်ဖြစ်ကြသလို ရလိုမှုအတွက် လောဘရှေ့ထားပြီး အငြင်းပွား ရန်ဖြစ်ကြတာ ရှိပါတယ်။
ဒါတင်မက အုပ်စုဖွဲ့ပြီး တစ်အုပ်စုနဲ့ တစ်အုပ်စု ဖြစ်ကြတာရှိသလို တနိုင်ငံနဲ့ တနိုင်ငံ အငြင်းပွားကြတယ်၊ အငြင်းပွားရာကနေ အရှိန်ပိုပြင်းလာတယ်ဆိုရင် လက်နက်ချင်းယှဉ်ကာ စစ်တိုက်ကြတယ်။ နိုင်တဲ့သူဖက်ကလည်း သေကျေပျက်စီးကြရသလို ရှုံးသူဖက်ကလည်း သေကျေပျက်စီးရပါတယ်။ ဘယ်ဖက်ကမှ မသက်သာဘူး၊ ဒါဟာစစ်ပွဲရဲ အနိဋ္ဌာရုံတွေပါ။
ယနေ့ကမ္ဘာမှာ မှတ်မိနေပါသေးတယ်၊ ဟားမတ်အဖွဲ့က အစ္စရေးကို သွားစလိုက်တဲ့အတွက် အင်အားကြီးတဲ့ အစ္စရေးက ပြန်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ တဲ့ပြည်သူများ ထောင်ချီပြီး သေကျေပျက်စီးခဲ့ရပါတယ်။ အဲဒါဟာ အနိင်လိုမှု ၊ မခံလိုမှုစတဲ့ ဒေါသတရားကနေ စတင်ခဲ့တဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေပါ။ ဒါဟာ အခုမှ မဟုတ်ဘူး၊ ဘုရားရှင်လက်ထက်ကလည်း ရှိခဲ့ဖူးတယ်။
တူဝရီးစစ်ပွဲ
ဘုရားရှင်လက်ထက်တော်က ကောသလတိုင်းကို အုပ်ချူပ်နေတဲ့ ကောသလမင်းရဲ့ ခမည်းတော်က မဟာကောသလမင်းပါ။ မဟောကောသလမင်းမှာ သားတော် ကောသလမင်းနဲ့ သမီးတော် ဝေဒေဟီ မင်းသမီး တို့ ထွန်းကားခဲ့တယ်။ မဟာကောသလမင်းက အရွယ်ရောက်နေပြီဖြစ်တဲ့ ဝေဒေဟီမင်းသမီးအား မာဂဓတိုင်း၊ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရနှင့် လက်ထပ်ပေးလိုက်ပါတယ်။ ကာသိတိုင်းနဲ့ မာဂဓတိုင်းနှစ်ခုရဲ့ အကြား နယ်စာနားမှာ ကာသိရွာကြီးဆိုတာရှိတယ်။ နှစ်စဉ် အခွန်ငွေ တစ်သိန်းထွက်တဲ့ ရွာကြီးပါ။ အဲဒီကာသိရွာကြီးကို လက်ဖွဲ့အဖြစ် သမီးတော်အား ပေးလိုက်ပါတယ်။
ကောသလမင်းသားလဲ အရွယ်ရောက်တဲ့အခါ ဒေ၀ဒတ်ဆိုတဲ့ မကောင်းတဲ့ဆရာကြောင့် ဖခင် ဗိမ္ဗိသာရမင်းကို သတ်ကာ ထီးနန်းကို လုယူခဲ့ပါတယ်။ ဝေဒေဟီမင်းသမီးလည်း နှလုံးပူပန်ရာကနေ နတ်ရွာစံခဲ့တယ်။ အဲဒီအခါမှာ…
ကောသလမင်းက ကာသိရွာကြီးဆိုတာ ခမည်းတော်နဲ့ နှမတော်တို့ ရဲ့ ရွာကြီးဖြစ်တယ်။ အခု ခမည်းတော်လည်း နတ်ရွာစံ၊ နှမတော်လည်း နတ်ရွာစံပြီ၊ ဒီတော့ ကျန်ခဲ့တဲ့ ကာသိရွာကြီးဟာလည်း ငါဟာပဲဆိုပြီး တူတော်ဖြစ်တဲ့ အဇာတသတ်မင်းကို တရားစွဲပါတော့တယ်။ ကာသိရွာကြီးကလည်း တစ်နှစ်အခွန်တစ်သိန်းထွက်တယ်ဆိုတော့ ကောသလမင်းက ပြန်လိုချင်တဲ့ သဘောပဲ။
တူဖြစ်တဲ့ အဇာတသတ်မင်းကလည်း ခမည်းတော်နဲ့ မယ်တော်တို့ပိုင်တဲ့ ပစ္စည်းဟာ ငါ့ပစ္စည်း ဖြစ်ရမှာ၊ ငါမပေးနိုင်ဘူး လို့ ဆိုကာ ကာသိရွာကြီးကို ရလိုမှုနဲ့ တူဝရီးနှစ်ယောက် လက်နက်ချင်းယှဉ်ကာ စစ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့ကြတယ်။ ဒီစစ်ပွဲမှာ ဦးရီးတော် ကောသလမင်း က စစ်ရှုံးတဲ့အတွက် ကောသလတိုင်း သာဝတ္ထိပြည်ကို ပြန်လာခဲ့ပါတယ်။
ဒီအကြောင်းကို မနက်လင်းတော့ ရဟန်းသံဃာများ ဆွမ်းခံကြွရာကနေ ကြားရတော့ သတင်းက မြတ်စွာဘုရားအထံ ရောက်သွား ပါတယ်။ ဘုရားရှင်က..
“ အိုရဟန်းတို့ မဂဓတိုင်းပြည့်ရှင် ဝေဒေဟီရဲ့သား အဇာတသတ်မင်းဟာ ဒေ၀ဒတ်ဆိုတဲ့ ယုတ်ညံ့တဲ့ မိတ်ဆွေ ရှိသူဖြစ်တယ်။ ညံ့ဖျင်း တဲ့ အဖေါ်ရှိတယ်။ ကောသလမင်းကတော့ သာရိပုတ္တရာဆိုတဲ့ မိတ်ဆွေကောင်းရှိသူဖြစ်တယ်။ ဒါကြောင့် စစ်တစ်ကြိမ်ရှုံးသော်လည်း တစ်ညတာလောက်သာ ပူပင်သောက ဒုက္ခရောက်ရမှာပါ” လို့မိန့်တော်မူကာ တရားဟောတော်မူပါတယ်။
ဇယံ ဝေရံ ပသ၀တိ၊ ဒုက္ခံ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယ ပရာဇယာ။
အဓိပ္ပါယ်က… အောင်နိုင်တဲ့သူဟာ ရန်ပွားတတ်တယ်။ ရှုံးပြန်ရင်လည်း မုချ ဆင်းရဲမယ်။ ကိလေသာပူခပ်သိမ်း အေးငြိမ်းပြီးသူများဟာ အနိုင်အရှုံး (၂)မျိုးစလုံးကို ပယ်စွန့်ပီးတဲ့အတွက် ရှုံးနိုင် မရှိ အမြဲတမ်း ချမ်းသာစွာ နေရတယ်။ လို့ မိန့်တော်မူခဲ့တယ်။
နိုင်တဲ့သူဟာ ရန်သူများတယ်၊ အမြဲတမ်း ပူပန်နေရတယ်။ ရှုံသူကို ကြည့်ပြန်ရင်လည်း ပူပန်မှုတွေနဲ့ ဆင်းရဲ ဒုက္ခများလှပါတယ်။ ဒါကြောင့် ရှုံးသူ နိုင်သူ နှစ်ဦးစလုံးဟာ ပူပန်မှုများတဲ့အတွက် ရှုံးကြတဲ့သူများသာ ဖြစ်ပါတယ်။
ဒါဖြင့် ဘယ်သူ့ကို နိုင်သူ လို့ သတ်မှတ်မလဲ၊ ရန်ဖြစ်သူများ ရှုံးသူဖြစ်တယ်ဆိုရင် ရန်မဖြစ်တဲ့သူများဟာ အောင်နိုင်သူ လို့ ဆိုရမှာပါ။ ဒါကြောင့် ရန်ဖြစ်ချင်း၊ ပဋိပက္ခဖြစ်ချင်းရဲ့ အကြောင်းဖြစ်တဲ့ ရလိုမှု ၊ အနိုင်လိုမှု၊ မခံလိုမှု တွေ ရင်ထဲ မဖြစ်အောင် နှလုံးသွင်းတတ်ဖို့ လိုပါတယ်။ စာအလိုဆိုရင် လောဘအလို ဒေါသအလို မလိုက်မိအောင် သတိတရား လက်ကိုင်ထားပြီး နည်းမှန်လမ်းမှန်နဲ့ နှလုံးသွင်းတတ်ဖို့ လိုတာပါ။ အကြောင်းတရားတစ်ခုအပေါ်မူတည်ပြီး လောဘအလိုလဲ မလိုက်၊ ဒေါသအလိုသို့လဲ မလိုက်ဘဲ ထိန်းသိမ်းတတ် မယ်ဆိုရင် လောကမှာ ချမ်းသာသူများပဲ ဖြစ်လာတော့မှာပါ။ ချမ်းသာတဲ့သူ ကိလေသာအလို မလိုက်တဲ့သူများကို လောကမှာ “အောင်နိုင်သူ” ရယ်လို့ ဘုရားရှင် မိန့်တော်မူခဲ့တာပါ။
စာရေးသူက ရိပ်သာ တရားစခန်းမှာ ယောဂီများအား ထိုအကြောင်းနဲ့ စပ်ပြီး ပြောဖြစ်ခဲ့တယ်။ “ ကောသလမင်းနဲ့ အဇာတသတ်မင်း တို့ စစ်ခင်းကြသလို ယနေ့ ယောဂီများလည်း ကိလေသာ ဆိုတဲ့ စစ်ပွဲမှာ သူနိုင်ကိုယ်နိုင် တိုက်နေကြတာပါ။ ပကတိစစ်ပွဲက ရလိုမှုနဲ့ အနိုင်အရှုံး ရှိပေမဲ့ ရလိုမှုမပါဘဲ ကိလေသာစစ်ပွဲ ဆင်နွဲသူ ယောဂီများကတော့ အရှုံးမရှိ အမြတ်ပဲ ရှိတယ်။ ပေါ်ရာအာရုံကို စွဲမြဲစွာ ရှုမှတ်နိုင်တဲ့ ယောဂီများမှာ ကိလေသာကို တဒင်္ဂ၊ ၀ိက္ခမ္ဘန ပယ်ခွာနေတဲ့အတွက် ငြိမ်းအေးနေတယ်။ ဒီလို ငြိမ်းအေးသင့်သလောက် ငြိမ်းအေးနေတဲ့အတွက် အနိုင် အရှုံး ဆိုတာလဲ မရှိဘူးတော့၊ ဒီလို အနိုင်အရှုံးမရှိမှတော့ အောင်နိုင်သူ ပဲ ဖြစ်တော့မှာပါ။
ဒါကြောင့်ယောဂီများလည်း ဘ၀မှာ ရှုံးသူဖြစ်မဲ့အစား အောင်နိုင်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားအားထုတ်သွားကြဖို့ အားပေးတိုက်တွန်းရင်း ဘ၀တစ်လျှောက် အောင်နိုင်သူ များဖြစ်ကြပါစေ………


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP