* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 29, 2009

သမီးလေးအတွက်မွေးနေ့လက်ဆောင်(တတ်သိလိမ္မာအရာရာ-ချမ်းသာအေးမြမှာ)

ချစ်လှစွာသော သမီးလေးရေ…

လွန်ခဲ့တဲ့ ၆ နှစ်လောက် က အဝေးကို ထွက်ခွာသွားမဲ့ မိခင်တစ်ဦးကို ရေနဲငါး-ဖြစ်ရပါတော့မယ် ဆိုတဲ့ အကြည့်များစွာ ကချောက်ခြားစေခဲ့တာ အမှန်ပါ။ ဒါတွေကို မေမေ ကကြိုးစား လွှဲဖယ်ရင်း ၊ အားတင်း ထွက်ခွာခဲ့ရတဲ့ မေမေ ဟာ နာကျင်မှုတွေ အပြည့်နဲ့ပါ သမီးရေ..။

၂၀၀၈ ခုနှစ်-မေမေ ဟာမြန်မာပြည်ပြန်လာတဲ့ အချိန်မှာ I love you Mummy လို့ ပါတဲ့စာတန်းကို အသေအချာ မြင်သာအောင် လှပစွာ ထုပ်ပိုးထားတဲ့ မျက်နှာသုတ်ပုဝါ ပန်းရောင်လေးကို ကိုင်ပြီး ကြိုဆိုခဲ့ တဲ့ သမီးလေးဟာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိလှစွာ ချမ်းမြေ့ ရွှင်လန်းနေပါရောလား။ တစ်ချို့ သစ်ပင်တွေ အတွက် အရိပ် ဆိုတာ ပျိုးခင်းသစ် ဖြစ်တည်ဘို့လိုအပ်ပေ မဲ့ ကြီးထွားရှင်သန်ချိန် ကျတော့ လောင်းရိပ် ဖြစ်တတ်ပေသည်ပဲ။


သမီးလေး စုမြတ်ရတနာ ဟာ မေမေ့အတွက် ကံကောင်းခြင်းတွေယူဆောင်လာတဲ့ ဆုလာဘ်ရတနာ တစ်ပါးလို့လည်း မေမေ က တင်စား၊ထင်စားဝံ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေမေ ကများစွာ သင်ကြားစရာမလိုပါပဲ အလိုအလျောက် လိမ္မာပြီးသားဖြစ်နေတာကိုး။ မေတ္တာ ၊ကရုဏာ ၊ စေတနာ ၊ သဒ္ဓါ တရား ဆိုတာ သမီး ရဲ့ ပင်ကိုယ် ဥစ္စာ ရတနာ လို မွေးရာပါ ဖြစ်နေတာ မေမေ က ပြန် ပြီးလေးစားရပါသေးတယ် သမီးလေးရေ..။

(ကျွန်မ မောင့်ကို မရရတဲ့ နည်းနဲ့ သွေးဆောင် ဖျားယောင်းတော့မယ် မောင်)ဆိုတဲ့ စကားလုံးလေး၊နဲ့ လွတ်လပ် ပွင့်လင်းတဲ့ ၊ဆွဲဆောင်နိုင်စွမ်းရှိတဲ့ စာရေးဆရာမ ရဲ့ ဝတ္ထုတွေ ဟာ မေမေ တို့ တက္ကသိုလ် တက်တုံးက ခေတ်စားခဲ့၊လွှမ်းမိုးခဲ့သပေါ့ ။ မေမေ ကဖတ်တော့ဖတ်ခဲ့ဘူးပါတယ်။ မေမေ ကသမီးလေးကိုရရှိ ပိုင်ဆိုင် ခဲ့တဲ့ အချိန်မှာတော့ အဲဒီ စကားလုံး ကြီး တွေကို တတ်နိုင်သလောက် အဝေးကို တွန်းဖယ် ပစ်ချင်နေခဲ့ မိတယ်။ သမီး လေး ကို အဲလို မရဲရင့်စေချင်ဘူး။ မပွင့်လင်းစေချင်ဘူး၊ မဖော်ထုတ်စေချင်တာ အမှန်ပါ။ မေမေတို့ ဗုဒ္ဓ ခေတ် က မိန်းမသားတွေ ထဲမှာ မိန်းမ က စခဲ့ပါတယ်ဆိုတဲ့ ဇာတ်လမ်းတွေရှိတာ… အထင် ကရဆိုရင် မေမေမှတ်မိနေခဲ့တာ..။
ယသော်ဓရာအလောင်း သုမိတ္တာ နဲ့ ဘဒ္ဒါ ကုဏ္ဍလ ကေသာ ပေါ့ ။ သုမိတ္တာ ကတော့ ဒီပင်္ကရာ ဘုရား ရှေ့မှောက်မှာ သိရှိကြားနာခဲ့ ရတဲ့ လေးသင်္ချေ ကမ္ဘာ တစ်သိန်း ကာလကြာအောင် လျှောက်လှမ်းရမဲ့ ပါရမီတော် ခရီး မှာ အဓိ ကကျတဲ့ ဇာတ်ဆောင် အဖြစ် ပါဝင်ကပြခွင့် ကို အနစ်နာ ခံ တဲ့ေ မတ္တာတရား နဲိ့တောင်းဆိုလိုက်တာပါ။ပါလာတဲ့ ကြာပန်းရှစ်ခိုင် ကို တကယ့်ဘုရားရှင်ကို ကိုယ်တိုင် ဆက်ကပ် လှူဒါန်းခွင့်ရနေတာတောင် သူ ကသုံးခိုင်သာယူခဲ့ လှူခဲ့တယ်။သုမေဓာ အရှင်ရသေ့ကို ကြာငါးခိုင်ပေးလှူ ပြီးပြတ်သားရဲရင့်ခဲ့တာပဲ။ တကယ် လည်း ထိုက်တန် ခဲ့ ။လှပခဲ့ အဓိကကျခဲ့ ပါတယ်။


မေမေ ကြောက်တာ ဘဒ္ဒါ ကုဏ္ဍလ ကေသာလိုလေ..သူကလည်း လွတ်လပ် ပွင့်လင်း တဲ့ ရဲရင်ပြတ်သား တဲ့ အချစ် ရှိလို့နေခဲ့တယ်။ သူကတော့ တဏှာ မြွေ ကိုက် ခဲ့တာ ကိုး။ ဘုံနန်းပြသာဒ် အပေါ်ထပ်ကနေ ခိုးသားကြီးကို စွဲလမ်းတော့တာ ပဲသမီးရေ..။ရူပတဏှာ နော် သမီး ဘယ်လောက်ဆိုးသလဲ။ ငါ့မှာဆင်းရဲမယ်၊ အရှက်ကွဲလိမ့်မယ်။ မတော်ဘူး တော်တယ် ဘာမှ မသိဘူး။ အဝိဇ္ဇာ အမှောင်က ဖုံးထားလို့ ၊ပိတ်ထားလို့ တဏှာ ကစွဲလမ်းတယ်။ မေမေတို့ အမရပူရ က ရေဥူး ကျောင်းဆရာတော် ဘဒ္ဒ န္တပဏီတ ဆရာတော် ဆုံးမ တာမှတ်ထားပါ သမီးလေးရေ..။
( မသိလေဆိုး၊ မိုက်အားကိုး၊
ဆင်းရဲမျိုး များစွာ- သိတတ်လိမ္မာ ၊
အရာရာ ၊ချမ်းသာအေးမြမှာ။
ကောင်းနိုးနိုး နှင့် ကျိုးကြောင်းမမြင် ၊
တဏှာ ပင်မ၊ ခက်လှသည်ပင်၊ ရစ်ဝဲ ရစ်ဝဲ ဆင်းရဲ ပယ်ခွင်
ထွက်ရာလမ်း၊မျှော်မှန်း ကြံဆင်ခြင်။)

မိဘတွေ က အသပြာ တစ်ထောင်ပေးလို့ ကြံဆောင်ပေးရရှာပါတယ်။ နဂို အဖေ၊ အမေ နဲ့နေတုံး ကတော့ ဝတ်ကြီးဝတ်ငယ် ပြုရမယ်မှန်းနားမလည်ဘူး။ သတ္တုက ခိုးသားကြီးကျတော့ ဝတ္တရားတွေ ကျေပွန်လိုက်တာ၊ တဏှာ အစွဲ အလမ်း ကြီးလေလေ ရှုံးလေလေပါပဲ။ အချစ်များလေ ဆင်းရဲလေလေပါ ။
သူက ကိုယ်ချစ်ကို ရှာ မိသကိုး။ ဇာတ်လမ်လေး က သမီးသိပြီးသားပါ။ လူမိုက် တို့ ထုံးစံ အတိုင်း မချစ်မနှစ်သက်တဲ့ သူနဲ့ အတူနေရတာ ကျဉ်းကြပ်လာတယ်။ လက်ဝတ်လက်စားတွေယူ အသေသတ်ဘို့ကြံစည်တော့တာပါပဲ။ ပရိယာယ် နဲ့ မြို့ပြင် ခေါ် သွား သတ်ဘို့ လုပ်ပါတော့တယ်။ တဏှာ ကို လက်ခံမိတာနဲ့ ဆင်းရဲဒုက္ခ မျိုးစုံတွေ့ရတာလေ..။ တကယ့် အသက်ဘေး ကြုံလာတော့ သူ့ကိုချစ်တဲ့တဏှာ ထက်ကိုယ့်ကိုကို ချစ်တဲ့ တဏှာ ကယိုင်လာ တော့တာပေါ့။ မိန်းမတို့မာယာ နဲ့ လှည့်ပတ်ပြောဆိုပြီး ချောက်ထဲ တွန်းချလိုက်တာ သမီးရေ..။ မယ်ဘဒ္ဒါ အမြင်မှန်လာတာ သူ့တဏှာ ပြုတ်သွားလို့ပါ။ မဟုတ်ရင်သူ ကသေရမှာ။ မိဘ အိမ် ပြန်ရမှာ ရှက်တဲ့ မယ်ဘဒ္ဒါလေး က ပရိဗိုဇ် ကျောင်းရောက်သွားတယ်။ အဲဒီ ကနေ ပုစ္ဆာ တစ်ထောင်တတ်လာတာပေါ့။ ပညာကလည်းတတ်လာတော့ မာန ကခပ်ကြီးကြီးပေါ့သမီးရယ်။ ပညာ ပြိုင်ရင်းစိန်ခေါ်ရင်းနောက်ဆုံး အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီး နဲ့တွေ့ ရပါတော့တယ်။ အရှင်မြတ်ကြီးရဲ့မေးခွန်းကို မဖြေနိုင်တဲ့ ဘဒ္ဒါလေးဟာ နည်းပညာခံယူဘို့ နောက်ကို လိုက်ခဲ့ပါတယ်။ ဘိက္ခု နီ မများကျောင်းပို့။ ကမ္မဋ္ဌာန်းပေး အလုပ်လုပ်တဲ့ အခါကျတော့ ရဟန္တာမ ဖြစ်သွားရပါတော့တယ်။ ပညာ အရာ မှာ ထူးထူး ချွန် ချွန် နဲ့အဘိဉာဉ် များလည်းရသွားပါတော့တယ်။

( ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝိကာနံ ဘိက္ခူနီနံ ခိပ္ပါ ဘိညာနံ ယဒိဒံ ဘဒ္ဒါ ကုဏ္ဍလကေသာ ) လို့ဆိုပြီး ဘုရားရှင် က ဧတဒဂ် ဘွဲ့ထူးပေးတော် မူပါတယ် သမီးလေးရေ..။ ဘဝ အဆက် ဆက် ကဖြည့်ကျင့်ခဲ့တဲ့ ပါရမီ ပါသော်လည်း တဏှာ ပူးဝင်ပြီး အသက်ဘေးထိ ကျရောက် ခဲ့ရတာ။ တဏှာ ကြောင့်အလွန် ဆင်းရဲပုံ၊ တဏှာ ဖြတ်တော့ချမ်းသာပြီး ဈာန် အဘဉာဉ် တန်ခိုးကြီးကြီးကျယ် ကျယ် ရတဲ့ ဘိက္ခုနီမ ၊ အာသဝေါကင်းတဲ့ ရဟန္တာမ ဖြစ်သွားခဲ့ တာတွေ ကို သင်္ခန်းစာယူရင်း မေမေတို့ သူတော် ကောင်းတရားတွေ ကြိုးကြိုးးစားစားအားထုတ်ကြဘို့မေမေ က မွေးနေ့ မှာ စကားလက်ဆောင် ပေးချင်မိပါတယ် သမီးရေ..။ အရင် နှစ်တွေက လိုမွေးနေ့လက်ဆောင်ဟာ Pooh အရုပ် မဟုတ်တော့ တာ (၁၇) ဆိုတဲ့ ကိန်းဂဏန်းရောက်ရှိနေခဲ့ လို့ဆိုတာ-သမီးလေးရိပ်မိ မှာ ပေါ့နော်။


(နဟိ သဗ္ဗေသု ဌာနေသု-ပုရိသော ဟောတိ ပဏ္ဍိတော
ဣတ္ထီပိ ပဏ္ဍိတာဟောတိ- တတ္ထ တတ္ထ ဝိစက္ခဏာ)

မိန်းမ တွေ အ-တယ် လို့ဆိုပေမဲ့ တကယ် အချက်ကျတော့ ပန်းတိုင် ကျတော့သူက ပန်းခူးသွားတယ် ဆိုတဲ့ တောစောင့်နတ်က ဘဒ္ဒါ ကို ချီးကျူးတဲ့ ဂါထာလေးကို တော့ မေမေ က သတိတရ-ရွတ်ဆို ပြီး မွေးနေ့လက်ဆောင် ပေးလိုက်ပါတယ် သမီးရေ..။ အရာရာ ဉာဏ်နဲ့ ယှဉ် ဆုံးဖြတ်နိုင်ပါစေ။


(အမရပူရ-ရေဥူးကျောင်းဆရာတော်- ဘဒ္ဒန္တ ဣဿရာလင်္ကာရာဘိဝံသ ရေးသားသော ခိပဘိဉာဧတဒဂ်ရ ဘဒ္ဒါကုဏ္ဍလ ကေသာ ထေရီ ဝတ္ထု ကို မှီငြမ်းရေးသားပါသည်။)





0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP