ဆေးတက္ကသိုလ် ဓမ္မသဘင်
( ပညာ )
Highest stage in Buddha teaching. It is wisdom insight စာလုံးပေါင်းမှားသွားဦးမယ်။ စာလုံးပေါင်း မှားသွားရင် (inside) အထဲ ရောက်သွားမယ်။ တို့ငယ်ငယ်က မြှးဖူးတယ်။ ဒါကြောင့်ပြောတာ။
ဪ-အထဲကိုကြည့်တဲ့ ကမ္မဋ္ဌာန်းကို Insight ဆိုတဲ့ စကားလုံးလေးဟာ နက်နဲတဲံဉာဏ်ကို ပြောတာ။ အပေါ်ယံ ကြည့်တဲ့ဉာဏ်မဟုတ်ဘူး။ စိုက်စိုက်စူးစူး ကြည့်တဲ့ဉာဏ်က Insight နော်။ အဲဒီပညာ အမြင့်ဆုံးကျင့်စဉ်က မဂ္ဂင် ၈-ပါးထဲမှာဆိုရင် Right understanding နဲ့ Rihgt thinking ဒီနှစ်ခု။ ဒါဟာ Wisdom ပဲ။ နောက် မြန်မာစကားလုံးထဲက ဗမာစကားတောင် မဟုတ်ဘူး။ မြန်မာစကားလုံး ဖြစ်နေတာ။ ပညာ-ပ ဆိုတာက တလုံး၊ ညာ-ဆိုတာက တလုံး၊ ပ-က အသေးစိတ်လို့ အဓိပ္ပါ.်ရတယ်။ ညာ-က သိတာ။ ပညာ-အသေးစိတ် သိရှိနားလည်ခြင်း။ Understanding in detail ဒီလိုရှိတယ်။ ပညာ အဲဒီ Understanding in detail ကတော့ စာအုပ်ဖတ်လို့၊ ဆွေးနွေးလို့ ပြောတာကို နားထောင်လို့်သိတဲ့ အသိမျိုး မဟုတ်ဘူး။
မိမိရဲ့ကိုယ်ထဲက ခုနက Concentrated mind ကို ထည့်ရမယ်။ ဒီတလ့လောက်ရှိတဲ့ ဒီကိုယ်ထဲမှာ သိစရာတွေ အများခည်းပဲ။ မိမိရဲ့ကိုယ်ထဲမှာ ရှိနေတဲ့ အရှိတရားတွေကို ခုနက ငြိမ်နေတဲ့စိတ်ကို ဒီကိုယ်ထဲထည့်။ အပြင်မရောက်စေနဲ့။ အထဲကိုစိုက်ပြီး ရှိတာတွေကို ရှိတဲ့အတိုင်း ဖြစ်နေတာတွေကိုအဖြစ်အတိုင်း မြင်အောင် ကြည့်တဲ့အကြည့်ကို ခေါ်တာ။ အဲဒါ ပညာ။ မိမိကိုယ်ထဲမှာ ရှိတာတွေကို စိုက်ကြည့်ရမယ်။ အဲဒါ Insight meditation ပဲ။Highest stage ပဲ။ ဗုဒ္ဓ ဓမ္မမှာ အမြင့်ဆုံး ကျင့်စဉ်ပဲ။
အဲဒီပညာတွေနဲ့ ကိုယ်မှာရှိတဲ့ အရှိတရားကို Reality အဲဓီအရှီတွေကို အရှိအတိုင်း သိပြီး as it thy really are သူတို့ရှိနေတဲ့ အရှိအတိုင်း အဲဒါတွေကို စိုက်ာကည့်ရင်း၊ ကြည့်ရင်း၊ ကြည့်ရင်းနဲ့ နောက် ဘာဖြစ်လာလဲ။ အမှန်ကိုမြင်လာတယ်။ truth သစ္စာနော်။ အရှိတရားများ (ပါဠိလိုပြောမယ်) ပရမတ္ထ အရှိတရားကို ပရမတ္ထ။ အြ=ဲဒီ ပရမတ္ထအရှိကို မြင်ရင် နောက် ဘာမြင်လဲ။ အမှန်သစ္စာကို မြင်တယ်။ ပညာက အတိုချုံ့ရင် ဒီနှစ်ခုကို သိတဲ့ အသိပညာဟာ ဥပမာလေးတခု ပြောမယ်၊ နွားကြီးနှစ်ကောင် လမ်းပေါ်မှာ လူတယောက်က မောင်းချသွား၊ ဟေ့-လမ်းပေါ်မှာ ဘာသွားနေလဲမေးရင်း မင်းတို့ ဘာပြောမလဲ။ လှည်း သွားတယ် ပြောတယ်နော်။ နွားတော့ မောင်းနေတယ်။ လူတွေက ဘာပြော၊ ဟို-ဘာလုပ်တာလဲ၊ လှည်းမောင်းနေတယ်။ မောင်းတာ ပြောနေတာ။ ကမ္ဘဦးကတည်းက ပြောနေတာ။ ခုထိ ပြောနေတာ။ လှည်းမောင်းတယ်။ လှည်းကို မောင်လို့ရလား။ လှည်းကိုမောင်းတာလား၊ နွားကို မောင်းတာလားဆို၊ မှန်တာ တခုမှ မပြောဘူး။ အများကြီးပဲ၊ ဒါမျိုးတွေ လှည်းမောင်းတယ်၊ ဘယ်လှည်း မောင်းရလို့လဲ။ နွားမောင်ရတာ။ ဘာသွားနေလဲ၊ လှည်းသွားတယ်။ တကယ်သွားတာက လှည်း-မဟုတ်ဘူး။ နွားသွားတာ။

တရားကျမိပါသည်
စာရေးသူသည် ကျောင်းဆရာက အငြိမ်းစားယူပြီး သားရှိရာ ရန်ကုန်မြို့တွင် ဇနီးနှင့်အတူ သွားရောက်နေထိုင်ခဲ့သည်မှာ ၉-လကြာခဲ့ပြီ။ ယခုမှ ပင်စင်ထုတ်ရန် သရက်မြို့သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
သရက်မြို့ ရောက်ရောက်ချင်း ယခင်က လက်ထောက် ဆရာမများ ဖြစ်သော ဒေါ်ညွန့်ညွန့်စိန်၊ ဒေါ်အေးသိန်း၊ ဒေါ်မြင့်မြင့်ဝင်း၊ ဒေါ်တင်တင်ယု တို့နှင့် တွေ့၍ အားရပါးရ စကားပြောမည်မကြံသေး။ ကြားရသောသတင်းကြောင့် တော်တော် စိတ်မကောင်း ဖြစ်သွားပါသည်။ ကြားရသည့်သတင်းမှာ ဆရာဦးကြိုင် အခြေအနေ မကောင်းဘူး။ သွားကြည့်ပါဦး ဆရာ-ဟူ၍ ဖြစ်၏။
ဆရာဦးကြိုင်မှာ ကျောင်းနေဖက် သူငယ်ချင်းဖြစ်ရုံသာမက မိမိ၏ လက်ထောက်တဦးလည်းဖြစ်သည်။ ကျောင်းတွင် ဆရာဆို၍ သူနှင့်ကျွန်တော် နှစ်ယောက်သာ ရှိသည်။ ကျန်သူတွေက ဆရာမတွေသာ ဖြစ်၏။ ဆရာနှစ်ယောက်တွင် သူနှင့် ကျွန်တော် သက်တူရွယ်တူ ဖြစ်သော်လည်း သူက ကျန်းမာရေး ကောင်းသူ၊ ကျွန်တော်က ချောင်းဆိုး၊ ပန်းနာရင်ကျပ် ရှိ၍ မိုးနှင့်ဆောင်း အေးသောရာသီများတွင် နှစ်စဉ် ရောဂါထသူ။
သူက မပိန်လွန်း၊ မ၀လွန်း၊ ရိုးပြည့်၊ သားပြည့်နှင့် သွက်လက်ဖျတ်လတ်သူ။ ကျွန်တော်က အသားလေးဖြူဖပ်ဖြူရော်နှင့် ပိန်လှီချိနဲ့သူ။ အေးသောရာသီဥတုရောက်တိုင်း သူက ရာဦဥတု အေးတယ်နော် ကိုဘသီ၊ သတိထား-ဟု အမြဲတမ်း ကျွန်တော့်ကို သတိပေးသည်။ ကျွန်တော့်မှာ အမြဲတမ်း အနွေးထ်ာနှင့် ခြေအိတ် စွပ်နေရသည်။ သူကတော့ နေပူမိုးရွာမရှောင်၊ ခေါင်းတုံးဆံတောက် ခေါင်းပြောင်ပြောင်နှင့် အမြဲတမ်း သွားလာနေသူဖြစ်ပါသည်။
ကျွန်တော်သည် သူ့သတင်းကို ကြားကြားချင်း စက်ဘီးနှင့် ပြေးခဲ့ပါသည်။ ခြင်ထောင်ထဲတွင် ညာဘက်ကို ခပ်စောင်းစောင်းလေး အိပ်နေပါသည်။ ကျွန်တော်လည်း သူ့ညာဘက်ကခြင်ထောင်ကို မ,တင်ကြည့်လိုက်ရာ မျက်စိကို ဖွင့်လိုက် ပိတ်လိုက်နှင့် ဖြစ်နေပါသည်။ သူ့လက်ကို ဆွဲကိုင်လိုက်ပြီး ကိုကြိုင်၊ ကိုကြိုင်-ဟု ခေါ်သော်လည်း အကြောင်းမထူးပါ။ သူ့ညီမောင်သိန်းက အနားလာပြီး-ဆေးတိုက်ထားလို့ အိပ်ချင်နေတယ်ထင်တယ်-ဟု ပြောပါသည်။ ဒါပေမဲ့ သူ့မျက်လုံးများကို ကြည့်ရသည်မှာ အာရုံခံစားမှု လုံးဝမရှိတော့ပါ။
ဘေးလူများက ဆရာဦးကြိုင်သည် လေ-နှစ်ခါ ပြန်ဖြတ်ကတည်းက သူ့ကျန်းမာရေးမှာ မကောင်းတော့ဟု ပြောကြပါသည်။ သူ၏ခေါင်းရင်းခန်းတွင် အသက် ၉၉-နှစ်ရှိ သူ့အမေ ရှိပါသေးသည်။ ကျန်းမာပါ၏။ နားလေးသည်က လွဲ၍ အားလုံး အကောင်း၊ မျက်စိလည်း ကောင်းသည်။ သူ့သားအနားသို့ လာပြီး ကိုယ်ကိုစမ်းကြည့်ကာ ကိုယ်မပူတော့ဘူး၊ နေကောင်းလို့ အိပ်နေတယ်-ဟု ပြောကြောင်း သူ့အမကပြော၍ သိခဲ့ရသည်။ ထိုအချိန်တွင် ကိုကြိုင် လူမှန်းမသိတော့ပါ။ ဪ-မိဘမေတ္တာ၊ မိဘမေတ္တာ-
ထိုအချိန်တွင် ကိုကြိုင်၏ ရုပ်လက္ခဏာပျက်နေလေပြီ။ နဂိုရုပ် နဂိုပုံ မရှိတော့ပါ။ အရင်က ကိုကြိုင်သည် ငယ်စဉ်ကစ၍ ကုန်းသတ္တ၀ါအသား မစား။ ကြက်ဥ၊ ဘဲဥပင် မစား၊ သို့သော် စားလုံး သောက်လုံး ကောင်းသည်။ ဘာနှင့်စားစား စားနိုင်သူဖြစ်သည်။
ပစ္စည်းဥစ္စာ မချမ်းသာသော်လည်း လူပျိုကြီးဖြစ်၍ မကြောင့်ကြရ၊ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဂင်တိုဖြစ်၍ မပိန်၊ မ၀၊ ကြည့်၍ကောင်းသည်။ စကားပြောကောင်းသည်။ စကားကို အားရှိပါးရှိ ပြောတတ်သူဖြစ်သည်။ ချစ်ခင်ကြည်ညိုသူ တပည့်ပေါများသည်။
သူ၏ ကမ္မဋ္ဌာန်းရုပ်ကြီးကိုကြည့်ပြီး ကျွန်တော်သည် ရွှေမင်းဝံဆရာတော်ဘုရားကြီး၏ သေလျှင် ခြောက်ချက်-ဟူသော အောက်ပါမရဏာနုဿတိ တရားတော်ကို သွားသတိရမိပါသည်။ ယင်းတရားတော်မှာ-
၁။ အစားအသောက် မည်မျှ စားနိုင်သည်ဆိုစေကာမူ အပြီးသတ် ငတ်၍ သေရလိမ့်မည်။
၂။ ပစ္စည်းဥစ္စာ မည်မျှ ချမ်းသာစေကာမူ မွဲ၍ သေပါလိမ့်မည်။
၃။ ဆဒ္ဒန်ဆင်မင်း ခွန်အားမျှ ကောင်းသည်ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
၎။ စကားပြော မည်မျှ ကောင်းသည်ဆိုစေကာမူ အ,၍ သေပါလိမ့်မည်။
၅။ နတ်မမီ လူမမျှ လှပသည်ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။
၆။ စုံမက်ချစ်ချင်သူ မည်မျှများစေကာမူ အမုန်းခံ၍ သေရပါလိမ့်မည်-ဟူသတည်း။
နောက် ၃-ရက်အကြာတွင် ဆရာဦးကြိုင် ဆုံးပြီ-ဟု ဆရာဦးသန်းဦးနှင့် ဒေါ်မြင့်မြင့်ဝင်းတို့က လာပြောကြသည်။ မနက်ဖြန် ညနေ ၃-နာရီ သင်္ဂြိုဟ်မည်-တဲ့။ ကျွန်တော်ချက်ချင်း ပြေးခဲ့သည်။ အိပ်ရာပေါ်တွင် ပက်လက်ကလေး။ ရုပ်ပျက်နေပါပြီ။ အရင် ကျွန်တော်လာတုန်းကလို မျက်လုံးကလေး ဖွင့်လိုက် မှိတ်လိုက် မလုပ်ရှာတော့ပေ။
ဪ-ချစ်သူငယ်ချင်း ကိုကြိုင် ကောင်းရာသုဂတိသို့ ရောက်ပါစေ-ဟုသာ ဆုတောင်း၍ အနားမှ ခွာလိုက်ရပါသည်။ ကျန်းမာရေးကို ဂရုစိုက်နော် ကိုဘသီ-ဟု အမြဲတမ်း စိုးရိမ်တကြီး သတိပေးတတ်သော ကိုကြိုင်၊ ယခုတော့ သူကိုယ်တိုင် ကျန်းမာခြင်းရဲ့ လာဘ်ကြီးကို စွန့်ခွာပြီး မရဏစခန်းသို့ မြန်းရရှာလေခြင်း ကိုကြိုင်ရယ်-ဟုသာ ရင်တွင်းက ရေရွတ်မိပါတော့သည်။
ဪ-သေခြင်းတရားဆိုသည်မှာ ဆင်းရဲ-ချမ်းသာ မရွေး၊ အယုတ်-အလတ် အမြတ် မရွေး၊ အကြီး-အငယ် မရွေး၊ ကျန်းမာရေး ကောင်းသူ-မကောင်းသူ မရွေး ကံတရား၏ စီမံရာ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ရှေ့နှင့်နောက် သွားကြရစမြဲပင်။ စာရေးသူ တရားရခဲ့ပါသည်။
စာရေးသူမှာ အသက် ၂၀-လောက်ကစ၍ ကျန်းမာရေး ချို့တဲ့ခဲ့သည်။ တောင်ကြီးဆေးရုံ၊ ရန်ကုန်ဆေးရုံကြီး၊ ပဲခူး ဆေးရုံ၊ မြောက်ဥက္ကလာပ ဆေးရုံအပြင် ရန်ကုန်က သီတာဦး ဆေးခန်း၊ မေတ္တာမွန် ဆေးခန်းများသို့လည်း ရောက်ခဲ့ရသည်။ ထိုစဉ်က ငါ-အသက် ၄၀-လောက် နေရရင် တော်ပါပြီ-ဟုပင် တွေးခဲ့ဖူးပါသည်။ ဒီလောက်ရောဂါ ထူသူဖြစ်ပါသည်။
ကျွန်တော့်ရောဂါကို ကုသပေးခဲ့ကြသော ဒေါက်တာ ခင်ကြိုင်၊ ဒေါက်တာ မိုးကျော်အောင်တို့လည်း သေဆုံးခဲ့ပါပြီ။ ကျွန်တော် ဆေးကုသရာတွင်၎င်း၊ ဆေးရုံတက်ရာတွင်၎င်း၊ ကူညီခဲ့ကြသည့် အကို ကိုသန့်၊ သူငယ်ချင်း ဓာတ်ခွဲမှူး ကျော်ဇံလှ၊ အနီးကပ် ပြုစုသော ကျွန်တော့်အကိုရင်း ဦးကိုလေးနှင့် ယောက်ဖ ဗိုလ်ကြီး မောင်သိန်း-တို့မှာလည်း ကွယ်လွန်ခဲ့ကြပြီ။ ကျွန်တော် လူမမာသာလျှင် ကျန်နေပါပကော။
ဒါတွင်မက ကျွန်တော့်တပည့်လေးတွေလည်း သေသည်မှာ မနည်းကြတော့။ သက်တူ ရွယ်တူ သူငယ်ချင်းများမှာလည်း တနှစ်ထက် တနှစ် ရှားလာပြီ။ ကျွန်တော့်အသက် ယခု-၆၃ နှစ်ဆိုတော့ ဒီပတ်ဝန်းကျင်မှာပဲ သေကြတာ များသည်။
အတွေ့အကြုံတခု ပြောရဦးမည်း။ မင်းတုန်းမြို့က ကျွန်တော့်အမျိုး ဒေါ်တင်ရွှေမှာ အသက် ၈၀-ကျော်ရှိ၍ နားမျက်စိမကောင်း။ ဘာမှမလုပ်နိုင်သဖြင့် လူ့လောကမှာ မနေချင်တော့၊ သေချင်လှပြီ-ဟု ခဏခဏညဉ်း၏။ သူက မသေ။ တအိမ်လုံးကို လုပ်ကိုင်ကျွေးမွေးသည့် အိမ်ထောင်ဦးစီးလုပ်သူ သားသမက်ဖြစ်သူ အသက် ၅၀-ကျော်ကျော်ရှိ မောင်ကိုကြီးက ဖြုန်းခနဲ လေဖြတ်၍ သေရရှာသည်။
ထို့ကြောင့် ( ဣတ္ထိပုရိသ၊ ဖြစ်လာကြတိုင်း၊ ရုက္ခာသီးပွင့်၊ ခါမလင့်ဘဲ၊ ရင့်တဖုတ်ဖုတ်၊ ကင်းဖြုတ်ဖြုတ်နှင့်၊ ညှာပြုတ်ကြွေကျ၊ မမြဲကြသို့၊ ဘ၀ပျက်ပြို၊ လူထိုထိုကား၊ ရွယ်ပျိုရွယ်လတ်၊ ကျန်မလွတ်သည်၊ မချွတ်သေအံ့ အပြီးတည်း )-ဟု ဆိုသည့် မဃဒေ၀လင်္ကာကို သတိရမိပါသည်။
ကျွန်တော်သည် လုပ်ဖော်ကိုင်ဖက် ကျောင်းနေဖက် သူငယ်ချင်း ကိုကြိုင်အား နောက်ဆုံးတာဝန်အနေဖြင့် သင်္ဂြိုဟ်ရန် သုသာန်အထိ လိုက်ပို့ရင်း သတိထားမိလိုက်ပါသည်။ ဂူများသည် ယခင်က အသုဘပို့ လိုက်သူများ ထိုင်နား စောင့်နေကြသည့် ကွင်းပြင်ထဲအထိ နေရာယူရောက်နေကြပြီ။ အဓိပ္ပါယ်မှာ တို့ထက်ကြီးသူ၊ ငယ်သူ၊ ရွယ်တူသူများ ဒီနေရာ ရောက်နှင့်နေကြပြီ။ မင်းအတွက် နေရာ ဆိုသည့်သဘောပင်။
ကိုကြိုင်အလောင်း မြေကျ၍ အပြန်တွင် လမ်းတလျှောက်လုံး ငါလဲ ဒီလမ်းသွားရဖို့ နီးလာပြီ။ သွားရမည့်နေ့ကို ထမင်းစား စောင့်နေရုံနှင့် မပြီး၊ တရားဘာဝနာ ပွားများပြီး ၀ိပဿနာတရား ရှုမှတ်ရင်း စောင့်ဆိုင်းနေမှ တော်တော့မည်-ဟူ၍။
( မင်းတုန်း ဘသီ-သရက် )
( မြတ်မင်္ဂလာ ၁၉၉၉-ခု မတ်လ )

0 comments:
Post a Comment