* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 22, 2009

အဘိဓမ္မာနည်းကျသော သိပ္ပံပညာ...

တရားတော်တွေနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေဟာလည်း အပြစ်ရှာလို့ မရအောင် အမဲစက် တစ်ခုမှ မရှိဘူး။ အားလုံးဟာ အကောင်းတွေချည်းပဲ။ အကုသိုလ်ကို လုပ်ခိုင်းထားတာ တစ်ခုမှ မရှိဘူး။ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ စတဲ့ ပိဋကတ် သုံးပုံဟာ ဘုရားရဲ့ တရားတော်တွေပဲ။
ကုသိုလ်ကို ကုသိုလ်မှန်း သိအောင် အကုသိုလ်ကိုလည်း အကုသိုလ်မှန်း သိအောင် အတိအကျ ခွဲခြား ပြသထားတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ ဘာသာပေါင်းစုံတွေ အထဲမှာ ဘယ်ဘာသာမှာမှ မရှိတဲ့ တရားတွေကို မြတ်စွာဘုရားက မိဂဒါဝုန်တောထဲမှာ ပဉ္စ၀ဂ္ဂီ ငါးပါးကို တရားဦး အဖြစ်အရင်ဦးဆုံး သစ္စာလေးပါး တရားကို စပြီးတော့ ဟောကြားခဲ့တယ်။ အစွန်းနှစ်ဘက် (two extremes) ကို လွတ်ပြီး အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပဒါ (middle way) ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး (The Noble Eightfold Path) အတိုင်း ကျင့်ကြံ အားထုတ် သွားမယ် ဆိုရင် အေးချမ်းတဲ့ နိဗ္ဗာန်ကို လျင်မြန်စွာ ရောက်မယ်ဆိုတာ မြတ်စွာဘုရားရဲ့ တရားတော် ထဲမှာ လမ်းညွှန်ထားတယ်။
လူတွေဟာ ငွေကြေးကြီးပွား ချမ်းသာအောင် ကြိုးစားပေမဲ့လည်း ရတဲ့အခါမှသာ ရကြတာ။ ဘုရားရဲ့ တရားတော်တွေက ကြိုးစားအားထုတ်ရင် အားထုတ်သလောက် အပြည့် အ၀ရနိုင်တယ်။
သိပ္ပံပညာရှင်တွေဟာ ဒီကမ္ဘာ မြေကြီးပေါ်မှာ တည်ရှိနေကြတဲ့ လူတွေ၊ တိရစ္ဆာန်တွေ၊ ရုပ်ဝတ္ထု ပစ္စည်းတွေ အားလုံးကိုတောင်မှ အဆုံးစွန်အထိ ဓာတ်ခွဲမှု၊ သုတေသနပြုလုပ်မှုတွေကို မလုပ်နိုင်ကြသေးဘူး။ လူတွေမှာ ရှိတဲ့ စိတ်ကို ခွဲခြားနိုင်ဖို့ဆိုရင်တော့ ပိုလို့တောင် ဝေးသေးတယ်။
မြတ်စွာဘုရားကျတော့ အဲဒါတွေ အားလုံးအပြင် စင်္ကြာဝဠာ တစ်ခွင်လုံး (၃၁) ဘုံမှာ ရှိတဲ့ ရုပ်တွေ၊ နာမ်တွေ အားလုံးကို အသေးစိတ် အဆုံးအစွန်အထိ ဓာတ်ခွဲ ပြသနိုင်ခဲ့တယ်။ ရုပ်တွေ၊ နာမ်တွေကို ဓာတ်ခွဲပြထားတာ အဘိဓမ္မာ ကျမ်းထဲမှာ အပြည့်အစုံ ရှိတယ်။
အဲဒီ အဘိဓမ္မာ ကျမ်းဟာ ကမ္ဘာမှာရှိတဲ့ ကိုးကွယ်မှု ဘာသာ အားလုံးတွေထဲမှာ ဘယ်ဘာသာမှာမှ မရှိပါဘူး။ ဗုဒ္ဓ တရားတော်တစ်ခုတည်းမှာပဲ ရှိပါတယ်။
တချို့ က ပြောကြတယ်။ သိပ္ပံနည်းကျသော အဘိဓမ္မာ တဲ့။ ကျွန်ုပ်ကတော့ အဲဒီ စကားလုံးကို လက်မခံဘူး၊ မှားတယ် လို့ ပြောမယ်။ အဘိဓမ္မာနည်းကျသော သိပ္ပံပညာ လို့ ဆိုမှ မှန်တယ်။ ဘာကြောင့်လဲ ဆိုတော့ သိပ္ပံပညာက အဘိဓမ္မာကို လုံးဝ လိုက်မမီ နိုင်လို့ပဲ။
ရုပ်တွေဟာ ဖြစ်ပြီးတော့ ချက်ချင်း ပျက်သွားတဲ့ အကြောင်းကို မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၅၀) ကျော်က တွေ့ရှိ ဟောကြား ထားပြီးသားပါ။ သိပ္ပံ ပညာရှင် တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀) ကျော် လောက်ကမှ လူ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ် (cells) တွေ ဖြစ်ပြီး ပျက်သွားတာ တွေ့ခဲ့ကြတယ်။
ဒါတောင် သူတို့ တွေ့ရှိတဲ့ ဆဲလ် (cells) တွေ ဆိုတာက မြတ်စွာဘုရား ဟောခဲ့တဲ့ ရုပ်ကလာပ် အမှုန်နဲ့ နှိုင်းစာရင် ဘာမှကို မဆိုင်သေးဘူး။
ဘုရား ဟောကြားခဲ့တဲ့ ရုပ်၊ နာမ်တွေဟာ သိပ္ပံ ပညာရှင်တွေ တီထွင်ထားတဲ့ အဏုကြည့် မှန်ဘီလူးတွေ၊ ခေတ်မီ အီလက်ထရောနစ် လျှပ်စစ် ပစ္စည်းတွေနဲ့ ကွန်ပြူတာ ပစ္စည်းတွေကို အသုံး ပြုပြီး ဘယ်လိုမှ ရှာဖွေလို့ မရလို့ဘဲ။
တွေ့ချင်တယ် ဆိုရင်တော့ ၀ိပဿနာတရား (Vipassana Meditation) အားထုတ်ပြီး ရရှိလာတဲ့ ဉာဏ်နဲ့ ထိုးထွင်း ကြည့်မှသာ မြင်နိုင်တာပါ။ ဒါ့ကြောင့် ဘုရားရဲ့ တရားတော်တွေဟာ အလွန်ပဲ နူးညံ့ သိမ်မွေ့ နက်နဲ လွန်းပါတယ်။
တကယ် လက်တွေ့ကျတာကိုမှ လိုချင်နေကြတဲ့ အနောက် နိုင်ငံသားတွေတောင် ဗုဒ္ဓဘာသာဝင် မဟုတ်ဘဲနဲ့ ဗုဒ္ဓရဲ့ အဘိဓမ္မာ သာဘာဝ တရားတော်တွေကို စိတ်ဝင်စားလွန်းလို့ တလေးတစား လေ့လာ သင်ယူနေကြတယ်။
အဘိဓမ္မာ ဆိုတာ သစ်ပင်ကြီးတစ်ပင်ရဲ့  ပင်စည်နဲ့ တူပြီးတော့ သိပ္ပံပညာကျတော့ အဲဒီသစ်ပင်ရဲ့  အကိုင်းအခက် အဆင့်မှာပဲ ရှိပါတယ်။ လောကကြီးထဲမှာ အမှန်တကယ် ရှိတဲ့
- ဒုက္ခသစ္စာ
- သမုဒယသစ္စာ
- နိရောဓသစ္စာ
- မဂ္ဂသစ္စာ
အဲဒီ သစ္စာလေးပါးတရားကို မသိသေးသ၍ ဘယ်သူမှ ဒီသံသရာထဲက လွတ်မြောက် နိုင်ကြမှာ မဟုတ်ဘူး။
ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ကောင်းလွန်းတဲ့ အတွက် ဘယ်အရာ နဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ တရားတော်တွေ ကိုလည်း ရိုသေစွာ ပူဇော်ထိုက်တယ် ဆိုတာ ယုံမှား သံသယ ဖြစ်ဖွယ်မရှိပါဘူး။
သိပ္ပံပညာရှင်တွေက ဘယ်လောက်ပဲ အသစ်အဆန်းတွေကို ရှာဖွေတွေ့ရှိပါစေ အဘိဓမ္မာ အထဲမှာ ဟောထားတဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေ၊ စိတ်ရဲ့ ဆန်းကျယ်မှု၊ ရုပ်ရဲ့ ဖွဲ့စည်းတည်ဆောက်ထားမှု အပိုင်းတွေကို မည်သည့် ကိရိယာနဲ့မှ ရှာဖွေလို့ ရမှာ မဟုတ်ပါဘူး။
ဒါကြောင့် ကျွန်ုပ်ပြောချင်တာက သိပ္ပံနည်းကျသော အဘိဓမ္မာ မဟုတ်ပါ။ အဘိဓမ္မာနည်းကျသော သိပ္ပံပညာ လို့ ဆိုရင် မှားအံ့မည် မဟုတ်နိုင်တော့ပါ…

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP