မိုင်တစ်ထောင်အကွာမှလည်တိုင်ကိုဆန့်ထုတ်ခြင်း
ခေါင်းကျော်၍ ဆရာလုပ်သော စာများထက် တိုင်ပင်သော စာများကိုသာ ရေးသားလိုသည်။ ဗိုက်အောက်ယက်သော အယူဖြင့် ဘ၀ကို မမြှင့်ချင်ဘဲ ကိုယ့်တာကိုယ်လုံ ကိုယ့်ဝန်ကိုယ်ကျေပွန်အောင်သာ ဖြည့်ဆည်းလိုသည်။
မြန်မာအများစုမှာ နိုင်ငံခြား၏ အရာရာ အကဲသာမှုဒဏ် များကြောင့် အထွေထွေ စိတ်နုံ့ခြင်း ဖြစ်ကြရသည်ကို တွေ့ရသဖြင့် စိတ်မချမ်းမသာဖြစ်ရသည်။ ထို့ထက် စိတ်မချမ်းမသာ ဖြစ်ရသည်မှာကား လူမျိုးချင်းချစ်သော မေတ္တာကြောင့် ကရုဏာဒေါသော ဖြစ်နေသော ပညာရှင်များ၏ လဲရာသူခိုးထောင်းသော မှတ်ချက်များကြောင့် ဖြစ်သည်။ မြန်မာတွေညံ့သလား၊ မြန်မာတွေ ရိုင်းသလား၊ မြန်မာတွေ မညီညွတ်ကြဘူး၊ မြန်မာ့ပညာရေးက ဘာလို့ချွတ်ချုံကြရသလဲ၊ ရှေးရိုးစွဲတဲ့ လူမျိုး၊ မာနထောင်လွှားသော လူမျိုး၊ မြန်မာတွေ မြန်မာတွေ မြန်မာတွေ မြန်မာတွေ ဟူသောအသံမှာ အမေရိကန် နှင့် ဥရောပနိုင်ငံများက အော်ဟစ်နေသော terrorist terrorism terrorists ဟူသော စကားများနှင့်အပြိုင် မိုးဝလံ၌ သောသောညံလျက်ရှိပေ၏။
နာဂစ်မုန်တိုင်းဒဏ်တွင် ပြားပြားဝပ်နေသော ကိုယ့်လူမျိုးများမှာ မာစီဒီးစီးပြီး နိုက်ကလပ် တက်နေနိုင်သော လူမျိုးများနှင့် ဘ၀ချင်းမတူပါ။ ဤသည်မှာ အာဖဂန်သူငယ်လေးနှင့် အမေရိကန်သူငယ်လေးတစ်ဦးနှင့် ဘ၀ချင်း မတူသည်သို့သာတည်း။ ဤကွဲပြားမှုနှင့် မတူညီမှုများအတွက် တစ်စုံတစ်ရာ နှိပ်နယ်သည့် သဘောရှိသော ကျော်လွန်ကောက်ချက်များ ပေးရန်သင့်မသင့် ဆင်ခြင်သင့်ပေ၏။
ငယ်ငယ်က ဆောင်းပါးကလေး တစ်ပုဒ်ဖတ်ရသည်။ စာရေးသူ အမေရိကန် မိသားစုက တရုတ်ပြည်သွားသည် ဆို၏။ သူတို့၏သား အမေရိကန်သူငယ် လေးငါးနှစ်သားလေးက ဟိုတယ်အခန်းတံခါးသော့ကို ဖွင့်နေသည်။ သူတို့လင်မယားက အမေရိကန်ထုံးစံဓလေ့အရ မည်သည့်အကူအညီမျှ မပေးဘဲ ကြည့်နေကြသည်။ တရုတ်ဟိုတယ်ဝန်ထမ်းက သူငယ်ကလေး သော့ဖွင့်လို့ အဆင်မပြေတာကို တွေ့တော့ ကလေးလက်ကိုကိုင်ပြီး သော့ဖွင့်နည်း သင်ပေးသည် ဆို၏။ စာရေးသူလင်မယားကိုပင် သော့ဖွင့်နည်း မသင်ပေးရကောင်းလားဟု အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်ခဲ့သေးသည် ဆို၏။
အမေရိကန်ဓလေ့ကား အမှီအခိုကင်းအောင်နေခြင်းနှင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ကို အစွမ်းကုန်အားပေးပြီး တရုတ်ဓလေ့က အစဉ်အလာအတိုင်း လက်ဆင့်ကမ်းသည့် သံယောဇဉ်များဖြင့် ယှက်နှောင်ထားတာ အများသိကြသည်။ ပစ္စက္ခအခြေအနေတစ်ခုတည်းကို ကြည့်ပြီး မည်သည့်လူမျိုးက သာလွန်သည်ဟု ကောက်ချက်မချဘဲ မတူကွဲပြားသော လမ်းကြောင်းများ ရှိကြောင်းကို အာရုံစိုက်စေချင်ပါသည်။
မူရင်းစာရေးသူ၏ မှတ်ချက်ကလေးက စိတ်ဝင်စားဖို့ကောင်းသည်။ ပညာသင်ကြားခြင်း ကိစ္စတွင် အမေရိကန်သည် လူငယ်ဘ၀တွင် အစွမ်းကုန် လစ်ဘရယ်ကျပြီး အစဉ်အလာကို အကုန်ပယ်တတ်သည်။ လူလတ်ပိုင်းအရွယ် လောက်ရောက်မှ အမြင်သစ်ချည်းသက်သက် မလုံလောက်နိုင်မှန်း သိမြင်ပြီး အသစ်မှနည်းနည်းသွေဖည် အဟောင်းဘက် နည်းနည်းတိမ်းယိုင်ပြီး ကြားအဆင့်ကို ရောက်သွားသည် ဆို၏။
တရုတ်လူငယ်သည် လူငယ်ဘ၀တွင် အစဉ်အလာအတိုင်းသွားပြီး ရှေးစကားကိုသင်ကြားရသည်။ လူလတ်ပိုင်းအရွယ်ရောက်မှ ရှေးအမြင်ချည်းသက်သက် မလုံလောက်နိုင်မှန်းသိမြင်ပြီး အဟောင်းမှသွေဖည် အသစ်ဘက်တိမ်းပြီး အမေရိကန်ရောက်သော ကြားအဆင့်မျိုးကိုပဲ ရောက်သွားသည် ဆို၏။
အလွယ်မှုပြုထားသော ဥပမာပင် ဖြစ်လင့်ကစား ဖျောက်ဖျက်ရန် လက်တွေ့မကျသော လူမျိုးတစ်မျိုးချင်းစီ၏ အရိုးစွဲဓလေ့နှင့် ယင်းဓလေ့များ၏အားသာချက် အားနည်းချက်များကို သတိပြုမိစေသည့် ဥပမာဖြစ်ကြောင်း ၀န်ခံရပေသည်။
ဆင်းရဲခြင်းသည် ရှက်ဖွယ်ဟု မဆိုသင့်ကြောင်း ၀န်ခံရသဖြင့် မြန်မာတို့အတွက် ရှက်စရာတစိုးတစိမျှ မမြင်မိကြောင်း ၀န်ခံရသည်။ ဤနေရာတွင် လွတ်လပ်စွာစဉ်းစားခြင်းကို နှောင့်ယှက်တတ်သော မီဒီယာ ဂိမ်းပြိုင်ပွဲများမှ ပြောင်မြောက်သော အမြောက် စကားလုံးများကို အပရိက ထားကြစို့။ အနှစ်သာရကို အလေးပေးပြီး စဉ်းစားလျှင် ဆင်းရဲခြင်း၊ ပညာရည်နိမ့်ကျခြင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျခြင်းသည် လူသားတစ်ဦး၏ မသိစိတ်ကို သိမ်ငယ်စေသည် မှန်သော်လည်း ဤအချက်များသည် ပကတိတန်ဖိုးအားဖြင့် ရှက်ဖွယ်စစ်စစ် ဖြစ်ပါ၏လော။
အင်္ဂလိပ်ခေတ်တွင် မြန်မာတို့သည် ဗြိတိသျှတို့ကို သခင် ခေါ်ရသည်။ ထိုသခင်ဆပ်သည် အင်္ဂလန်တွင် ဒရိုင်ဘာလည်း ဖြစ်ချင်ဖြစ်မည်။ ကိုယ်တို့ဘက်တွင်မတော့ အရေးပိုင်ပေါ့။ သခင်ခေါ်ရသော မြန်မာလူမျိုးသည် မိမိဘိုးဘွားများပင် ဖြစ်ခဲ့သဖြင့် ဤကိစ္စကို တွေးတွေးပြီး ရှက်နေဖို့ သင့်ပါ၏လော။ ဤကိစ္စတွင် နှိမ့်ချစော်ကားသူနှင့် စော်ကားခံရသူ နှစ်ဦးတွင် မည်သူသည် ပကတိတန်ဖိုးအရ ရှက်ဖွယ်လူဖြစ်သနည်းဟု မေးလိုသည်။
စင်စစ် လူသားချင်း နှိမ့်ချစော်ကားခံရသော လူမျိုးများတွင် တောင်အာရှမှ လူမျိုးများသည် အကောင်းဆုံးဥပမာ မဟုတ်သေးပါ။ အာဖရိကန်များ၊ ဂျူးလူမျိုးများနှင့် ယခုနောက်ဆုံး အာရပ်လူမျိုးများသည်သာ အကောင်းဆုံးဥပမာ ဖြစ်ခဲ့ကြတာ သတိရကြပါလိမ့်မည်။ ထို့ကြောင့် မိမိတို့၏ နှိမ့်ချခံခဲ့ရခြင်းအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရန်လည်း သင့်တော့မည်မထင်ပါ။
ပကတိတန်ဖိုးအားဖြင့် တွက်ဆလျှင်မူ နှိမ့်ချစော်ကားခံရသူအတွက် ရှက်ဖွယ်တစ်စုံတစ်ရာသည် မရှိပါ။ ပကတိရှက်ဖွယ်ကောင်းသော အပြုအမူသည်ကား စော်ကားသူ သိမ်းပိုက်ထားသော အပြုအမူသာလျှင် ဖြစ်ပါသည်။ တနည်းအားဖြင့် အရှက်တရား၏ ပကတိတရားသည် တစ်ဦးချင်း၏ မကောင်းမှု နှင့် လူမျိုးတစ်မျိုးချင်းစီ၏ မကောင်းမှုသာလျှင် ဖြစ်ပါသည်။
ဂလိုဘယ်လိုက်ဇ်ဇေးရှင်းသည် ပညာ knowledge ကို အဓိကထားသင့်သည် ထင်၏။ သို့သော် ဂလိုဘယ်လိုက်ဇေးရှင်းသည် ယဉ်ကျေးမှုနှင့် အမျိုးသားလက္ခဏာများကို သိသာစွာ လွှမ်းမိုးလိုက်သည်။ သို့မဟုတ် လွှမ်းမိုးခဲ့သည် ဆိုကြ၏။ သို့မဟုတ် လွှမ်းမိုးကြလတ္တံ့ဟု ဆိုကြသည်။ ဘာမှ ပြောစရာမရှိသေးပါ။ သို့ရာတွင် လူမျိုးတစ်မျိုးသည် အမျိုးသားရေး စိတ်ဓာတ်ကို လက်တွေ့အားဖြင့် ဖျောက်ပစ်ဖို့ ဆန္ဒရှိတတ်ကြပါ၏လောဟု မေးခွန်းထုတ်လိုသည်။ ဤကား မှန်ကန်စွာ မေးခွန်းထုတ်ခြင်း ဖြစ်သည်။ အဖြေက တစ်ဦးတည်းဖြေဖို့မသင့်။ မလုံလောက်။ အဖြေလည်းမပေးလို။ မေးခွန်းနှစ်ခုသာ ထုတ်လိုသည်။
လက်တွေ့အားဖြင့် ကမ္ဘာတိုင်းနိုင်ငံများသည် ကိုယ့်ယဉ်ကျေးမှုက သူ့ယဉ်ကျေးမှုကို လွှမ်းမိုးအောင် ကိုယ့်အယူအဆက သူ့အယူအဆကို လွှမ်းမိုးအောင် ကိုယ့်ပညာရေးက သူ့ပညာရေးကို လွှမ်းမိုးအောင် ကြံဆောင်နေကြသည်ဟု မဆိုနိုင်သလော။ အမျိုးသား အကျိုးစီးပွားဟူသော စကားလုံးကို တွင်တွင်သုံးနေလျက် စိတ်ကောင်းစေတနာကောင်း ထားရပေသည်ဟူသော စကားကို ရှိရင်းစွဲသော အဘယ်ဒဿနဖြင့် ယုံစားအပ်ပါသနည်း။
ပြည့်ကျပ်နေသော ကမ္ဘာကြီးတွင် တစ်နေရာစာ ရဖို့ ကြိုးကြိုးစားစား လုပ်ကြရမည် မှန်ပါသည်။ ဤတွင် မျိုးချစ်စိတ်ဓာတ်ဆိုသော စကားလုံးကို ပြောဆိုသုံးနှုံးဖို့ ရှက်ရွံ့ဖွယ်မလိုဟု ထင်ပါသည်။ အဘယ်ကြောင့်နည်း။ အမေရိကန်လူမျိုးရေးသော သင်ခန်းစာတစ်ပုဒ်တွင် မတူကွဲပြားသော ခံယူချက်များအကြောင်း ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုတွင် သမ္မတကို ဝေဖန်ဆဲဆိုလျှင် မျိုးချစ်စိတ်ကင်းမဲ့ရာ ရောက်သည် ဟု ထင်မြင်ကြသည် ဆို၏။ ဤသို့ဖြစ်လျှင် ကမ္ဘာပေါ်ရှိ မည့်သည့်နိုင်ငံသားကိုမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကင်းမဲ့သည့် လူမျိုးသို့မဟုတ် နိုင်ငံသားဖြစ်သည်ဟု မဆိုသင့်ဟု ထင်ပါသည်။
တနည်းအားဖြင့် ကမ္ဘာချစ်စိတ်ကို မျိုးချစ်စိတ်၏အထက်မှာထားပြီး အလွန်မြင့်မြတ်စွာ ကျင့်သုံးနေသည့် နိုင်ငံရှိသည်ဟု မထင်မြင်သင့်ဟု ဆိုချင်ပါသည်။
သစ်မြစ်နှင့်ရွှံ့ပုပ်ကိုမချစ်ချင်နေ
အချင်းချင်းချစ်ကြဖို့သင့်သည်...ဟု ထင်မိပါသည်။
မြန်မာ

ကိုယ့်ဘ၀နှင့်ကိုယ်

ဆင်းရဲခြင်းနှင့်အရှက်

ဇာတိမာန်ကိုစင်စစ်ဖျောက်ကြပါ၏လော

ရှေ့သို့
ပြည့်ကျပ်နေသော ကမ္ဘာကြီးတွင် တစ်နေရာစာ ရဖို့ ကြိုးကြိုးစားစား လုပ်ကြရမည် မှန်ပါသည်။ ဤတွင် မျိုးချစ်စိတ်ဓာတ်ဆိုသော စကားလုံးကို ပြောဆိုသုံးနှုံးဖို့ ရှက်ရွံ့ဖွယ်မလိုဟု ထင်ပါသည်။ အဘယ်ကြောင့်နည်း။ အမေရိကန်လူမျိုးရေးသော သင်ခန်းစာတစ်ပုဒ်တွင် မတူကွဲပြားသော ခံယူချက်များအကြောင်း ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုတွင် သမ္မတကို ဝေဖန်ဆဲဆိုလျှင် မျိုးချစ်စိတ်ကင်းမဲ့ရာ ရောက်သည် ဟု ထင်မြင်ကြသည် ဆို၏။ ဤသို့ဖြစ်လျှင် ကမ္ဘာပေါ်ရှိ မည့်သည့်နိုင်ငံသားကိုမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကင်းမဲ့သည့် လူမျိုးသို့မဟုတ် နိုင်ငံသားဖြစ်သည်ဟု မဆိုသင့်ဟု ထင်ပါသည်။
တနည်းအားဖြင့် ကမ္ဘာချစ်စိတ်ကို မျိုးချစ်စိတ်၏အထက်မှာထားပြီး အလွန်မြင့်မြတ်စွာ ကျင့်သုံးနေသည့် နိုင်ငံရှိသည်ဟု မထင်မြင်သင့်ဟု ဆိုချင်ပါသည်။
သစ်မြစ်နှင့်ရွှံ့ပုပ်ကိုမချစ်ချင်နေ
အချင်းချင်းချစ်ကြဖို့သင့်သည်...ဟု ထင်မိပါသည်။

0 comments:
Post a Comment