* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 26, 2009

စစ်မှန်သောအလှူ လှူတတ်စေဖို့……

အလှူ….
အလှူဆိုသည်မှာ ကူညီခြင်း စွန့်လွှတ်ခြင်း ပေးကမ်းခြင်း ထောက်ပံ့ခြင်း ချီးမြှင့်ခြင်းကိုဆိုလိုသည်။ ဗုဒ္ဒဘာသာလူမျိုးများသည် အလှူရေစက် လက်နှင့်မကွာ အစဉ်အမြဲ လှူဒါန်းနေကြသောသူများ ဖြစ်ပေသည်။ သို့ရာတွင် ဤသို့သောလူများ၏ အကျိုးပေးကား အဘယ့်ကြောင့် နုံချာနေကြပါသနည်း။ ပြန်လည်ဆန်းစစ်သင့်ကြပေ၏။

အလှူအမျိုးအစားနဲ့ အကျိုးပေးပုံ…
ရုပ်ဝတ္ထုအလှူနှင့် လုပ်အားဒါနအလှူ ဟူ၍ အလှူနှစ်မျိုးရှိ၏။ မိမိပိုင်ဆိုင်သောအရာများ လုပ်အားဆောင်ရွက်မှုများကို စွန့်လွှတ်စိတ်ထား စွဲလန်းမှုကင်းကွာ ကိုယ်ကျိုးစွန့်ခြင်းဖြင့် သူတပါးကောင်းကျိုးအတွက် အဓိကထား လုပ်ဆောင်ခြင်းကို လှူဒါန်းသည်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ သို့တည်းမဟုတ် စွန့်လွှတ်စိတ်မပါ ငါ့ပစ္စည်း ငါ့ဥစ္စာ အစွဲအလန်း တစုံတရာမျှော်လင့်ချက်နှင့် ပေးကမ်းလှူဒါန်းမည်ဆိုပါက အလှူ ဒါန အထမြောက်လိမ့်မည်မှာ မသေချာလှပေ။ ဤကဲ့သို့ ကျွတ်ကျွတ်လွတ်လွတ် မလှူဒါန်းနိုင်ခြင်းဟူသော အကြောင်းတရားကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ပဲ နုံချာသေးနုပ်သော အကျိုးတရားကိုသာ ရရှိစေပါသည်။ အစွဲအလန်းကင်းကင်းဖြင့် စိတ်ပြတ်သားစွာ လှူဒါန်းမှသာလျှင် စစ်မှန်သော ကောင်းကျိုးကို အပြည့်အဝ ရရှိမည်ဖြစ်ပါသည်။

အလှူသင့်ဆုံးသော အလှူခံပုဂ္ဂိုလ်
ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်များသာမက၊ သက်ရှိတိရိစ္ဆာန်များအပါအဝင် အယုတ်အလတ် အမြတ်မရွေး မည်သူမဆို လိုအပ်နေသောအချိန်တွင် လိုအပ်နေသောအရာကို လှူဒါန်းခြင်းသည် အသင့်တော်ဆုံးနှင့် အမွန်မြတ်ဆုံးဖြစ်ပါသည်။ ပြည့်စုံကုံလုံသော ရဟန်းသံဃာတော်များကို လှူဒါန်းကြမည့်အစား၊ မပြည့်မစုံ မလုံလောက်သော စာသင်သားကိုရင် ဦးဇင်းလေးများကို လှူဒါန်းခြင်းသည် ပိုမို သင့်တော်မွန်မြတ်လှပါသည်။ ထို့အတူ ချမ်းသာသော လူများကို ပင့်ဖိတ်ကျွေးမွေးကြမည့်အစား၊ ဆင်းရဲသောသူများကို စတုဒီသာကျွေးမွေးခြင်းကား အလှူရှင်သာမက၊ အလှူခံလူများကိုပါ ပိုမို အကျိုးရှိစေပါသည်။

အချို့သော လှူဒါန်းသူများသည် အလှူခံပုဂ္ဂိုလ်၏ သီလစင်ကြယ်မှုကို အရေးတကြီး အရေးထားနေပြီး၊ မိမိ၏ အလှူခံပစ္စည်း စင်ကြယ်မှု ရှိမရှိ ဆန်းစစ်ဖို့ မေ့လျော့နေတတ်ကြ၏။ အမှန်စင်စစ် မိမိ၏ စိတ်စေတနာသန့်စင်မှုနှင့် မိမိ၏ အလှူခံပစ္စည်း စင်ကြယ်မှု ရှိဖို့က ပိုပြီး အရေးကြီးပါသည်။ လက်တဖက်က ခိုးယူပြီး၊ ကျန်လက်တဖက်ဖြင့် ပြန်လှူဒါန်းခြင်းသည် မလုပ်သင့်သော အရာပင်ဖြစ်ပါသည်။

အလှူသင့်ဆုံးသော အလှူခံပစ္စည်း
လှူဒါန်းရာတွင် အလှူခံပစ္စည်းသည် အပ်စပ်မှုရှိပြီး အလိုအပ်ဆုံးအရာဖြစ်ဖို့ အရေးကြီးပါသည်။ ရဟန်းသံဃာတော်များ အတွက် ကျောင်း၊ ဆေး၊ ဆွမ်း၊ သင်္ကန်းတည်းဟူသော ပစ္စည်းလေးပါးနှင့် အပ်စပ်သော အလှူဖြစ်ရန် အရေးကြီးလှပါသည်။ မိမိအလှူကြောင့် ရဟန်းသံဃာတော်များ၏ ဝိနည်းအာပတ်သင့်စေပါက မိမိ၏အလှူသည် စင်ကြယ်သောအလှူ မဖြစ်နိုင်တော့ပေ။ အလှူခံပစ္စည်း၏ တန်ဖိုးအနည်းအများ၊ အလှူခံပုဂ္ဂိုလ်၏ သီလဂုဏ်ရှိန် ရာထူး အဆောင်အယောင်များသည် အဓိက မကျပဲ၊ အလှူခံပုဂ္ဂိုလ်များ အဆင်ပြေအကျိုးရှိစေရန် ရည်သန်လျက် မိမိအကျိုးကို ထည့်မတွက်ပဲ စွန့်လွှတ်လှူဒါန်းနိုင်ခြင်းသည်သာ စစ်မှန်သော အလှူဖြစ်နိုင်ပါသည်။

ကုသိုလ်မရ၊ ငရဲကျ…
မြန်မာလူမျိုးအများစုသည် အလှူလှူဒါန်းရာတွင် နံမည်ဂုဏ်ပုဒ် ကို အလွန်တရာမက်မောသူများဖြစ်ကြသည်။ ဘုရားတကာ ဘုရားအမ ကျောင်းတကာ ကျောင်းအမ ရဟန်းတကာ ရဟန်းအမ စသော ဂုဏ်ပုဒ်များကို သေလွန်သည့်အခါ သတင်းစာတွင် ကြော်ညာရုံအားမရကြ သေရာညောင်စောင်း သုသာန်အုတ်ဂူ ရောက်သည်အထိ ဂုဏ်ဖော် ဂုဏ်ယူကြလေ့ရှိကြသည်။ အမှန်စင်စစ် လှူဒါန်းပြီးသော မည်သည့်အရာမဆို လှူဒါန်းသူနှင့် လားလားမျှ သက်ဆိုင်မှု မရှိတော့ပေ။ ရုပ်ဝတ္ထုပစ္စည်းသာမက လုပ်အားဒါန၏ အသီးအပွင့်အားလုံးတို့သည် အလှူခံပုဂ္ဂိုလ်နှင့်တကွ လူ့အဖွဲ့အစည်းတရပ်လုံးရှိ လူအားလုံးနှင့်သာ သက်ဆိုင်ပေတော့သည်။

ဥပမာအားဖြင့် ဘုန်းကြီးကျောင်းတကျောင်းအား ဆောက်လုပ်လှူဒါန်းမည်ဆိုပါက ၄င်း ဘုန်းကြီးကျောင်းသည် အလှူရှင်ပုဂ္ဂိုလ် သို့မဟုတ် စုပေါင်းအလှူ ဖြစ်သော အဖွဲ့အစည်းတရပ်နှင့် သက်ဆိုင်မှုမရှိတော့ပေ။ ယင်းဘုန်းကြီးကျောင်းသည် အလှူခံ ရဟန်းသံဃာနှင့်တကွ ဘုရားသားတော် သမုတိသံဃာတော်အားလုံးသာမက လူ့အဖွဲ့အစည်း အတွင်းရှိ ဗုဒ္ဓဘာသာဝင်အားလုံးနှင့်သာ သက်ဆိုင်မှု ရှိရပေမည်။ ဤသို့မဟုတ် အလှူရှင်အနေဖြင့် ငါ့ကျောင်း ဟူသော အစွဲအလန်းကို မစွန့်လွှတ်ပဲ ဘုန်းကြီးကျောင်းနှင့် သက်ဆိုင်သော ကိစ္စမှန်သမျှ ဝင်ရောက်စွက်ဖက်နေမည် ဆိုပါက ကုသိုလ်တစ်ပဲ အကုသိုလ်တစ်ပိသာ ဖြင့် အပယ်ငရဲ လားရမည်မှာ သေချာလှပါသည်။

အတုယူသင့်ပါတယ်….
ဗုဒ္ဓဘာသာဝင်များသည် အလှူ လှူဒါန်းရာတွင် ခရစ်ယာန်ဘာသာဝင်များ၏ လူမျိုးမရွေး ဘာသာမရွေး အချိန်နေရာမရွေး လှူဒါန်းမှုနှင့် စိတ်နေစိတ်ထား စိတ်ပြတ်သားမှုကို အတုယူသင့်ပါသည်။ ခရစ်ယာန်လူမျိုးများသည် လှူဒါန်းရာတွင် လိုအပ်သောနေရာတွင် အမှန်တကယ်လိုအပ်သောသူများကိုသာ အယုတ်အလတ် အမြတ်မရွေး၊ မိမိအကျိုးတစုံတရာ မမျှော်ကိုးပဲ၊ စွန့်လွှတ်လှူဒါန်းလေ့ရှိပါတယ်။

တူသောအကျိုးပေးမှာပါ…..
ဆုဆိုသည်မှာ တောင်း၍ရသော အရာမဟုတ်၊ လုပ်ယူရသောအရာ ဖြစ်ပေသည်။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါက မည်သည့်အလုပ်မျှ လုပ်စရာမလို၊ ဆုသာ ထိုင်တောင်းရုံသာ ရှိပေတော့မည်။ မိမိပြုလုပ်သော ကောင်းသောကံ၏ တူသောကောင်းကျိုးမှန်သမျှကို မိမိသာလျှင် ပြန်လည်ရရှိမည်ဖြစ်သည်။ တောင်းယူစရာမလိုပဲ အလိုအလျှောက် ရရှိမည့် အကျိုးတရားဖြစ်ပါသည်။

သို့ရာတွင် တခါတရံ တချို့သော လူများ၏ လူချမ်းသာ နတ်ချမ်းသာများဆုတောင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး ဘဝဆက်တိုင်း ပေါင်းဆုံရပါစေကြောင်း ဆုတောင်းများသည် ပြည့်ပါသည်ဟု စောဒက တက်မည်ဆိုပါက၊ ၄င်းသည် ဆုတောင်းခြင်းကြောင့် ပြည့်ဝခြင်းမဟုတ်ပဲ၊ ဘဝတဏှာကို စွဲလန်းခြင်းဟူသော ဥပါဒါန်တရားကြောင့်၊ ဘဝတဖန်ထပ်မံရရှိခြင်းဖြစ်ပါသည်။

အကောင်းဆုံးစိတ်ထားနည်း..
မိမိ၏ အကျိုးတစုံတရာကို လက်ရှိဘဝအတွက်သာမက၊ နောင်သံသရာအတွက်ပါ မျှော်ကိုး တွက်ချက်မနေပဲ၊ အလှူခံပုဂ္ဂိုလ်များ၏ အဆင်ပြေအကျိုးဖြစ်ထွန်းမှုများကို ဝမ်းမြောက်ဝမ်းသာ စိတ်စေတနာ သန့်သန့်ထားခြင်းဖြင့်၊ စွန့်လွှတ်လှူဒါန်း ခြင်းသည် အကောင်းဆုံးပင် ဖြစ်ပါသည်။ ။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP