* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 26, 2009

ရုပ်ပွားတော်နှင့် ပုံတော် ကိုးကွယ်ကြသည် ဆိုရာဝယ်...

စစ်ကိုင်းတောင်ပေါ်ရဲ့ ညနေခင်း ရှုခင်းလေးကို ခံစားလိုသည့် အတွက် စာရေးသူဟာ တောင်ပေါ်ကို တက်လာခဲ့သည်။ တောင်ပေါ်တက်ရင်းနဲ့ပဲ ဟော်လန်နိုင်ငံသား တစ်ဦးနဲ့ တွေ့ပါရော။စာရေးသူကို မိတ်ဆွေဖွဲ့ပြီး သူသိချင်သော မေးခွန်းများ မေးပါတော့သည်။
“ဒီ စေတီ၊ ရုပ်ပွားတော် တွေကို ဘာကြောင့် ထုလုပ် ကိုးကွယ် ကြသလဲ၊ ပြီးတော့ အသက်မရှိတဲ့ ရုပ်ထုတွေကိုရော ဘာကြောင့် ရှိခိုး နေကြတာလဲ”
စာရေးသူက သူ့ကို ပြန်မေးလိုက်သည်။
“မင်းတို့ နိုင်ငံမှာရော သေဆုံးသွားပြီ ဖြစ်တဲ့ ဘုရင်တွေ၊ သမ္မတတွေရဲ့ ပုံတူ ရုပ်ထုတွေ ကို ဘာဖြစ်လို့ ထုလုပ်ပြီး အလေးပြု နေကြတာလဲ”
ဟောလန်နိုင်ငံသားက မဆိုင်းမတွဘဲ ပြန်ပြောသည်။
“ငါတို့ နိုင်ငံမှာ ဒီရုပ်ထုတွေကို အလေးပြုကြတာဟာ သူတို့ကို အလွန် လေးစားလို့ပဲ”
“ပြီးတော့ရော...”
“အေး ပြီးတော့ ဒီဘုရင်တွေ၊ သမ္မတတွေဟာ တိုင်းသူ ပြည်သားတွေ အပေါ်မှာ သူတို့ရဲ့ သား၊ သမီး အရင်း အချာတွေလို ကောင်းစား စေချင်တယ်။ ဒါကြောင့် သူတို့ဟာ တိုင်းပြည်နဲ့ လူများစွာ အတွက် အချိန်အား၊ လူအား၊ အရင်းအနှီး များစွာ ပေးဆပ်ခဲ့တယ်။ အပင်ပန်း ခံခဲ့တယ်။ အနစ်နာ ခံခဲ့တယ်။ စွန့်လွတ်ခဲ့တယ်။ သူတို့တွေကြောင့် ငါတို့တွေဟာ ကြီးပွား တိုးတက် လာခဲ့ရတယ်”
ဟောလန်နိုင်ငံသားကတော့ သူ့နိုင်ငံရဲ့ ကောင်းကြောင်းတွေကို အားရပါးရ ပြောနေတော့သည်။
“ဒီအကြောင်း တွေကို စဉ်းစားပြီး ငါတို့က ဒီဘုရင်တွေ၊ သမ္မတတွေကို ဘယ်တော့မှ မမေ့ဘူး။ ပိုပြီးတော့ မှတ်မိ သတိရနေအောင်၊ နောင်လာနောက်သား (future generation) တွေလည်း အားကျ အတုယူလာအောင် သူတို့ကို ကြည်ညိုလေးစားတဲ့ အနေနဲ့ ရုပ်ထုတွေ ထုလုပ်ပြီး အလေးပြုကြတာပေါ့”
စာရေးသူလည်း ထိုသူပြောသော စကားများကို ဆုံးအောင် နားထောင်ပြီးသည်နှင့်
“အေး သိပ်မှန်တာပေါ့။ မင်းငါ့ကို မေးလိုက်တဲ့ မေးခွန်းရဲ့ အဖြေက မင်း အစောနက ပြောပြတဲ့ အထဲမှာ ပါသွားပြီကွ”
ထိုသူလည်း စာရေးသူကို နားမလည်နိုင်သော အကြည့်ဖြင့် မျက်မှောင်ကျုပ်လိုက်သည်။
“မင်းပြောတဲ့ အဖြေ အတိုင်းပဲ ငါတို့ ဗုဒ္ဓဘာသာဝင် တွေဟာလည်း ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေ၊ သတ္တ၀ါတွေအပေါ် ထားရှိတဲ့ အနန္တ မေတ္တာ၊ ကရုဏာတွေ၊ သတ္တ၀ါ တွေကိုလည်း သံသရာ ဒုက္ခ ဆင်းရဲတွင်းထဲက လွတ်မြောက်ဖို့ နည်းလမ်းတွေကိုလည်း လမ်းညွှန် ဆုံးမခဲ့တာတွေ အဲဒီလို မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော် တွေကို လေးစား ကြည်ညိုတဲ့ အနေနဲ့ ရုပ်ထုတွေကို ထုလုပ်ပြီး ရိုသေစွာနဲ့ ရှိခိုးကြတာပေါ့။ ပြီးတော့ ဘုရားဖြစ်ဖို့တောင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ခဲ့ပြီး သတ္တ၀ါတွေ ကို ကယ်တင်ခဲ့တာလေ။ ကျေးဇူးကြီးမားလှပါပေတယ်”
ဟော်လန်နိုင်ငံသားလည်း သူပြောသော စကားဖြင့် သူ့ကို ပြန်ထိသလိုမျိုး ဖြစ်သွားသောကြောင့် ဆက်ပြီး နားထောင်နေသည်။ စာရေးသူလည်း နားထောင်တဲ့သူ စိတ်ဝင်စားလား၊ မ၀င်စားဘူးလား ဆိုတာကို လေ့လာကြည့်ရသေးသည်။
“ရုပ်ထုကို ရှိခိုးတယ် ဆိုပေမဲ့ တကယ့် သက်ရှိ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး မိမိရဲ့ အရှေ့မှာ ရောက်နေတယ် ဆိုပြီး စိတ်ထဲက ရည်မှန်း ရှိခိုးကြတာ။ ရှိခိုးနေတဲ့ အချိန်မှာ မိမိရဲ့ စိတ်ကလေးက ကြည်နူးနေပြီး အကုသိုလ် စိတ်တွေ ကင်းနေတာပေါ့”
နိုင်ငံခြားသားက ခေါင်းတစ်ညိမ့်ညိမ့် လုပ်ပြီး
“အစတုံးက ဒါတွေကို ငါ မသိခဲ့ဘူး။ အခု မင်း ရှင်းပြတော့မှပဲ ရုပ်ထုကို ရှိခိုးခြင်းရဲ့ အဓိပ္ပာယ်၊ အနှစ်သာရကို သိရတော့တယ်”
ထိုသူကတော့ စာရေးသူဘက်ကို ပါလာလေပြီ။ စာရေးသူရဲ့ ရှင်ပြချင်သော စိတ်များ ပိုပြီးတော့ ထက်သန်ခဲ့ရပေသည်။
“ရှိခိုးတယ် ဆိုတာ မိမိရဲ့ ခန္ဓာကိုယ်ကို အရှေ့ဘက် ဦးညွတ်ပြီး အရိုအသေ ပေးတာ ပါပဲ။ အဲဒီ အမူအယာဟာ တစ်နည်းအားဖြင့် ပြောရရင် မိမိရဲ့ မာန်၊ မာန တွေကို နှိမ်ချတာပဲ။ မာန်၊ မာန ကြီးတဲ့ လူတွေဟာ ဦးညွတ် အရိုအသေပေးဖို့ ၀န်လေး တတ်ကြတယ်လေ”
နိုင်ငံခြားသားက ငြိမ်ပြီး နားထောင်နေသည်။ ထိုသူကပဲ ဆက်ပြီး
“သြော် ဒါနဲ့ ဘုရားပုံတော် ဓာတ်ပုံတွေကို ပူဇော်ကြတဲ့ ကိစ္စကိုရော ရှင်းပြနိုင်မယ် လား?”
“ရှင်းပြလို့ ရတာပေါ့။ ဥပမာ တစ်ခုပြောမယ်ကွာ မင်းရဲ့ အိမ်မှာ မင်းမိဘတွေသာ သေဆုံး သွားခဲ့ရင် မိဘတွေရဲ့ ဓာတ်ပုံကို ချိတ်ထားမလား၊ ဖြုတ်ပစ်မလား”
“ဟ ဒါက ငါ့ရဲ့ ကျေးဇူးရှင် မိဘတွေပဲ၊ ဘယ်ဖြုတ်ပစ်မှာလဲ။ ဓာတ်ပုံကိုတောင် အကြီးကြီး ချဲ့ပြီး အိမ်ဦးခန်းမှာ ချိတ်ဆွဲ ထားလိုက်ဦးမယ်”
“အေး ဟုတ်တာပေါ့။ အဲဒီလိုပဲ ငါတို့ ဗုဒ္ဓဘာသာဝင် တွေမှာလည်း မြတ်စွာဘုရား မရှိတော့တဲ့ နောက်ပိုင်းမှာ ဘုရားရဲ့ ဂုဏ်တော်အနန္တ၊ ကျေးဇူးတော်အနန္တတွေကို ရည်မှန်း ပြီး ငါတို့ရဲ့ အိမ်ဦးခန်းမှာ ချိတ်ဆွဲ ပူဇော် ထားကြတာလေ။ မြတ်စွာဘုရားရဲ့ ကျေးဇူးတော်တွေဟာ အလွန်ပဲ ကြီးမားလှပါတယ်”
“အခုမှပဲ သေချာအောင် နားလည်သွားတော့တယ်။ အစတုန်းက အဲဒီကိစ္စကို ဇဝေဇ၀ါ ဖြစ်နေတာ။ အခုလို စိတ်ရှည် လက်ရှည် ရှင်းပြတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
ထိုသူက စာရေးသူကို ကျေးဇူးတင်နေသည်။ အမှန်တကယ်တော့ စာရေးသူကသာ မေးခွန်းမေးတဲ့ သူကို ကျေးဇူးတင်နေခြင်းသာ ဖြစ်သည်။ ထိုသူမရှင်းသော အရာများကို ရှင်းပြလိုက်ရသည့် အတွက်ကြောင့်ပင် ဖြစ်သည်။
စာရေးသူက ဟော်လန်နိုင်ငံသားကို ဥပမာနဲ့ ရှင်းပြလိုက်သောအခါမှ ရုပ်ပွားတော်တွေနဲ့ ပုံတော်တွေ အကြောင်းအရင်းကို ဂဃနဏ သိသွားပေတော့သည်။
စာရေးသူလည်း ၀မ်းသာရပေသည်။ နိုင်ငံခြားသားများ ထင်ယောင်ထင်မှား ဖြစ်နေသည့် အရာများကို ရှင်းပြလိုက်ရတာ ကိုယ့်နိုင်ငံရဲ့ သာသနာ့ဂုဏ်ကို မြှင့်တင်ပေးလိုက်သည့် အလား ခံစားရပေတော့သည်…



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP