* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 23, 2009

ချစ်ချင်းရယ်ပြိုင် ဘယ်သူနိုင်...

ကျောင်းဆင်းခေါင်းလောင်း ထိုးသံကို ကြားရပြီ။ ထုံးစံအတိုင်းပဲပေါ့ ကျောင်းသား၊ ကျောင်းသူတွေ အားလုံးဟာ ၀မ်းသာအားရနဲ့ အိမ်ပြန်ဖို့ လုပ်နေကြပြီ။ ကမ္ဘာမကျေ သီချင်းကို သံပြိုင် သီဆိုပြီးတာနဲ့ ကျွန်တော်လည်း သူငယ်ချင်းတွေနဲ့ အတူ ကျောင်းအပြင်ကို ပြေးထွက်လာခဲ့ပြီ။
“ဟေး…. သူငယ်ချင်း ဂျက်။ နင်ဘယ်သွားမလို့လဲ?”
“ဟာ ပါးဖောင်း။ ငါ အိမ်ပြန်တော့မယ်လေဟာ”
“ဟဲ့ ခဏနေပါဦးဟ။ ငါတို့ သူငယ်ချင်းတွေ စုပြီး ဘုရားကုန်းတော်ပေါ်ကို တက်ပြီး ဘုရားဝတ်ပြု မလို့လေ”
“အဲဒီတော့…..”
“အဲဒီတော့ နင်လည်း လိုက်ခဲ့ပါလား?”
နော်ဂျက်နက်က သေသေချာချာ စဉ်းစားနေပုံရတယ်။
“ဘာလဲ နင်က ဗုဒ္ဓဘာသာ မဟုတ်လို့ ဘုရားကုန်းပေါ်ကို မလိုက်ချင်ဘူး မဟုတ်လား?”
“ဒီလိုလည်း မဟုတ်ပါဘူး ပါးဖောင်းရာ။ ငါက နင်တို့ ဘယ်လောက် ကြာမှာလဲ ဆိုပြီး စဉ်းစားနေတာပါ”
“သိပ်မကြာပါဘူးဟာ။ နာရီဝက် ကျော်ကျော်လောက်ပါပဲ။ တို့နဲ့ လိုက်ပါဟာ နော်”
နော်ဂျက်နက် ဘာမှ မပြောသာ။ ခေါင်းညိမ့်ပြီး လိုက်ခဲ့ရပေတော့တယ်။ သူမက ခရစ်ယာန်ဘာသာ လေ။ ဒါပေမဲ့လည်းပဲ ကျွန်တော်တို့ သူငယ်ချင်းတွေက ဘုရားကို သွားဖို့ ခေါ်ရင်တော့ အမြဲ လိုက်တတ်စမြဲ။
ပါးဖောင်း ဆိုတဲ့ အမည်ကတော့ ကျွန်တော့်ကို သူငယ်ချင်းတွေ အားလုံးက ပေးထားတာလေ။ နော်ဂျက်နက်လည်း ကျွန်တော့်ကို ပါးဖောင်း လို့ပဲ ခေါ်တယ်။။ ကျွန်တော့်ရဲ့ ပါးက ဖောင်းနေတယ်လေ။ ဒါကြောင့် အမည်က ပါးဖောင်း ဖြစ်နေတာပေါ့။
နော်ဂျက်နက် ကို ကျတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံးက ဂျက် ဆိုတဲ့ အမည်တစ်လုံးပဲ ခေါ်တယ်။ သူမက ကရင်လူမျိုးလေ။
ကျွန်တော်တို့က ခုနစ်တန်း ကျောင်းသားလေးတွေပါ။ ငယ်သေးတယ် ဆိုပြီး ဘုရားနဲ့ ဝေးဝေးနေလို့ ဘယ်ဖြစ်လိမ့်မလဲနော်။ သေချင်းတရားက အကြီး၊ အငယ် မရွေး မခွဲခြားဘူးလေ။ တခါတလေ လူ့ဘ၀ထဲ ရောက်လာမှာတောင် မသေချာဘူး။ မိခင်ဝမ်းထဲမှာပဲ အသက် ပျောက်ချင် ပျေက်သွားတာ။
“ဘုရားကုန်းတော်ပေါ်က ကြည့်ရတာ ရှုခင်းတွေ သိပ်လှတာပဲနော်။ ပင်လယ်ပြင်ကြီးကလည်း စိမ်းပြာရောင် သန်းနေတာပဲ”
“အေးပေါ့ဟ။ ရှုခင်းတွေကလည်း သိပ်လှ ဘုရားအရိပ်ကို ခိုလုံနေရတာ အေးချမ်းမှုလေးရော ရှိတယ်လေ”
နော်ဂျက်နက် ဘာမှတော့ ပြန်မပြော။ ဒါပေမဲ့ သူမရဲ့ ရင်ထဲမှာ အေးချမ်းမှု တစ်စုံတစ်ရာတော့ ရှိနေပါလိမ့်မယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေလည်း ဘုရား ၀တ်ပြုပြီးတာနဲ့ ဘုရားကုန်းပေါ်က ပြန်ဆင်းလာတော့တယ်။
အနောက်ဘက် မိုးကုတ်စက်ဝိုင်းမှာလည်း သူရိန်နေမင်းကြီးက ပန်းနုရောင်သန်းနေပြီ။ လောကကြီးကို တစ်နေ့တာ တာဝန်တွေ ထမ်းဆောင်ပြီးလို့ နှုတ်ဆက်နေသည့် အလား။ မှိုင်းပျပျ ပင်လယ်ပြင်ကြီးအောက်ကို တဖြည်းဖြည်း ငုပ်ရှိုးဝင်ရောက်နေတယ်။
နှစ်တွေ၊ လတွေလည်း ပါးပါး ပါးပါးနဲ့ ကုန်သွားလိုက်တာ သိပ်တောင် မသိလိုက်ဘူး။ ကုန်ဆုံးသွားတဲ့ အချိန်တွေ ပြန်မရနိုင်တော့ဘူးလေ။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ပြီ။
သူငယ်ချင်းတွေ ပျော်လိုက်ကြသည် ဖြစ်ခြင်း။ အားလုံး အောင်ကြတယ်လေ။
ကျွန်တော်တို့ သူငယ်ချင်းတွေ အချင်းချင်း စာတွေကို ရှင်းပြကြ။ မနာလိုစိတ်တွေ၊ ၀န်တိုစိတ်တွေ မရှိ။ ပညာကို အပြိုင်အဆိုင် ကြိုးစားကြတယ်။ ဒါကြောင့်မို့လည်း နှစ်ချင်းပေါက် အောင်ကြတယ်လေ။ စာမေးပွဲ အောင်ပြီးတော့လည်းပဲ နိုင်ငံရေး အခြေနေကြောင့် တက္ကသိုလ်တွေက မဖွင့်သေးတော့ ဒီအတိုင်း နေလို့ မဖြစ်သေးဘူး။ အလုပ်တစ်ခုခု လုပ်ဦးမှ ရမယ်။
ကျွန်တော်လည်း အစိုးရ၀န်ထမ်း အလုပ်တစ်ခုကို ၀င်လုပ်တယ်။ ငယ်သူငယ်ချင်း နော်ဂျက်နက်နဲ့ ကတော့ အဆက်အသွယ် မပြတ်ပါဘူး။ သူမက သူနာပြု ဆရာမအလုပ် ၀င်လုပ်တယ်လေ။ ကျွန်တော်တို့ကတော့ ဘုရားကုန်းပေါ်ကို မကြာမကြာ သွားကြတယ်။ ငယ်ငယ်တုန်းကလိုမျိုး သူငယ်ချင်းတွေ အများကြီးနဲ့တော့ မဟုတ်တော့ဘူး။
ဘုရားကုန်းပေါ်ကို နှစ်ယောက်တည်း သွားတတ်နေပြီ။ ပြီးတော့ သံယောဇဉ်က သူငယ်ချင်းအဆင့်ထက် ကျော်နေပြီ ဆိုတာ နှစ်ဦးစလုံး သိနေကြတယ်။ အဲဒါကို ဖွင့်ပြောဖို့ရာလည်း အခက်အခဲ တစ်ခုပါပဲ။
“ပါးဖောင်း…နင်ဘာတွေ တွေးနေတာလဲ?”
“အေးဟာ…။ ဂျက် ငါ့ရင်ထဲမှာ သိပ်ကို ခံစားနေရတယ်”
“ပါးဖောင်းရယ်။ ဒါတွေ အားလုံး ငါသိပါတယ်”
“အေး…နင်သိပြီးလည်းပဲ ငါကတော့ ပြောရမှာပဲ။ ငါနင့်ကို သူငယ်ချင်း အဆင့်ထက် သံယောဇဉ် ပိုတွယ်နေမိပြီဟာ”
“ပါးဖောင်း…ငါလည်း နင့်လိုပါပဲဟယ်။ ငယ်ငယ်ကတည်းက နင့်ကို သံယောဇဉ် ရှိခဲ့တာလေ။ ဒါပေမဲ့ တို့နှစ်ယောက်ရဲ့ ကြားမှာ ဘာသာရေး ဆိုတဲ့ တံတိုင်းကြီးက ခြားထားတယ်နော်”
နော်ဂျက်နက် ရဲ့ ရင်ထဲမှာ တစ်စုံတစ်ရာ ခံစားနေရပြီ ဆိုတာ ကျွန်တော် သိနေပါတယ်။
“ပါးဖောင်းရယ်… ငါနင့်ကို သံယောဇဉ် ရှိလွန်း အားကြီးလို့ ငါတို့ ဘာသာရဲ့ နှစ်ခြင်းခံတဲ့ ပွဲမှာ ငါလေ နှစ်ခြင်း မခံခဲ့ဘူး။ တို့ဘာသာမှာက အသက် (၁၈) နှစ်ပြည့်ရင် နှစ်ခြင်း ခံ ရတယ်။ နှစ်ခြင်း ခံ ပြီးသွားရင် ဘာသာခြားကို အိမ်ထောင်ပြုလို့ မရတော့ဘူး ဟ”
ကျွန်တော်လည်း နော်ဂျက်နက်တို့ ဘာသာရဲ့ နှစ်ခြင်း ခံ တာကို စိတ်ဝင် စားသွားပြီ။
“ဟာ…အဲဒီတော့ နင် နှစ်ခြင်း မခံ ခဲ့ဘူးပေါ့။ ဘာဖြစ်လို့လဲ ဟင်?”
“ဟုတ်တယ် ပါးဖောင်း။ ငါ အခု အသက် နှစ်ဆယ် ကျော်တဲ့ အထိ နှစ်ခြင်း မခံ ခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့…”
နော်ဂျက်နက် အနည်းငယ် တွေဝေသွားတယ်။
“ဆက်ပြောလေဟာ… ဘာဖြစ်လို့လဲ?”
“အင်း…ပါးဖောင်းရယ်။ နင့်ကို ငါ သံယောဇဉ် ကြီးမိလို့ပါပဲ။ ရှင်းရှင်း ပြောရရင် ဟာ။ ငါနင့်ကို လက်ထပ်ချင်လို့ပဲ”
ကျွန်တော် သက်ပြင်း အရှည်ကြီးကို ချလိုက်မိပါပြီ။ ကျွန်တော့် စိတ်ထဲမှာ ငယ်ငယ်တုန်းက အဖြစ်အပျက် တချို့ကို လှမ်းမျှော်ကြည့်မိတယ်။
“အင်း…ဂျက်ရယ်။ နင် ငါ့ကို တော်တော် သံယောဇဉ် ရှိရှာပါလားနော်…”
ဟုတ်တာပေါ့။ ကျွန်တော်နဲ့ နော်ဂျက်နက်က ငယ်ငယ်ကတည်းက ပြောမနာ ဆိုမနာ ငယ်သူငယ် ချင်းတွေ။ အကြောင်းသိ အထာသိတွေလေ။ ကျောင်းသွား၊ ကျူရှင်တက်လည်း အတူတူပဲ။
သူမရဲ့ ရိုးသားမှု၊ ကြိုးစားမှုနဲ့ သတ္တိရှိမှု၊ မိန်းကလေး ပီသမှုတွေကို ကျွန်တော်က လေးစားနေမိတာ။
“အဲဒီတော့ ဘာဖြစ်လဲဟ။ နင် ငါတို့ရဲ့ ဗုဒ္ဓဘာသာထဲကို ၀င်လိုက်ပေါ့။ တို့ရဲ့ ဗုဒ္ဓဘာသာကို နင် စိတ်မ၀င်စားဘူးလား?”
“စိတ်တော့ ၀င်စားပါတယ် ပါးဖောင်းရာ။ ဒါပေမဲ့ ငါတို့ရဲ့ ဆွေမျိုးအားလုံးက ခရစ်ယာန်တွေ ဆိုတော့ ငါလည်းပဲ ခရစ်ယာန် လုပ်နေရတာလေ”
“နင်စိတ်ဝင်စားတယ် ဆိုရင် လေ့လာကြည့်ပါလား။ ကောင်းတာ မကောင်းတာ နင့်ဟာနင် ဆုံးဖြတ်ပေါ့”
“ဟုတ်ပါတယ် ပါးဖောင်းရယ်။ ငါ နင်တို့ရဲ့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားပါတယ်။ ပြီးတော့လေ… ငါ…”
နော်ဂျက်နက် စကားပြောရင်း သက်ပြင်းတစ်ချက် ချသံကို ကျွန်တော်ကြားလိုက်ရတယ်။ ပြီးတော့ ဘုရားကုန်းပေါ်ကနေ ဟိုးအဝေး ပင်လယ်ပြင်ကြီး အထက်က မျောလွင့်နေကြတဲ့ တိမ်လွှာလေးတွေကို ကျွန်တော်တို့ နှစ်ဦးသား ငေးစိုက်ကြည့်ရင်း…
“ပြီးတော့… ဘာလဲဟင် ဂျက်”
“ပြီတော့ ငါလေ။ ခရစ်ယာန် ဘာသာကိုလည်း မစွန့်လွှတ်နိုင်ဘူး။ နင့်ကိုလည်း ငါ မစွန့်လွှတ်နိုင်ဘူး ပါးဖောင်း”
အဲဒီမှာ ကျွန်တော် အခက်တွေ့ရပြီ။ နော်ဂျက်နက်က ခရစ်ယာန်ဘာသာကို မစွန့်နိုင်ဘူး တဲ့ လေ။ ပြီးတော့ ကျွန်တော့်ကိုလည်း မစွန့်လွှတ်နိုင်ဘူး တဲ့။ ကျွန်တော် ဘာဆက်လုပ်ရတော့မလဲ။
“ပါးဖောင်းရယ်…ငါတို့ ဘာသာထဲကို နင်ဝင်လိုက်ပါလား…နော်”
ဒုက္ခပါပဲ ကျွန်တော် ချစ်ရတဲ့ နော်ဂျက်နက်က ကျွန်တော့်ကို သူတို့ရဲ့ ခရစ်ယာန်ထဲ ၀င်ဖို့ ပြောနေပြီ။ ကျွန်တော် ဇဝေဇ၀ါ ဖြစ်နေတာက အမှန်ပါ။ သူမက ခရစ်ယာန်ကို မစွန့် နိုင်သလို ကျွန်တော်လည်း ဗုဒ္ဓဘာသာကို မစွန့်နိုင်ဘူးလေ။
“အဲဒါမှ ခက်တာပဲ ဂျက်ရယ်။ ငါလည်း ငါ့ရဲ့ ဗုဒ္ဓဘာသာကို မစွန့်လွှတ်နိုင်ဘူး။ နင့်ကိုလည်း ငါ မစွန့်လွှတ်နိုင်ဘူး ဟ”
ကျွန်တော်နဲ့ နော်ဂျက်နက် ဘာသာရေး လွန်ဆွဲပွဲတစ်ခု ပြုလုပ်နေပြီလား မပြောတတ်။ ဟုတ်ပါတယ်။ အမှန်တော့ လွန်ဆွဲနေကြတာပါ။ ဘာသာရေး လွန်ဆွဲပွဲလေ။
အချစ်နဲ့ စစ်မှာ တရားတယ်။ မတရားဘူး။ ကျွန်တော် မဝေဖန်ချင်။ ဒါပေမဲ့ အခု ဖြစ်နေတာက စစ်ပွဲ မဟုတ်။ ဘာသာရေးပွဲ။ သူမကိုပဲ ကျွန်တော့်ဘက် ပါအောင် ဆွဲရမလား။ ကျွန်တော်ကပဲ သူ့ဆွဲတဲ့ နောက်ကိုပဲ လိုက်ရတော့မလား။
ဒါမှ မဟုတ်။ ကျွန်တော်တို့ နှစ်ယောက် လက်ထပ်ပြီး သူလည်း သူ့ဘာသာသူ ကိုးကွယ်။ ကျွန်တော်လည်း ကျွန်တော့ဘာသာ ကျွန်တော် ကိုးကွယ်။
ဟင်း…ဒါလည်း မဖြစ်သေးပါဘူး။ ကျွန်တော်တို့ နှစ်ယောက်က ပြဿနာ မရှိပေမဲ့ ကျွန်တော် တို့ရဲ့ သားသမီးတွေကို ဘယ်သူ့နောက် လိုက်ရမှန်း မသိ ဖြစ်ကုန်မှာပဲ။ ကျွန်တော်ကလည်း ကျွန်တော်ရင်သွေးလေးတွေ ကို နောင်တစ်ချိန်မှာ ဗုဒ္ဓရဲ့ ဆုံးမသြ၀ါဒကို ခံယူကျင့်သုံး စေချင်တာလေ။
အချစ်မှာ မျက်စိ မရှိ ဆိုတဲ့ စကားတော့ ကြားဖူးတယ်။ မျက်စိမရှိဘဲ ချစ်ကြရင် မဖြစ်သေးပါဘူး။ ကျွန်တော့်ရဲ့ ကိစ္စက မျက်စိရှိမှ ရမှာ။ နှလုံးသားနဲ့ ဦးနှောက်မှာ ဦးနှောက်ကို အလေးပေး စဉ်းစားနေရ ပါလား။
တစ်ဘ၀စာ ဆိုရင်တော့ နှလုံးသားကို ဦးစားပေးရမယ်။ သံသရာ တစ်ခုလုံး အတွက် ဆိုရင်တော့ ဦးနှောက်ကိုပဲ စဉ်းစားပေးရတော့မှာပါလား။
ဒီကိစ္စကို ကျွန်တော်နဲ့ နော်ဂျက်နက် နှစ်ဦးသား အချိန်ပေးပြီး စဉ်းစားမှ တော်ကာကျမယ်။
ကျွန်တော်တို့ရဲ့ ဘာသာရေး လွန်ဆွဲပွဲလေး နှစ်အတော်ကြာအောင် ဆွဲနေရတယ်။ ဘယ်သူမှ မနိုင်သေး။ ဘုရားကုန်းပေါ်ကိုတော့ ပုံမှန်ရောက်နေကြဆဲ။
ဒီလိုနဲ့ တစ်နေ့…
“ပါးဖောင်း…ငါ့ကို မိဘတွေက သူတို့ သဘောတူတဲ့ အမျိုးသား တစ်ယောက်နဲ့ အိမ်ထောင်ပြုပေးဖို့ ပြောနေကြပြီ။ ဘယ်လို လုပ်ကြမလဲဟင်။ နင်ကလည်း ငါ့ကို ဘာမှ အဖြေမပေးသေးဘူး”
“ဂျက်ရယ်…နင့်ကိုငါ ငယ်ငယ်လေးကတည်းက သိပ်ချစ်ပါတယ် ဆိုတာ နင်လည်း သိပြီးသားပါ။ တို့နှစ်ဦးရဲ့ ကြားမှာ ဘာသာရေး တံတိုင်းကြီးကြောင့် ငါတို့တွေ မဆုံနိုင်ဖြစ်နေကြသေးတယ်”
“ပါဖောင်းရယ်…ငါ့မိဘတွေ သဘောတူတဲ့ အမျိုးသားနဲ့ အိမ်ထောင်မပြုချင်ဘူးဟာ။ အဲဒီတော့ နင် ငါတို့ရဲ့ ခရစ်ယာန်ထဲကိုပဲ ပြောင်းလာပါဟာ…နော်…။ နင် ငါ့ကို တကယ် ချစ်တယ် ဆို။ ငါ နင်ကလွဲပြီး ဘယ်သူနဲ့မှ မယူနိုင်ဘူး… ပါးဖောင်းရယ်…ဟင့်…ဟင့်…”
နော်ဂျက်နက်ရဲ့ လေသံက ကျွန်တော့်ကို တိုးရှိုးတောင်းပန်သံနဲ့ ခွင့်ပြုချက်ယူနေပြီ။ စကားသံရဲ့ အဆုံးမှာ ငိုသံလေးတွေ စီတန်းပြီး လိုက်လာတာကို ကျွန်တော်တွေ့လိုက် ရပါပြီ။ သူမ မျက်ဝန်းအိမ်က ပုလဲမျက်ရည်တွေ ညီညာတဲ့ ပါးပြင်ပေါ်မှာ သွန်းဖြိုးနေပါ ပြီကော။
ဟုတ်တယ်။ နော်ဂျက်နက် ငိုနေပြီ။ ကျွန်တော် ဘယ်လို ဖြေသိမ့်ရပါတော့မလဲ။ ကျွန်တော်လည်း ဆုံးဖြတ်ချက်က မချနိုင်သေး။
ဟူး…နော်ဂျက်နက်ရဲ့ နှလုံးသားထဲမှာ ဗလောင်ဆူနေရသလို ကျွန်တော့်ရဲ့ နှလုံးသားလည်း မီး မုန်တိုင်း တိုက်ခိုက်နေသည့်အလား လောင်ကျွမ်းလု နီးနီး ဖြစ်နေပါပြီ။ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည် မထွက်အောင် ထိန်းထားရပေမဲ့ ရင်ထဲမှာတော့ အော်ငိုနေမိတာ အမှန်ပါ။
“တိတ်နော် ဂျက်။ မငိုပါနဲ့ဟာ။ ငါလည်း နင့်လိုပဲ သိပ်ကို ခံစားနေရတာပါပဲ။ တို့ မနက်ဖြန် ဒီမှာပဲ ထပ်ပြီး ဆုံကြဦးမယ်လေ…နော်…”
ကျွန်တော့်ရဲ့ ဘ၀ အတွက် ကျွန်တော် ဆုံးဖြတ်ချက် ခိုင်ခိုင် ချရပါတော့မယ်။ ဒီနေ့ည ကျွန်တော် အိပ်မပျော်နိုင်။ အတွေးတွေက အိမ်မက်ဆိုး မက်နေသလား ချောက်ချား နေတာ။ အိပ်မပျော်တဲ့ သူ အဖို့ ညတာက ရှည်လျားလွန်းပါလား။
မနက်ဖြန်ကို ရင်ဆိုင်ဖို့အတွက် ကျွန်တော့်မှာလည်း အတွေးတွေနဲ့ မွန်းကျပ်နေရသလို နော်ဂျက်နက် မှာလည်း ဒီနေ့ညအဖို့ အိပ်လို့မှ ပျော်ပါလေစ။
ချစ်သူနဲ့တွေ့ဖို့ ဘုရားကုန်းပေါ်ကို လာသာ လာနေရတယ်။ ကျွန်တော့ ခြေထောက်တွေ အရင်ကနဲ့ မတူ လေးဖင့်နေပါကလား။ သြော်…နော်ဂျက်နက်တောင် ဘုရားကုန်းပေါ်ကို အရင်ရောက်နှင့်နေပါကော။
သူမရဲ့ မျက်လွှာကို ကျွန်တော် အားယူပြီး ကြည့်နေရတယ်။ သူမရဲ့ မျက်နှာကိုကြည့်လိုက်တာ ကျွန်တော် သိနေပါတယ်။ ကျွန်တော့်ကို အားကိုတကြီး မျှော်လင့်နေရှာတယ်။ ကျွန်တော့်ဆီက သူမ လိုချင်တဲ့ အဖြေကို တောင့်တနေတယ်။
သူ့မရဲ့ မျှော်လင့်ချက်၊ တောင့်တချက်တွေကို ကျွန်တော် ပေးစွမ်းနိုင်အား မရှိတော့ ပါလား။
“ဂျက်…နင်နဲ့ငါ ဒီမှာပဲ လမ်းခွဲကြရတော့မှာပါ…။ တို့ဇာတ်လမ်း ဒီမှာတင် ဆုံးသွားပြီ ဂျက်ရယ်”
ကျွန်တော် မပြောဝံ့သော်လည်း ပြောထွက်အောင် ပြောလိုက်ရပြီ။ စကားအဆုံးမှာ ယောက်ျားသား ကျွန်တော်ဟာ ဖြေမဆည်နိုင်ဘဲ မျက်ရည်တွေ မြေခ ခဲ့ရပြီကော။ ကျွန်တော်လည်း ရင်ထဲမှာ မခံနိုင်ပြီ။
ဂျက်ကတော့ ကျွန်တော့်ရဲ့ ရင်ခွင်မှာ သူမရဲ့ ဦးခေါင်းကို ပုံအပ်ရင်း ငိုပွဲဆင်နေပြီ။
ဂျက်ရယ်…နင် စိတ်တိုင်းကျသာ ငိုလိုက်ပါတော့။ ငါ့ရင်ခွင်မှာ နင့်ရဲ့ အငွေ့အသက်က နောက်ဆုံးအဖြစ် ကျန်နေရစ်တော့မှာပါ။
ငါဟာ နင့်ကို ဟိုး..ငယ်ငယ်လေး ကတည်းက ဘယ်လောက်ချစ်တယ်၊ ဘယ်လောက်ထိ မြတ်နိုးတယ်၊ ဘယ်လောက်ထဲ ကြင်တာတယ် ဆိုတာလည်း ဟိုး…အဝေးကြီးက ပင်လယ်ပြင်ကြီးသိတယ်။ သံသရာအတွက် ဒီဘ၀တာလေးကို ငါ စတေး မခံနိုင်ဘူး ဆိုတာလည်း ဟောဒီ ဘုရားကုန်းပေါ်က စေတီတော်ကြီး သိတယ်။
နင်ဟာ ဒီဘ၀မှာ ငါ့ရဲ့ အချစ်ဆုံး သူ ဖြစ်ခဲ့ပေမဲ့ သံသရာ အတွက်တော့ ငါ မပေးဆပ်ချင်ဘူး။ နင်ကလည်း ဗုဒ္ဓဘာသာကို မပြောင်းလာချင်တော့ ငါလည်း ဘယ်လိုလုပ်ပြီး တတ်နိုင်တော့မှာလဲ။ တစ်ဘ၀စာနဲ့ ချစ်သူ။ သံသရာနဲ့ အယူဝါဒ။ မလဲနိုင်တော့ပါဘူး။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမ အောက်မှာပဲ ငါနေတော့မှာပါ။ နင်တို့ရဲ့ ဘာသာထဲကို ငါဝင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နင်ပေးတဲ့ အပြစ်တွေကို ငါ ရဲရဲကြီး ခံယူ ပါရစေတော့။ ချစ်ချင်းရယ်ပြိုင် ဘယ်သူ နိုင်တော့မှာလဲ?
တို့နှစ်ဦးသားရဲ့ အချစ်တွေကို တို့ရဲ့ နှလုံးသားထဲမှာပဲ သိမ်းထားလိုက်ကြ ရအောင်လား…ဂျက်ရယ်…
(လူငယ်များအတွက် ပညာပေး ရေးသားထားခြင်းသာ ဖြစ်ပါသည်)
(ကျွန်ုပ်၏ ဖြစ်ရပ်မှန်တစ်ခုကို တန်ဆာဆင်၍ ရေးဖွဲ့ထားပါသည်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP