ကြီးပွါးရေးနည်းလမ်းများ ဘုရားဟော အရှိ သား (ဆင်းရဲသား ပပျောက်ရေးတရားတော်.....)
ကံတွေ အကျိုးပေးအောင်၊ ကံတွေ အကျိုးမပေးအောင် ဘယ်သူကမှ အမိန့်အာဏာ နှင့် လုပ်မပေးနိုင်သလို၊ တားလဲ မတားနိုင်ပါဘူး။ ဒီလေးမျိုးက တော့ ကံတွေ အကျိုးပေးခွင့် ရအောင် ဖန်တီးနိုင်သလို၊ အကျိုးပေးခွင့် မရအောင်လဲ တားမြစ်နိုင်တယ်။ ဒါကို ပထမ ဆုံး အခြေခံအဖြစ် နားလည်ထားကြ ရပါလိမ့်မယ်။
တို့မြန်မာ နိုင်ငံ ဆိုပါတော့၊ ကုသိုလ် လုပ်သူတွေ၊ သီလ တည်ဆောက်သူတွေ၊ ဒါနပြုသူတွေ၊ အလွန် တရာ များပြားလှပါတယ်။ ဘယ်အချိန်မှာ ပဲ ဖြစ်ဖြစ်၊ တစ်ပြည်လုံး အတိုင်းအတာ နဲ့ ကြည့်လိုက်မယ် ဆိုလျှင်၊ ကုသိုလ် လုပ်နေတဲ့ သူတွေ၊ ဒါန ပြုနေတဲ့သူတွေ၊ အမြဲ ရှိနေမှာပါ။ ဒီပုဂ္ဂိုလ် တွေ သေလွန် ကြတဲ့အခါ၊့ မြန်မာ နိုင်ငံမှာ ပြန်မဖြစ် ဘူးလို့ မပြောနိုင်ပါဘူး။ ဖြစ်ကြမှာပါ။ နိကန္တိ ရှိနေတာကိုး။
ဒီလူတွေ မြန်မာနိုင်ငံမှာ လူပြန်ဖြစ်ပါလျှက်၊ ကုသိုလ်ကံ ဒါနကံတွေက ဘာကြောင့် အကျိုးမပေးတာလဲ လို့ ပြောချင်တာ မဟုတ်လား။
မြန်မာပြည်ဟာ သယံဇာတ အလွန်ပေါများကြွယ်ဝပါတယ်။ ဒါ……အများစု လက်ခံထားကြတာပါ။ ဒီလို သယံဇာတ ပေါများကြွယ်ဝနေတာ ကိုက၊ ဒါန ကံ နှင့် ဆိုင်ပါတယ်။ အဲ…….. သယံဇာတတွေ ဖေါ်ထုတ် နိုင်ဖို့၊ အသုံးပြုနိုင်ဖို့၊ လုပ်ယူကြတဲ့အခါမှာတော့၊ စောစောက ပြောခဲ့တဲ့ အချက်လေးချက်ကို ထည့်သွင်း စဉ်းစား ကြရပါလိမ့်မယ်။ မိမိ အသီးသီးရဲ့ ဂတိ၊ ကာလ၊ဥပဓိ၊ ပယောဂ တွေကိုသုံးသပ်ကြရမှာပါ။ ဒါကိုတော့ မိမိ တို့ ဘာသာ သုံးသပ် လောက်ပါပြီ။
ချမ်းသာ မချမ်းသာ ဆိုတာနဲ့ ပတ်သက်ပြီး ဆက်ပြီး တော့ ရှင်းပါဦးမယ်။ မိမိ တို့ ကိုယ်တိုင်ရဲ့ အခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေဆိုတဲ့ ကာလ နဲ့ မိမိတို့ရဲ့ လုပ်ဆောင်မှု ဆိုတဲ့ ပယောဂ ဒီနှစ်ခု ကိုသာ ခွဲထုတ်ပြီး၊ ထူးထူးခြားခြား စစ်ဆေးပြပါမယ်။
မိဘမျိုးရိုးတွေက စလိုက်ကြစို့။ အနောက်နိုင်ငံတွေက၊ မိဘ ဘိုးဘွား မျိုးရိုးစဉ်ဆက်တွေ သတိထားကြည့် ကြရအောင်။ ကိုယ်လက်လှမ်းမီ သလောက်တုန်းကပေါ့။ သူတို့က ချမ်းသာမှု ဆိုတာ၊ ပစ္စည်း ချမ်းသာမှု၊ စိတ်ချမ်းသာ မှု နှစ်မျိုးရှိကြောင်း၊ သိကြပါတယ်။ ပစ္စည်း ချမ်းသာလျှင်ဘာမဆို ဖြစ်နိုင်တယ်။ ပစ္စည်း ချမ်းသာလေ၊စိတ်ချမ်းသာ လေဆိုတဲ့၊ အယူအဆ မျိုးများ ဖြစ်ပါတယ်။ ဒီတော့ ပစ္စည်း ချမ်းသာမှု ကို အဓိက ထားပါတယ်။ ပိုင်ဆိုင်မှု အစိုးတရ ရှိမှု များလေလေး၊ ဘုန်းကျက်သရေ တိုးပြီး၊ စိတ်ချမ်းသာလေလေ ဆိုတာ မျိုးပါ။ ဟုတ်လည်း ဟုတ်ပါတယ်။ ဘုန်းကျက်သရေ ဆိုတာ၊ ပိုင်ဆိုင်မှု အစိုးတရရှိမှု များလေလေ တိုးပွါးလေလေပါ။ ဒါကြောင့် လည်း ပိုင်ဆိုင်မှု များအောင်၊ နယ်မြေတွေ အများကြီး နည်းအမျိုးမျိုးနှင့် ချဲ့ထွင် ယူကြတာပါ။ ပစ္စည်း ချမ်းသာမှု က အဓိက ဖြစ်လေတော့၊ စိတ်ချမ်းသာမှု က နောက်လိုက် သာမည ဖြစ်သွား ပါတယ်။
ဒီတော့ ပစ္စည်းချမ်းသာအောင်ရှာတယ်။ ချမ်းသာသည်ထက် ချမ်းသာအောင် ကြိုးစားတယ် ။ ပစ္စည်းချမ်းသာအောင် ရှာဖွေ တဲ့ နေရာမှာ ပိုရအောင် ပိုလွယ်ကူအောင်၊ ပိုအသုံးဝင်အောင်၊ ပိုစွမ်းဆောင်နိုင်အောင်၊ နည်းအမျိုးမျိုးကိုလည်း ကြံဆပါတယ်။ ခန္ဓာကိုယ်ချမ်းသာအောင်လည်း ပိုင်ဆိုင်ထားသော ပစ္စည်း ဥစ္စာ ဓနဖြင့်၊ နည်းအမျိုးမျိုးကြံဆပြီး စီမံ နေထိုင်ကြပါတယ်။ နည်းဆိုတာ က စောစောက ပြောခဲ့သလို “ လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုတဲ့အတိုင်း “ စူးစမ်းရှာဖွေ နိုင်လေ တွေ့ရှိလေ” ဆိုတဲ့အတိုင်း၊ ကြံဆ နိုင်သလောက် စူးစမ်းရှာဖွေနိုင်သလောက်၊ မကုန်နိုင် မခန်း နိုင် အံမခန်း ရနိုင်တဲ့ အရာမျိုးပါ။
လောကီမှာတော့ ဆုံးနိုင်တယ် လို့တောင် မရှိပါဘူး။ သူတို့ နိုင်ငံတွေမှာ ဒါတွေ ဦးစား ပေးကြပါတယ်။ ဒါတော့ ကိုယ့်မိဘ တွေလက်ထက်က၊ ဥစ္စာဓန အရင်းအနှီးတွေ ရှာဖွေ စုဆောင်းခဲ့ကြတော့၊ သားသမီးတွေ လက်ထက် ရောက်တဲ့အခါ၊ အဲဒီ အရင်းအနှီးတွေ ကို အသုံးပြုပြီး၊ ထပ်ပြီး တိုးပွါးအောင် ရှာနိုင်လာကြပါတယ်။ အရင်းအနှီး ရှာဖွေတဲ့နည်း ၊ အရင်းအနှီးကို နည်းမှန် လမ်းကျ အသုံးချနိုင်တဲ့ နည်းတွေ အသုံးပြု နိုင်လာကြပါတယ်။ နည်းပညာ တွေ့ရှိမှု အမျိုးမျိုးနှင့် တီထွင်မှု အမျိုးမျိုးတွေက လည်း မိဘတွေ လက်ထက် က ရှာဖွေ စုဆာင်း မှတ်တမ်းတွေ ပြုလာကြတော့၊ အခြေခံ အဆောက်အဦးတွေလည်း ရှိနေကြတော့ သားသမီးတွေ လက်ထက်ရောက်တဲ့အခါ၊ တိုးပြီးတော့ ရှာဖွေကြံဆ တီထွင် လာနိုင်ကြပါတယ်။
ဒီတော့ အရင်းအနှီးနဲ့ နည်းပညာ ဖြန့်ဖြူးမှု၊ ဆင်းသက် ဆက်ဆံရရှိမှု၊ အားထုတ်မှု ဒါတွေ ပြည့်စုံတော့ ရုပ်ဝတ္ထု အပိုင်းမှာ အံ့မခန်း ကြီးထွားဖွံ့ဖြိုး မှု ကိုတွေ့မြင် လာကြရပါတယ်။ ဒါကိုပဲ ကြီးပွါး တိုးတက်တယ် လို့ ခေါ်နေကြတာပါ။
တို့မြန်မာနိုင်ငံ ကို ကြည့် ကြရအောင်။ တို့ဘိုး တို့ဘွား တို့မျိုးရိုးက ရှေးရိုးဗမာကြီးတွေဟာ လည်း ချမ်းသာတယ် ဆိုတာ၊ ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်း ဆိုတဲ့ ခန္ဓာကိုယ်ချမ်းသာမှု၊ ပစ္စည်းစ္စာ ဓန ကြွယ်ဝ ချမ်းသာမှု ဆိုတဲ့ ချမ်းသာနှစ်မျိုးရှိကြောင်း သိကြပါတယ်။ တို့ ရှေးရိုးဗမာကြီးတွေက၊ ပစ္စည်း ချမ်းသာပေမယ့် ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူးဆိုလျှင်၊ ဘာလုပ်ဖို့လဲ။ ကိုယ်စိတ် နှစ်ပါး ချမ်းသာမှု ဆိုတာက တောင်မှ၊ စိတ်ချမ်းသာမှု က သာ အဓိက လို့ယူဆခဲ့ကြပါတယ်။ ဒါ ဟိုတုန်းက မှ မဟုတ်ပါဘူး။ ယခု လည်း ဒီအတိုင်းပါဘဲ။
ဒီတော့ အဓိက ဦးစားပေး အစီစဉ်က စိတ်ချမ်းသာမှု ဖြစ်နေတယ်။ အဓိက ဖြစ်နေတဲ့ အတိုင်းပဲ စိတ်ချမ်းသာမှု အပြည့်အ၀ ရအောင်ရှာကြတယ်။ စိတ်ချမ်းသာအောင် နေကြတယ်။ စိတ်ချမ်းသာမည့် နည်းတွေ ကို အမြတ်တနိုးထားကြတယ်။ တန်ဖိုး အကြီးဆုံးလို့ သတ်မှတ်ကြတယ်။ ဒါကြောင့်ပါပဲ၊ စိတ်ချမ်းသာမှု အပြည့်အ၀ ပေးနိုင်တဲ့ ဗုဒ္ဓ ပိဋကတ် ကျမ်းစာတွေကို အလွန်မြတ်နိုးကြပါတယ်။ လုံးဝ အပျောက်မခံ ကြပါဘူး။ ဆရာတော်၊ သံဃာတော်ဆိုတဲ့ ဘုန်းတော်ကြီးတွေက အပျောက်မခံ သလို၊ အစိုးရမင်း များနှင့်တကွ၊ ပြည်သူလူထု ကလည်း လုံးဝ အပျောက်မခံ ပါဘူး။ တစ်လုံး တစ်ဝါဒ မျှ အကျ အပျောက် မရှိ ရအောင်၊ အရော အနှော မရှိ မူရင်း အတိုင်း၊ သန့် သန့်ကလေး ရှိနေအောင်၊ ထိန်းသိမ်းခဲ့ ကြတာ ယနေ့ တိုင် အောင်ပါပဲ။ နောင်လည်း ဆက်လက် ထိန်းသိမ်းနေကြရဦးမှာပါးပဲ။ ဒါကြောင့် တို့မြန်မာ လူမျိုးတွေ စိတ်ချမ်းသာ ကြပါတယ်။ ဒုစရိုက် မှုခင်းတွေ ဘက်ကလည်း တိုးတက်ကြီးပွါးပါတယ် ဆိုတဲ့ နိုင်ငံ ကြီးတွေ နှင့် နှိုင်းစာလျှင် မပြောပ လောက်ပါဘူး။ စိတ်ချမ်းသာမှု ဘက်က အားရစရာ ကောင်းလောက်အောင် ကို ရှိနေကြတာပါ။
ဒါပေမဲ့ ဟိုးရှေးရှေးကတည်းက ပစ္စည်းဥစ္စာ ချမ်းသာမှု ကို ဦးစားမပေးခဲ့ကြတော့၊ ပစ္စည်း ဥစ္စာကို လိုသည်ထက် ပို မရှာကြပါဘူး။ လိုသည်ထက် ဆိုတာတောင်မှ၊ တစ်ဝမ်း တစ်ခါး စားနိုင် ၀တ်နိုင်ရုံ၊ လှူနိုင် တန်းနိုင်ရုံကလေးလောက်ပါ။ ဒီထက် ပိုမရှာကြပါဘူး။ ရှာလို့ ဖွေလို့လည်း လွယ်လွယ်ကူကူ ဖြစ်တာကြောင့် သံယံဇာတ တွေမှလည်း စားဝတ်နေရေးအတွက်၊ လွယ်လွယ် ကူကူ ထုတ်နိုင်တာကြောင့်ဘာနည်းပညာ မှလည်းမရှာဖွေ ခဲ့ကြပါဘူး။ မရှာရုံသာမကသေးပါဘူး။ ပိုဆိုးတာက နည်းပညာ လာပေးလို့တောင် အရေး တယူ မယူကြပါဘူး။ ဒီတော့ မိဘ ဘိုးဘွားတွေမှာ ပစ္စည်း မပေါများကြပါဘူး။ အမွေ များများ မထားနိုင်ခဲ့ကြပါဘူး။ သားသမီးတွေမှာ အရင်းအနှီးအလုံ အလောက် ဆက်ခံ ရရှိတာမျိုး မရှိပါဘူး။ နည်းပညာ ကတော့ အသစ်အဆန်း မရှိသလောက်ပါပဲ။ ဒီလိုနှင့် မျိုးဆက်ကြီးတ စ်ခု လုံး ဖြစ်လာ လိုက်တော ယခု ထိ ဆိုပါတော့။ တော်ပါသေးရဲ့ ယခုမှ နည်းပညာခေတ်ဆိုပြီး အစိုးရနှင့်တကွ ပညာတတ် အသိုင်းအ၀ိုင်း က ဆော်သြပြီး ၀ိုင်းဝန်း ကြိုးစားနေလို့ ကျေးဇူးတင်ရပါတယ်။ဒါနှင့်များ ပစ္စည်း ဥစ္စာ ဓန ပေါပေါများများ မရှိတာ နည်းပညာ မထွန်းကာ တာ ဘာများပြောချင်ကြသေးတုန်း။
မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အရင်းအနှီးနှင့် နည်းပညာ ဖြန့်ဝေမှု၊ ထောက်ပံ့ ပေးကမ်းမှု အဆက်မပြတ် ပြုလုပ်နိုင်မှ၊ ပစ္စည်း ဥစ္စာ ဓန ပေါများကြွယ်ဝ ပြီး၊ ဆင်းရဲမွဲတေမှု မရှိ၊ ဆင်းရဲသား ပပျောက် နိုင်တယ် လို့ စကြာမင်း အဆက်ဆက် က သူတို့သားတော်ကြီးတွေ အား သွန်သင်ခဲ့ကြကြောင်း၊ စက္က၀တ္တိ သုတ္တန်မှာ မိန့်ကြားတော်မူခဲ့ပါတယ်။
ဒီလိုဆိုတော့ စောစောက နိုင်ငံခြားက ဒေါက်တာကလေး တစ်ယောက်ရဲ့အမေး ကို ကိုယ်ဟာ ကိုယ် ဖြေနိုင်လောက်ပါပြီ။ ဒီတရားတော်ကို အလေးထားပြီးတော့ မိမိ တို့ လူမျိုး ပစ္စည်းဥစ္စာ ဓနလည်းကြွယ်ဝ နည်းပညာ လည်း ထွန်းကား၊ စိတ်ချမ်းသာမှု လည်း အပြည့်အ၀ ရကြတဲ့ အနေအထားမျိုး ရောက်အောင်၊ အစိုးရမင်းများအပေါ်၌ သာ တာဝန်လွဲချ မနေကြဘဲ၊ မိမိတို့တစ်နိုင်တစ်ပိုင် စေတနာရှင်များ၊ လူမှုရေး အသင်းအဖွဲ့ များ၊ရပ်မိ ရပ်ဖ များ၊ ဆရာတော် သံဃာတော်များ ကပါ၊ ဦးဆောင်ပြီး၊ အရင်းအနှီး နည်းပညာ ဖြန့်ဝေ နိုင်ရေး၊ ကုသိုလ် အပြည့်အ၀ ရရှိရေး၊ အလေးထား ကြိုးစား ကြပါစို့။ ။

0 comments:
Post a Comment