* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 20, 2009

အလင်းတစ်ခုသာရှိနေမယ်

ဆယ်စုနှစ် လေးခု-ကျော်ကျော်ဟာ
လျင်မြန်စွာဖြတ်ကျော်နင်းသွားတဲ့
မြင်းတစ်ကောင်လိုပါပဲ..။

ခြေရာများစွာ ချန်ကာထားရစ်
အသစ်အသစ်သောပုံရိပ်များစွာ
ပြန်ကာစုစည်း
ညည်းချင်းလည်းမဟုတ်ပါ။

စစ်တမ်းများ ထုတ်သလို
စုတ်ချက်များစွာစီချယ်ထားတဲ့ ပန်းချီကား
မနေ့တနေ့က ဆွဲထားသလို
သူမဆိုသော ဘဝတစ်ခုကျွန်မ ရခဲ့ဘူးပါတယ်။


သည်နေ့ကမ္ဘာ စိုပြေပါစေ။
စေတနာတန်ခိုး၊စိုက်ပျိုးမည့်သူ မြေချစ်သူပါ
ကမ္ဘာတစ်ဝှမ်း စိမ်းရောင်လွှမ်း၍ စိမ်းလန်းချင်သူ
အစိမ်းရောင်သူမ ကျွန်မ ဖြစ်ခဲ့ဘူးပါတယ်။

ရွှံ့ပေတဲ့လက် အစွမ်းထက် သတဲ့၊
အသားမာတက် အလှလက်တဲ့၊
မြေဖြူကိုင်ရင်း၊ဖန်ဆင်းနိုင်သတဲ့၊
သဘာဝပတ်ဝန်းကျင်၊ မြေပြင် မိုးအောက်
စောင့်ရှောက်နိုင်သတဲ့။
နေရောင်အောက်က ဘဝတွေ-----ရှင်သန်စေခဲ့
လရောင်အောက်က ဘဝတွေ----ပျော့ညံ့စေသတဲ့။
တစ်ခါ တစ်ခါ မာန ဖြင့်ရေးဆွဲ
ကျွန်မနီရဲခဲ့ဘူးတယ်။

မှီနွဲ့ခိုကိုး၊ ရိုးသားတဲ့လက်၊ချိတ်ဆက်မြဲမြံ
ခံစားခဲ့ဘူး ၊ ရူးသွပ်ဘူးသော
လွမ်းမောဘွယ်ရာ
အပြာရောင်မျက်ရည်စ
ကျွန်မကျခဲ့ဘူးပါတယ်။

တစ်ခါ တစ်လေ၊မွှေနှောက်ချောက်ခြား ၊
မှောင်လွန်းသောညတွေ
ဆေက်တည်ရာကင်း ၊ အလင်းမဲ့တဲ့ရက်တွေ
မိုးသည်း လေထန် ၊ ခံနိုင်ရည်မဲ့။
သောကလှိုင်းတွေ ၊ ပင်လယ်ဝေခဲ့
ဗေဒါ ပွင့်မာန် အံတွေခဲလို့
ကျွန်မမည်းနက်ခဲ့ဘူးတယ်။

ထိုအခါများ-အားငယ်လွန်းတဲ့ဘဝ
အားရှိစေတဲ့ဖော်မျူလာ ဘယ်မှာများရှိနိုင်မလဲ
သတ္တိဆိုတဲ့ဆေး ဘယ်ကများပေးနိုင်မလဲ။
လဲပေါင်းများစွာ ------
ဖွေရှာခဲ့ရင်း ပြိုလဲရင်းနဲ့-- မရဲတရဲတိုးဝင်
အသွင်တစ်ချို့ပြောင်း၊ အရေခွံ တစ်ချို့ပြောင်း
အဟောင်းတစ်ချို့ချန်ရစ်
သီလရှင်မဖြစ်ရုံတမည်
ရင့်ကျက်ဟန်ဆောင် ပြေးရှောင်ခဲ့ရင်း
အလင်းသစ် ကောင်းကင်
တွေ့မြင်ရခြင်း ငြိမ်းချမ်းခြင်းတည်ရာ
အားကိုးခြင်းတည်ရာ
မြတ်နိုးခြင်းတည်ရာ
အားထားရာအမှန်စစ် ဘဝအသစ်ကို စတင်တယ်။

ကျန်ရှိသောကာလဟာ၊
သေမင်းလာမခေါ်ခင် ခဏ
သည်ခဏဟာ----ဘယ်လောက်ရှည်ကြာနိုင်မှာလဲ။


သည်နေ့မှ စ---ကျွန်မရဲ့နှလုံးသား ပန်းချီကားမှာ
ဘယ်သူ ဘာပြောပြော ၊ဒေါသမပွား ၊မေတ္တာနှလုံးသား တွေရှိမယ်။
အပြစ်မတင်ခြင်း- ချစ်ခင်ခြင်းတွေရှိမယ်။
သိမှတ်ကြည်နူး -ကျေးဇူးတရားတွေပဲပါဝင်မယ်။
ရယူခြင်းကင်း - ပေးဆပ်ခြင်းတွေတည်ဆောက်မယ်။
အာဃာတမထား - စာရင်းများလည်းရှင်းခဲ့မယ်။
အညှိုးအတေး- ဆေးကြောသန့်စင် လိုက်ပါ့မယ်။
အားငယ်နိမ့်ကျ-ဖေးမဆောင်ယူချင်ပါတယ်။
မာနမှန်သမျှ-ခဝါချ တဲ့ နှိမ့်ချမှုလည်း ရှိရမယ်။
Grow old မဟုတ်Grow up ပဲဖြစ်ချင်တယ်။
လောကဓမ္မ အားနားလည်တတ်ခြင်း
ခွင့်လွှတ်ခြင်းဖြင့် ရှင်းသန့်စင်ကြယ်ချင်ပါတယ်။

အဲဒီအခါ----ကျွန်မရဲ့ ပန်းချီကားမှာ
ဘာခြေရာမှ မထင် ၊ရောင်စဉ်မသွန်း
မစွန်းမထင်း၊ညိကပ်ခြင်းမရှိ၊
ပကတိဖြူစင်ခြင်း
အလင်းများဖြစ်တည်၊
ကြည်လင်ခြင်းနဲ့
တောက်ပခြင်း
အလင်းတစ်ခုသာရှိနေမယ်။


(ဝါဆိုလပြည့်ကျော် လေးရက် နှင့် ၂၀.ရ.၂၀၀၉ နေ့တွင်ကျရောက်သောမွေးနေ့ အမှတ်တရ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP