မှတ်သားဖွယ်ရာစကားပဒေသာ(၇)
“ဘာရဒွာဇအနွယ်ပုဏ္ဏား…… အမျက်ဒေါသကိုပယ်သတ်ရင် ချမ်းသာစွာနေရတယ်၊ အမျက်ဒေါသကို ပယ်သတ်ရင် မစိုးရိမ်ရဘူး၊ အဆိပ်နဲ့တူတဲ့ ဆင်းရဲဒုက္ခရဲ့ အခြေခံအကြောင်းအရင်းဖြစ်တဲ့ သူတစ်ပါးကို လက်စားချေရမှကျေနပ်နှစ်သိမ့်ခြင်းအဆုံးရှိတဲ့ အမျက်ဒေါသကို အမြစ်ပြတ်သုတ်သင် ပယ်သတ်ခြင်းကို သူတော်သူမြတ်တွေဟာ နှစ်သက်လိုလား ချီးမွမ်းကြတယ်” (မြတ်ဗုဒ္ဓ)
“စုန္ဒ လောက၌ ရဟန်းလေးမျိုးရှိပေ၏ အကြင်သူသည် တွေးတောယုံမှားခြင်းကို လွန်မြောက်ပြီးဖြစ်၏၊ ရာဂစသော ဆူးးငြောင့်တံသင်းမှ ကင်းပြီးဖြစ်၏ ကိလေသာငြိမ်းအေးမှု၌ မွေ့လျော်၏ မက်မောခြင်းမရှိ၊ နတ်နှင့်တကွသောလောကကို နိဗ္ဗာန်သို့ ပို့ဆောင်တက်၏ ထိုကဲ့သို့သောသူကို မဂ်ခရီးဖြင့်အောင်မြင်သော ရဟန်းဟူ၍ဆိုအပ်၏။
ဤလောက၌ အကြင်သူသည် မြတ်သောနိဗ္ဗာန်ကို မြတ်သောနိဗ္ဗာန်ဟု သိမြင်ပြီး ထိုနိဗ္ဗာန်ကို အခြားသူတို့အား ဟောကြားတက်၏ ယုံမှားခြင်းကို ဖြတ်တောက်ပြီး၍ ကိလေသာမြူကင်းသော ထိုရဟန်းကို မဂ်ခရီးကို ညွှန်ပြတက်သောရဟန်းဟူ၍ဆိုအပ်၏။
အကြင်သူသည် သီလကိုကောင်းစွာ စောင့်စည်းလျက် သတိရှိကာအပြစ်မရှိသော တရားတို့ကို ပွားများမှီဝဲသည်ဖြစ်၍ နိဗ္ဗာန်၏အကြောင်းကောင်းသော မဂ်ခရီး၌ အသက်ရှင်နေ၏ ထိုသူကို မဂ်ခရီး၌ အသက်ရှင်နေသော ရဟန်းဟူ၍ဆိုအပ်၏။
အကြင်သူသည် ကောင်းသောအကျင့်ရှိသူတို့၏ အ၀တ်ကိုဝတ်၍ ရဟန်းဘ၀သို့သက်ဝင်ပြီး ဒါယကာတို့၏ ကြည်ညိုမှုကို ဖျက်စီးတက်၏ ကိုယ်နှုတ်နှလုံး ကြမ်းတမ်း၏ စောင့်စည်းမှုမရှိ၊ လှည့်စားတက်၏၊ သေးသိမ်ပြိန်ဖျင်းသော စကားကိုပြောဆိုတက်၏ ရဟန်းတု ရဟန်းယောင်အသွင်ဖြင့် လှည့်လည်သွားလာတက်၏ ထိုသူကို မဂ်ခရီးကို ဖျက်ဆီးတက်သော ရဟန်းဟူ၍ ဆိုအပ်၏။” (မြတ်ဗုဒ္ဓ- စုန္ဒသုတ်)
“ရဟန်းတို့ မေ့လျော့ခြင်းသည် မြူမှုန်ဖြစ်၏ မေ့လျော့ခြင်းနောက်သို့ လိုက်ပါခြင်း (၀ါ) ထပ်တလဲလဲ မေ့လျော့ခြင်းသည်လည်း မြူမှုန်ပင်ဖြစ်၏ ထို့ကြောင့် မမေ့မလျော့သော သတိနှင့် အသိဥာဏ် ၀ိဇ္ဇာတို့ဖြင့် မိမိစိတ်၌ စူးဝင်နေသော တဏှာရာဂမြှားကို နှုတ်ပစ်ကြကုန်လော့” (မြတ်ဗုဒ္ဓ)
“နတ်ချမ်းသာ၊ ဈာန်သမာပတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့ကို မိဘလည်းမပေးနိုင်၊ ဆွေမျိုးသော်လည်း မပေးနိုင်၊ ကောင်းစွာစောင့်ရှောက်အပ်သော စိတ်သည်သာလျှင် မိဘဆွေမျိုးများထက်သာလွန်၍ မြင့်မြတ်အောင် ပြုပေးနိုင်၏။” (မြတ်ဗုဒ္ဓ)
လူ့အဖွဲ့အစည်း၌ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် ၀ိပဿနာသည်ကြီးမားသော အခြေခံအုတ်မြစ် ဖြစ်နိုင်သည်၊ ရောဂါဝေဒနာအားလုံး၏ အရင်းအမြစ်သည် တစ်ဖက်စောင်းနင်းဖြစ်နေသော ချိန်၍မရသော စိတ်နှလုံးဖြစ်သည်၊ ၀ိပဿနာသည် စိတ်နှလုံးကို ချိန်၍ရအောင် ချိန်ခွင်လျှာကို ဖြောင့်တန်းပေးပေသည်။ (ရှရီပရဗီကာကျန္ဒရရှဟ်)
ဝိပဿနာသည် စိတ်လှုပ်ရှားမှုများနှင့် စိတ်လှုပ်ရှားမှုများ၏ အကြောင်းအရင်းကို ရှာဖွေတွေ့ရှိရန် ထိုစိတ်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်စေရန် အထောက်အကူပြုပေးပါသည်၊ ၀ိပဿနာသည် စိတ်အေးချမ်းမှု၊ စိတ်တပြေးညီရှိမှုကို ထိန်းသိမ်းနိုင်စေရန်နှင့် ယင်းတို့ကို မိမိပတ်ဝန်းကျင်သို့ ဖြာထွက်သွားစေရန်လည်း ပံ့ပိုးပေးပါသည်။ (ခရစ်ယာန်သီလရှင်-မာသာမေရီ)
ရောဂါမှန်သမျှသည် အစပထမ စိတ်နှလုံးတွင် အခြေတည်ပြီးနောက်ကျမှ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်လာ၏ လူအများစုသည် ရောဂါများ၏ အခြေခံသဘောကို နားမလည်ကြပေ။ ရောဂါများကို ဖယ်ရှားပစ်ရန်သည် ၀ိပဿနာ၏ ရည်မှန်းချက်မဟုတ်သော်လည်း ၀ိပဿနာများများ အားထုတ်ခြင်းဖြင့် စိတ်နှလုံးအညစ်အကြေးကင်းစင်လာပြီး စိတ်နှင့်ပတ်သက်သော ရောဂါအမျိုးမျိုး ကိုယ်နှင့်ပတ်သက်သော ရောဂါအမျိုးမျိုး သူ့အလိုလို ပျောက်ကင်းသွားနိုင်သည်။ (ဒေါက်တာစီဗွီ၊ဂျိုဂီ)
ဗုဒ္ဓဘာသာသည် လူသားကို ကိုယ်ခြေထောက်ပေါ်တွင်ကိုယ် ရပ်တည်စေနိုင်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုနှင့် စွမ်းအားများကိုလည်း နိုးကြားစေသည်။ (ဆရာတော်နာရဒထေရ)
ဗုဒ္ဓသည် ပရမတ္ထသစ္စာကို သိရှိရုံသာမက နတ်လူတို့ထက် သာလွန်မြင့်မြတ်သည့်ပညာကလည်း အထင်အရှားရှိပေသည်။ ယင်းပညာသည် အကြည်လင်ဆုံးဖြစ်၍ ဒဏ္ဍာရီဆန်ဆန်ဟန်ဆောင်မှု၊ ၀တ်စားဆင်ယင်မှုတို့မှ ကင်းတော်မှုသည်။ သို့ရာတွင်ဗုဒ္ဓ၏အဆုံးအမကို လိုက်နာနိုင်သူတစ်ယောက်အဖို့ နှစ်သက်ကျေနပ်စေနိုင်လောက်အောင် အနေအထားကို အပ်နှင်းသည်။ သို့မှသာ မုချဆတ်ဆတ်အနေဖြင့် အသိပညာပေါ်ပေါက်လာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရရှိပေမည်။ ထို့ကြောင့် ဗုဒ္ဓသည် ယုံကြည်ချက်တစ်စုံတစ်ရာမှ မတောင်းခံဘဲ အသိပညာရရှိရေးကိုသာ အာမခံပေသည်။ (ဂျော့ဂ်ျဂရင်းမ်)
Religion must best correspond to the contemporary requirements of modern society.
ဘာသာတရားသည် ခေတ်သစ်လူ့အဖွဲ့အစည်း၏ ပစ္စုပန် လိုအပ်ချက်များနှင့် အကောင်းဆုံး လိုက်ဖက်ညီညွတ်ရမည်။ (H.M.A de Silva)
ရဲကြီး

0 comments:
Post a Comment