သက္ကာယ (သို့မဟုတ်) ခန္ဓာငါးပါး - အရှုခံ တရား
မေမေချစ်သော သားသားနဲမီးမီးရေ---
အနတ္တလက္ခဏ သုတ္တန် တရားတော်ကြီး ကိုရေးရင်းနဲ့ ရုပံ-ရုပ်တရားသည်၊ ဝေဒနာ ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ် တို့သည် အတ္တ မဟုတ် အနတ္တ ဖြစ်သည် ဆိုတော့ ။ရူပက္ခန္ဓာ၊ဝေဒနက္ခန္ဓာ၊သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ဝိဉာဏက္ခန္ဓာ ဆိုတဲ့ ခန္ဓာငါးပါးကို မေမေတို့သိဘို့ လိုလာပါတယ်။
ခန္ဓာငါးပါးဆိုတာက လည်း အာရုံဒွါရတိုက်ချိန်မှာ ရုပ်နာမ်ပေါင်းစုလို့ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတဲ့သိသဘောသက်သက် (တနည်း) တကယ့်အရှိသဘောသက်သက်ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်က ဓမ္မဒိန္နာရဟန္တာထေရီမ ကို သူ့ခင်ပွန်း ဝိသာခသူဋ္ဌေး က စာမေးပွဲစစ် ခဲ့ဘူးပါတယ်။ သူကအရင် အနာဂါမ်တည်သွားခဲ့ လို့ အရင်လေစိမ်းတိုက်တာ သူပါ။ မခံချင်စိတ်ရှိတဲ့ ဓမ္မဒိန္နာကလည်း (အသင်ဝိသာခ သူဌေး- လောကုတ္တရာတရားဆိုတာ ယောင်္ကျားတွေပဲအားထုတ်ရတာလား လူမိန်းမတွေကော ကျင့်ကြံအားထုတ်လို့မရ ဘူးလား)- မေးတော့ရပါတယ်တဲ့။
နောက်မှကျင့်ကြံဘို့ ရဟန်းမ ဝတ်ခဲ့ပေမဲ့လို့ သူ့ခင်ပွန်းထက် တစ်ဆင့်မြင့်ကာ ရဟ န္တာတည်ခဲ့တာပေါ့နော်။
သူဌေးကတော်ဆိုတော့ အခြွေအရံ ပရိသတ် ကြောင့် အနှောက်အယှက်ဖြစ်ရပြီး တောအရပ် ကိုသွားအားထုတ်ခဲ့တာကိုး။ ခင်ပွန်း က မပျော်ရင်ထွက်ပါစေ-စိတ်နဲ့သတင်း မေးမယ်လို့ ရောက်လာခဲ့ပေမဲ့ ဓမ္မဒိန္နာဟာ ဣနြေ္ဒ ရင့်ကျက်နေလေတော့၊ ထူးတော့ထူးခြားနေပြီ။မေးစမ်းကြည့်မှပဲ..။ စာမေးပွဲ မေးခွန်းကောက်စစ်လိုက်ပါတယ်။
ဓမ္မဒိန္နာ-သက္ကာယဆိုတာ ဘာ ကိုခေါ်ပါသလဲပေါ့။
ဓမ္မဒိန္နာထေရီကလည်း အသာလေးဖြေခဲ့ပါတယ်။( သက္ကာယဆိုတာ ပဉ္စု ပါဒါနက္ခန္ဓာ= စွဲလန်း ဖွယ်ဖြစ်တဲ့ ခန္ဓာငါးပါးကိုခေါ်ဆိုတာပါပဲ )လို့အသာလေးပြန်ဖြေပေးခဲ့တယ်။ သူကမှန်မမှန် ဘုရားရှင်ထံမှာပြန် Check လုပ်သေး တာကိုး။ ဒီအဖြေကို ဘုရားရှင် ကိုယ်တိုင်ကလည်း ဓမ္မဒိန္နာ အဖြေနဲ့ တစ်ထပ်တည်းတူအောင်ဖြကြား ပေးတော် မူလိုက်ပါတယ်။
ဒါကြောင့် သက္ကာယ နဲ့ခန္ဓာငါးပါးဟာ (တကယ့်ထင်ရှားရှိသော သဘောသက်သက်) အရှုခံ တရားလို့မှတ်ထားရပါမယ် ကလေးတို့ရေ..။
သက္ကာယ-ဆိုတာကတော့ ပါဠိစကားဖြစ်ပါတယ်။
မြန်မာလို- သက္ကာယ= ထင်ရှားရှိသောသဘော လို့ အဘိဓာန်ကျမ်းမှာ ပြန်ဆိုပေးထားခဲ့ပါတယ်။
ဘုရား၊ ပစ္စေက ဗုဒ္ဓါ -ရဟန္တာ များမှာလည်းသက္ကာယရှိပါတယ်တဲ့။လူနတ် ၊သက်ရှိ သတ္တဝါမှန်လျှင် အသညသတ်ဗြဟ္မာ တွေကလွဲပြီး သက္ကာယဆိုတဲ့သဘောဟာရှိနေကြပါတယ်။ ခန္ဓာငါးပါးဆိုတာက တော့ပါဠိစကားဖြစ်ပါတယ်။
ခန္ဓာ= အစု--
ငါးပါး=ငါးခုသောသဘော။ငါးပါးသောအစု သဘော။
ရုပ်နာမ်အစု-ခန္ဓာငါးပါး
၁-ရုပ် --------ရုပ်အစု
၂-ဝေဒနာ------နာမ်အစု
၃-သညာ------နာမ်အစု
၎-သင်္ခါရ------နာမ်အစု
၅-ဝိဉာဏ်------နာမ်အစု
ရုပ်+ နာမ်အစု=ခန္ဓာငါးပါး
ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ ဝိဉာဏ် ဆိုတဲ့ သဘောငါးခု ပေါင်းစုမှုကို မြတ်စွာဘုရားကခန္ဓာငါးပါးလို့ မိန့်တော်မူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက ----ခင်ဗျားတို့ဝိပဿနာရှုပါ ရှုပါ ပြောနေတာအမေ အဖေ မွေးတဲ့ အချိန် တစ်ဆယ် တစ်ဆယ့်ငါး လေးတဲ့ ခန္ဓာ ကိုရှုခိုင်းတာ မဟုတ်ဘူး။ အာရုံဒွါရကမွေးတဲ့ခန္ဓာကို ရှုခိုင်းတာဖြစ်တယ်။ လို့မှတ်လောက် သားလောက်အောင် ဘုရားအလိုကျ မိန့်ကြားတော်မူခဲ့ပါတယ်။
ခန္ဓာငါးပါးဆိုတဲ့ ရုပ်၊နာမ်အစုဟာ ပင်ကိုယ်သဘောကိုက ခန္ဓာဆိုတဲ့အတိုင်းကွဲပြားပြီးမနေပါဘူး။ တစ်စုတစ်ပေါင်းတည်း ဖြစ်ပေါ်လေ့ရှိ ပါတယ်တဲ့။ အာရုံနဲ့ဒွါရတိုက်ချိန်မှာ တစ်ပေါင်းတည်းဖြစ် တစ်ပေါင်းတည်း ချုပ်တဲ့ သိသဘောသက်သက်ပါပဲ လို့နားလည်သင့်ကြောင်း ပိုင်းလော့ဆရာတော် ဘုရားကြီးမိန့်ကြား တော်မူခဲ့ပါတယ်ကလေးတို့ရေ..။
ကောင်းကင်မှာ လျှပ်စစ်ပျက်သကဲ့သို့ မမြင်နိုင်သော သဘောတို့ ပေါင်းစု၍ ဖြစ်ပေါ်ခွင့်ရပြီး ၊မမြင်ရာ အရပ်သို့ပျောက်ကွယ်သကဲ့ သို့ ကျေးဇူးတော်ရှင်မြတ်စွာဘုရားက ဥပမာပေးဆုံးမတော်မူခဲ့ပါတယ်။ ဘုရားရှင်ပြုနိုင်ခဲသောအရာရှိပါသလားလို့ မိလိန္ဒ မင်းကြီးက အရှင်နာဂသိန် ကိုလျှောက်ထားတဲ့အခါ -ရှိပါတယ် ခန္ဓာငါးပါးပေါင်းစပ်ပါဝင်ပုံကို ဘုရားရှင်ရဲ့အတုမရှိတဲ့ ဉာဏ်တော်ကြီးနဲ့မို့သာ ခွဲခြားပြနိုင်ခဲ့တာပါတဲ့။
(၁)မြတ်ဘုရားရှင်ရဲ့ အတုမရှိ တဲ့ ဉာဏ်တော်ကြီးမို့သာ ထိုမျှလောက်တိုတောင်းသော အချိန်ကာလအတွင်း ပါဝင်ပေါင်းစပ်တဲ့သဘော တွေကို သိမြင်နိုင်ခဲ့တာဖြစ်ပါတယ်။ တဘက်သူ သဘောပေါက် သိမြင်နားလည်အောင်လည်း အမည်ပညတ်တပ်ပြီး ဟောပြနိုင်ခြင်းဖြစ်ပါတယ်။
(၂)ဒါကြောင့်မို့ အာရုံ နဲ့ဒွါရတိုက်ခွင့်ရတဲ့ သက်ရှိသတ္တဝါမှန်ရင် ရုပ်+နာမ်နှစ်ပါး (ခန္ဓာငါးပါး) ဖြစ်ရှိနေမှာ မလွဲပါဘူး။
(၃) ထို (အာရုံသိသဘောသက်သက်)ဖြစ်တဲ့ ခန္ဓာငါးပါး ဟာ-----
(က)မျက်စိအကြည်ဓာတ်မှာဖြစ်ပေါ်ခွင့်ရရင်--မြင်သိစိတ်ခန္ဓာငါးပါး
(ခ) နားအကြည်ဓာတ်မှာဖြစ်ပေါ်ခွင့်ရရင်--ကြားသိစိတ်ခန္ဓာငါးပါး
(ဂ) နှာအကြည်ဓာတ် မှာဖြစ်ပေါ်ခွင့်ရရင်--နံသိစိတ်ခန္ဓာငါးပါး
(ဃ) လျှာအကြည်ဓာတ်မှာဖြစ်ပေါ်ခွင့်ရရင်--စားသိစိတ်ခန္ဓာငါးပါး
(င) ကိုယ်အကြည်ဓာတ်မှာဖြစ်ပေါ်ခွင့်ရရင်--ထိသိစိတ်ခန္ဓာငါးပါး
(စ)စိတ်ဘဝင်အကြည်မှာဖြစ်ပေါ်ခွင့်ရရင်----ကြံသိစိတ်ခန္ဓာငါးပါးလို့ ဗုဒ္ဓသာသနာမှာ ပညတ်ဟောကြား ခဲ့ပါတယ်။ထိုသိသဘောသက်သက် ရုပ်+နာမ် (ခန္ဓာငါးပါး) သဘောဟာရုပ်ပေါင်းစုလောင်ခိုက် လျှင်စွာဖြစ်ပေါ်လာပြီး လျှင်စွာချုပ်ပျောက်ကြပါတယ်လို့မြတ်စွာ ဘုရားရှင်ဟောကြား တော်မူခဲ့ပါတယ် ကလေး တို့ရေ..။
သက္ကာယ နှင့်ခန္ဓာငါးပါး ဟာ(တကယ်ထင်ရှားရှိသော သဘောသက်သက် )အရှုခံတရားလို့မှတ်တော်မူကြပါ လို့ပိုင်းလော့ ဆရာတော်ကြီး ကဟောကြား ခဲ့ပါတယ်။ ခန္ဓာငါးပါးသည် ပင် သက္ကာယ ။သက္ကာယသည်ပင်လျင် ခန္ဓာငါးပါးအရှုခံတရား အဖြစ် တစ်ခုတည်း ဖြစ်ကြောင်နားလည် သဘောပေါက်ကြဘို့ လိုပါတယ်။
သက္ကာယ ကိုသဘောပေါက်မှသာ သက္ကာယ ကိုစွဲပြီးဖြစ်ပေါ်တတ်တဲ့ အယူမှား အမှတ်မှားမှု-သက္ကာယဒိဋ္ဌိ ကို မေမေ တို့ပြုတ်အောင် စတင်ဖြုတ် လို့ရပါ လိမ့်မယ်။ အဲဒီသိသဘောသက်သက် ကလေးကို အကောင်အထည် မဟုတ်ကြောင်းရှုမှတ်တဲ့ နည်းကို မေမေဆက်ရေးပါအုံးမယ်နော်။
ပိုင်းလော့ဆရာတော်၏အလုပ်ပေးတရားများ
(ပိုင်းလော့ဆရာတော် ဘုရားကြီး၏ တရားစခန်းဝင် မှတ်စုများ မှရေးသားပါသည်။)

0 comments:
Post a Comment