* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 15, 2009

*မီးနီပျောက်တဲ့နေ့*

ကြာတော့ ကြာခဲ့ပါပြီ၊ အဲဒီနေ့က ဘုန်းဘုန်း ဦးလောက နာထနဲ့ စကားလေး ပြောဖြစ်တယ်..။ အဲလို ပြောရင်းနဲ့ ဘုန်းဘုန်းက ရုတ်တရက် “မီးနီပျောက်တဲ့နေ့” လို့ သုံးသွားတယ်..။ ကျွန်တော် ကလည်း နဂို ကတည်းက အတွေးသမား ဆိုတော့ အဲဒီ စကားလေးကို တွေ့လိုက်တယ် ဆိုရင်ပဲ (ဘုန်းဘုန်းနဲ့က စာရိုက်ရင်း ပြောဖြစ်ခဲ့ကြ တာပါ။) အတွေးတွေက ချက်ချင်း ကြွယ်သွားတာပေါ့..။

ခုမှ ပြန်စဉ်းစား ကြည့်တော့ အတွေးထဲမှာသာ တွေးစရာတွေ များသွားတာ…။ ခုလို စာနဲ့ ပြန်ချရေးမယ် ဆိုတော့ မလွယ်ပြန်ဘူး..။ ဘာလို့လဲ ဆိုတော့ အတွေးထဲမှာ ကိုယ့်ဟာကိုယ် သဘောပေါက် နားလည်ပေမယ့် ခုလို သူတစ်ပါး နားလည်အောင် ပြောပြရတာ မလွယ်ဘူးလေ..။ စာရေးဖူးသူတိုင်း ဒါကို သဘော ပေါက်ကြမယ် ထင်ပါတယ်..။ ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ကျွန်တော် တွေးမိသလို စာရှုသူတွေကို သိစေချင်တဲ့ စေတနာကြောင့် ကြိုးစားပြီးတော့ ရေးလိုက်ပါတယ်..။ အတွေး အခေါ်လေးတွေ လွဲမှား သွားခဲ့ရင်လည်း ပြန်လည်လို့ ပြုပြင်ပေးဖို့ တောင်းဆိုပါရစေ။

မီးနီပျောက်တဲ့နေ့” တဲ့.. အဲဒီ စာသားလေး တွေ့တွေ့ချင်း ချက်ချင်း ပြေးမြင်လိုက် တာက မီးပွိုင့်မှာ သုံးနေတဲ့ မီးနီ၊ နောက် တစ်ဆက်တည်း သတိရမိတာက ကျွန်တော်တို့ Gtalk မှာ သုံးနေတဲ့ အနီရောင် busy သင်္ကေတ..။

အားလုံး သိတဲ့ အတိုင်းပါပဲ.. မီးနီ ဆိုတာသည် အတားအဆီး သင်္ကေတ၊ အန္တရာယ် သင်္ကေတ၊ မီးစိမ်းကတော့ အန္တရာယ် မရှိတော့တဲ့ သင်္ကေတ၊ လွတ်မြောက် ထွက်မြောက်နိုင်တဲ့ အမှတ်အသား..။ ဒီလိုပါပဲ Gtalk မှာ အနီရောင် သင်္ကေတ ပြထားပြီ ဆိုရင် ဒီ Gtalk ပိုင်ရှင်သည် အလုပ်များနေတာ၊ အလုပ်များနေတဲ့ အတွက်ကြောင့် သူ့ဆီကို ဘယ်သူမှ မဆက်သွယ်အောင်၊ မ chat အောင် ဟန့်တားထားတဲ့ အတားအဆီး သင်္ကေတ..။ ဒီလောက်ဆိုရင် စာရှုသူတွေ ကျွန်တော် ဘာတွေးမိလဲ ဆိုတာ ရိပ်မိတဲ့သူ ရိပ်မိလောက်ပါပြီ..။ ဒါပေမယ့်လည်း မရိပ်မိသေး၊ မသိသေး သူများ အတွက် ကျွန်တော် တွေးမိတာလေးကို ဆက်ပြောပါ့မယ်..။

ကျွန်တော်.. ဒီမီးနီနဲ့ ကျွန်တော်တို့ရဲ့ ဘ၀တွေကို ထပ်တူပြုလို့ တွေးလိုက်မိတယ်၊ ခံစားကြည့် လိုက်တယ်…။ ဘာလို့လဲ ဆိုတော့ သဘော တရားတွေ တူနေတာကိုး..။ ဘယ်လို သဘောတရားတွေ ပါလိမ့်…။

မီးဆိုကတည်းက အပူဓါတ်ရှိပြီ..။ ဒါကိုတော့ လူတိုင်း သိပြီးသားပါ..။ အဲသလိုပါပဲ.. ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာလည်း မီးရှိနေတယ်.. တကယ့်ကို ပူတဲ့မီး..၊ တဏှာလေ.. တဏှာမီးလေ.. ဒီတဏှာမီးနီက ကျွန်တော်တို့ အပါအ၀င် သံသရာက မကျွတ်မလွတ် သေးတဲ့ ၃၁-ဘုံသား သတ္တ၀ါတွေရဲ့ ခန္ဓာကိုယ်မှာ ရှိနေတယ်…။ ပူလိုက်တာလည်း မပြောပါနဲ့.. ဒီတဏှာက..၊ ပြောရရင်တော့ ကား နဲ့တူတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို သံသရာလမ်းရဲ့ ဟိုဘက်ကို မရောက်အောင်၊ မကူးနိုင်အောင် ဒီ တဏှာမီးနီက ဟန့်တားထား တာပေါ့..။ နီလိုက်တာ မှလည်း ရဲနေတာပဲ..။

ဟုတ်ပြီ.. အဲဒီတော့ ကျွန်တော်တို့ ဒီမီးနီကို ပျောက်ချင်ပြီ၊ ဘယ်လိုလုပ်မလဲ…။ မီးပွိုင့်မှာတော့ အချိန်တန်ရင် မီးနီးကနေ မီးဝါ၊ နောက် မီးစိမ်း အလိုလို ပြောင်းသွားတယ်..။ ဒါကို ကားမောင်းတဲ့ လူက ရပ်စောင့်နေရုံပဲ.. အချိန်တန်လို့ စိမ်းရင် သူက ကားကလေးကို ၀ူးကနဲဆို မောင်းထွက်ပြီး ကိုယ်လိုရာကို ခရီးဆက်ရုံပဲ…။ အဲ ဒါပေမယ့် လူ့ဘ၀ကြီး မှာကော.. ဒီလို ရပ်စောင့်နေရုံနဲ့ ဒီတဏှာ မီးနီက အော်တို စိမ်းပါ့မလား..။ အော်တို ပျောက်ပြီး လွတ်မြောက် ငြိမ်းချမ်းရာ အမှတ်အသား မီးစိမ်း ဖြစ်လာပါ့မလား..၊ စိတ်ထဲက ပျောက်ချင်ရုံ၊ ဘုရားရှေ့ထိုင် ဆုတောင်းနေရုံနဲ့ ပျောက်ပါ့မလား…။ မပျောက်.. မပျောက်ရေးချ မပျောက်…။

အဲတော့ ပျောက်အောင် ဘယ်လို လုပ်မလဲ…။ ရှင်းနေတာပဲလေ.. ဖျောက်မှ ပျောက်မှာပေါ့..။ ပျောက်တယ် ဆိုတဲ့ အကျိုးကို လိုလားရင်၊ လိုချင်ရင် ဖျောက်မယ်ဆိုတဲ့ အကြောင်းကို လုပ်ရမယ်လေ.. မဟုတ်ဘူးလား.. ဒါကို မဖျောက်ဘဲ ဒီတဏှာ မီးနီကို ပျောက်ချင် ပါတယ်၊ ပျောက်ချင် ပါတယ် အော်နေလို့ ကတော့… ခန္ဓာကိုယ် တွေသာ အသွင် အမျိုးမျိုး ပြောင်းသွားမယ်.. ဒီ လက်သည် တဏှာမီး ကတော့ ကျွန်တော်တို့ရဲ့ဘ၀တွေမှာ လှလှပပ ကြွကြွရွရွ နီပြနေဦးမှာပဲ..။ နက်နက်နဲနဲ ချယ်လှယ်နေ ဦးမှာပဲ…။ သူကြိုးဆွဲရာ ကနေရဦးမှာပဲ.. ဘာတဲ့ ဟိုတစ်ညကတောင် တရား တစ်ပုဒ်ထဲ ဒီ တဏှာနဲ့ ပတ်သတ်တဲ့ ကဗျာလေး နာလိုက်ရသေး…

ငါတို့နေရာ ဤကမ္ဘာ တဏှာ အုပ်စိုးသည်၊ တဏှာ စေရာ မနေသာ ဖွေရှာဆက်ရသည်” ဆိုတာ…

ရှင်းပါတယ်နော ကဗျာလေးက တဏှာက ကျွန်တော်တို့ ဘ၀တွေကို စိုးမိုးနေလို့ ဒီ တဏှာ ဇာတ်ဆရာ အလိုကျ ဘ၀ ဇာတ်ခုံမှာ ကနေရတယ် ဆိုတဲ့ အဓိပ္ပါယ်၊ သူခိုင်းသမျှ လုပ်နေရတယ် ဆိုတဲ့ သဘော…

နောက် ရှိပါသေးတယ်.. ဘုန်းဘုန်း ဦးကောသလ္လရဲ့ တရားသိမ်းထဲမှာ.. ဒီ တဏှာမီးနီ အကြောင်း..

အရှည်တွင် သံသရာ၊ အခြေကတော့ တဏှာ၊ သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်” ဆိုတာလေး…

လူ့လောက မှာတော့ ကျွန်တော့် အထင် သံသရာ ဆက်ချင်တဲ့လူနဲ့ ပြတ်ချင်တဲ့သူ.. ပြတ်ချင်တဲ့သူ များမယ် ထင်ပါတယ်.. မပြတ်ချင်သေးတဲ့ သူတွေကတော့ အရိယာ မဖြစ်သေးသရွေ့ နတ်သမီး နတ်သား ဘွားခနဲ ဖြစ်လိုက်၊ ငရဲအိုးထဲ ကားခနဲသွားလိုက်၊ ပုတ်ဟောင် ညစ်ပတ်လှတဲ့ လူ့ဗိုက်ထဲ ရောက်လိုက်၊ ငတ်မွတ်ဆင်းရဲ ပြိတ္တာဖြစ်လိုက်၊ မောဟများတဲ့ တိရစ္ဆာန် ဖြစ်လိုက် ဒီလိုနဲ့ပဲ စုန်ချည် ဆန်ချည်၊ အထက် မျောလိုက် အောက်လျှောလိုက် ကျင်လည်နေရ ဦးမှာ.. ဒီလိုဘ၀မှာ ပျော်နေတဲ့ သူတွေကလည်း အများသား ဆိုတော့ မပြောလိုပါဘူး.. သွားကြပေါ့.. တားခွင့် မရှိဘူးလေ.. ကျွန်တော် ကိုယ်တိုင်တောင် မခေါ်ဘဲ လာမိပြီး မနှင်ဘဲ ပြန်ရဦးမှာ… ဒါကို ထိုင်စောင့်နေရတဲ့ ဘ၀ဆိုတော့…။

ဒါပေမယ့် ဒီလို သွားတဲ့လူတွေ သွားကြသလို၊ ပြတ်ချင်တဲ့ သူတွေကလည်း ရှိသေးတော့.. ပြတ်အောင် ဘယ်လို လုပ်ကြမလဲ… ဒီနေရာမှာလည်း လာပြန်ပါပြီ.. စကား ကပ်တာတော့ မဟုတ်ပါ.. ဒီ တဏှာ မီးနီကို ပျောက်ဖို့က ပြတ်ချင်ရုံနဲ့ မရသေးပါ… ပြတ်အောင် ဖြတ်ရပါမည်… ပြတ်ချင်တဲ့ အကျိုးကို လိုချင်ရင် ဖြတ်နေတဲ့ အကြောင်းတရား ရှိရမည်… ရှိကို ရှိနေရမည်…

ဖြတ်နေတဲ့ အကြောင်းတရား… သိတဲ့သူ တော်တော်များပါတယ် ၀ိပဿနာ အလုပ်ဆိုတာ… ၀ိပဿနာ အကြောင်းတော့ ကျွန်တော် သိပ်မပြောချင်.. ကျွန်တော် ကိုယ်တိုင်လည်း ယောင်ဝါးဝါး အသိမို့လို့.. အဓိကက ကျွန်တော် မီးနီပျောက်အောင် ဖျောက်ဖို့ပဲ တိုက်တွန်းချင် တာပါ… အဲလို ပျောက်ပြီး အငြိမ်းဓါတ် (အငြိမ်ဓါတ် မဟုတ်၊ သတိထားပါ..) ရအောင် ဖြတ်ပေးနိုင်တဲ့ ၀ိပဿနာ အလုပ်ကို လုပ်စေချင်တာပါ…

ကျွန်တော် သိတော့ သိပါတယ်.. သတ္တ၀ါ တွေဟာ သံသရာ အဆက်ဆက်က မသိမှုတွေ စိုးမိုးလာတော့ ဒီဓါတ်တွေက အမြစ်တွယ်နေ ပြီဆိုတာ… ဒီ အမြစ်မှာလည်း တဏှာ ရေသောက်မြစ်က အား အကောင်းဆုံးပေါ့.. ဒီ ရေသောက်မြစ်ကို ဖြတ်ပါလို့ ပြောရင်လည်း ပြောနေတဲ့သူသာ အာညောင်းသွားမယ်.. ဖြတ်မယ့်သူ မပြောနဲ့၊ ဖြစ်ချင်တဲ့ စိတ် ပေါ်လာမယ့် သူတောင် ခပ်ရှားရှား… ဒါပေမယ့်လည်း မပြောပြန် ရင်လည်း မျောရရုံမှ တစ်ပါး အခြား မရှိတော့ သိသလောက်တော့ ပြောလိုက်ပါဦးမယ်..

ဒီနေရာမှာလည်း စကားလေး တစ်ခွန်း သွားသတိရ မိတယ်.. ရည်မှန်းချက် မတူရင် ပန်းတိုင် မတူဘူး၊ ရည်မှန်းချက် ကွာရင် ပန်းတိုင်ကွာတယ် ဆိုတဲ့ စကားလေး.. လောကီမှာကော လောကုတ်မှာပါ တော်တော် အသုံးဝင်တဲ့ စကားလေးပါ၊ နောက် တစ်ခွန်းလည်း ရှိသေးတယ်.. လမ်းခင်းကျောက်နဲ့ အဖိုးတန် ပတ္တမြား ဘယ်ကျောက်က များသလဲ တဲ့… ကိုဝင်းမြင့် ဆုံးမသွားဖူးတဲ့ စကားလေး တွေပါ…

ကဲ ဒီတော့ သင့် ရည်မှန်းချက်ကို အရင်စစ်ပေါ့… ရည်မှန်းချက်က သူလို ကိုယ်လို ဆိုရင် ရောက်မယ့် ပန်းတိုင်ကလည်း သူလို ကိုယ်လို ပန်းတိုင်ပဲ ရောက်ပါလိမ့်မယ်.. ပတ္တမြား ဖြစ်ချင်ရင်တော့ ပတ္တမြား ဖြစ်ကြောင်းကို လုပ်ပေတော့… ဆရာတော်တွေ ဟောထားတာတွေ အများကြီးပါ ၀ိပဿနာပိုင်းနဲ့ ပတ်သတ်လို့… ဒါတွေကို နာကြည့်၊ ခံယူကြည့်၊ ကျင့်သုံးကြည့်… ဒီနေရာမှာလည်း တစ်ခု ထပ်ပြောချင်ပါ သေးတယ်… ညီလေး မောင်ကောင်းရဲ့ ဘလော့မှာ ဖတ်လိုက်မိတာ “ကြည်ညိုရာမှာ များသံဃာ၊ ကိုးကွယ်ရာမှာ ရွေးချယ်ပါ” ဆိုတာ… အားကိုး လွဲရင်တော့ မှားပြီသာမှတ်… အဇာတသတ် ကိုသာ ကြည့်ပေတော့.. ဘ၀နိဂုံး ဘယ်လို ဖြစ်သွားသလဲ ဆိုတာ…

ဓမ္မမောင်နှမတို့ရေ… ကျွန်တော်လည်း တောင်ပြော၊ မြောက်ပြောနဲ့ စိတ်ထဲရှိတာတွေ ရေးလိုက်တာ.. ဖတ်လို့ ရလောက်မယ် လို့တော့ ထင်ပါတယ်… ဓမ္မမောင်နှမတို့ ဖတ်လို့ အဆင်မပြေ ရင်လည်း ကျွန်တော် တင်ပြတာ နည်းမကျသေး လို့ပဲ သတ်မှတ်ပါ့မယ်… မှားနေတာ လေးတွေ ရှိခဲ့ရင်လည်း ထောက်ပြလို့ သွန်သင်ပေးကြ ပါနော…

ဓမ္မမောင်နှမတို့ အားလုံး မီးနီ ပျောက်လို့ မီးစိမ်း မြင်ပြီး လမ်းခရီးအဆုံး ပန်းတိုင်ကို တည့်တည့်မတ်မတ် လျှောက်လှမ်း နိုင်ကြ ပါစေ။

++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

7/14/2009, YUE:, 7:52:26 PM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP