သက်ကယ်ရိတ်စကားများ-၄-
"ကိုကျော်စွာပြောသလို ဒေးကားရဲ့ ဒဿနမှာ Res Extensa နဲ့ Res Interna နှစ်ပိုင်းလုံးလက်ခံထားပြီးသား ဆိုရင် သိပ္ပံဟာ စိတ်ဆိုတာကိုလည်း ထည့်စဉ်းစားခဲ့ဖို့ သင့်တာပေါ့"
ဒေါက်တာထင်မျိုးက သူ၏ ပုရစ်နှုတ်ခမ်းမွှေးကို လိမ်လျက် စိတ်ဝင်တစားဆိုသည်။ ပုစွန်တုပ်နှယ်ကွေးသော လခြမ်းက ညအပြင်ကို ပြူးကြည့်နေ၏။ နွယ်နှင့် ညီညီ တို့က သက်ကယ်ပျစ်နေကြသည်။
ကိုကိုက တောစပ်ဘက်ကို ငေးပြီး တွေးတွေးဆဆ ဆိုသည်။
"ဟုတ်တယ် ဒေါက်တာ။ ဒါပေမဲ့ ဒေးကားက ရုပ်သာလျှင် အဓိကကျတယ်၊ စိတ်က အဓိကမကျဘူးလို့သာ ပြောခဲ့တာ ဖြစ်တယ်။ စိတ်ကို လုံးလုံး ဖယ်ထားတာတော့ မဟုတ်ပြန်ဘူး ဒေါက်တာ။ ဒဿနပညာရှင်တွေက စိတ်နဲ့ဦးနှောက်ဆက်စပ်မှုကို စိတ်ဝင်တစား တွေးခေါ်ကြတယ်။ ယူဆပုံသုံးမျိုးလောက် ကွဲပြားနေတယ်။ ခုခေတ်မှာတော့ ဒေါက်တာရေ၊ လောကနိယာမတွေကို ရုပ်ချည်းသက်သက် ကွက်ပြီး စဉ်းစားရုံနဲ့ မပြည့်စုံနိုင်မှန်း သိလာကြပါပြီ။ ရုပ်ကိုလေ့လာတဲ့ သိပံ္ပမှာတောင် စိတ်ရဲ့သတ္တိကို မငြင်းဆန်နိုင်ဘဲ လက်ခံကြရတယ်။"
"အကျယ်ချဲ့ပါဦး ကိုကျော်စွာ"
"အဓိကကတော့ နှိုင်းရသီဝရီကစတဲ့ အမှန်တရားဆိုင်ရာ သဘောတရားနဲ့ ကွမ်တန်မက္ကင်းနစ်ရဲ့ ၀ိဥာဏဆိုင်ရာ သဘောတွေကြောင့်ပဲ ဒေါက်တာရေ။ ကြောင်းကျိုးသိကို တလျှောက်လုံး သုံးလာခဲ့တဲ့ သိပ္ပံပညာရှင်တွေကြားထဲမှာ အိုင်းစတိုင်းတို့ ပလန့်ခ်တို့ ရဲ့ အစွဲကင်းမှု ထိုးထွင်းသိမှုဟာ သိပ္ပံရဲ့အယူအဆရေးရာမှာ ပြောင်းလဲတိုးတက်မှုကို ဖြစ်စေခဲ့တယ်။
နယူတန်သိပ္ပံအတိုင်း အဆင့်ဆင့် ဖွံ့ဖြိုးလာတာမျိုး မဟုတ်ဘူးလို့ ဆိုကြတယ် ဒေါက်တာ။ အသစ်အသစ်သော သဘောတရားတွေအနေနဲ့ တနည်းတဖုံ ပြောင်းလဲသွားတာသာ ဖြစ်တယ်။
သိပ္ပံစမ်းသပ်မှုနဲ့ အယူဝါဒတွေတီထွင်နေတဲ့ ပုဂ္ဂိုလ်များဟာ Double slit experiment ကို စမ်းသပ်အပြီးမှာ ပြုတဲ့ ၀ါနာဟိုင်ဆင်ဘတ်ရဲ့ မှတ်ချက်ကို တော်တော်လေး သတိထားဖို့ကောင်းတယ်။
--ကျနော်တို့ စမ်းသပ်တာ (0bserve လုပ်တာ) တွေဟာ တကယ့် သဘာဝတရား မဟုတ်။ ကျနော်တို့ အသုံးပြုတဲ့ အဖြေရှာနည်းတွေ က ဖော်ညွှန်းလိုက်တဲ့ သဘာဝတရားသာလျှင် ဖြစ်တယ်--လို့ ဟိုင်ဆင်ဘတ်က ပြောဖူးတယ်။
ဆိုလိုတာကတော့ စမ်းသပ်ခြင်းကိုယ်နှိုက်မှာ ဘက်လိုက်မှု ရှိနေတယ်။ စမ်းသပ်ခြင်းလုပ်တဲ့ အခိုက်မှာ နဂိုရှိရင်းစွဲအမှန်တရားဟာ သွေဖည်နိုင်တယ်။ သွေဖည်အောင် လုပ်တဲ့ တရားဟာ ဘာဖြစ်မလဲ။ ဒါကတော့ စဉ်းစားဖို့ပါပဲ။
နောက်တော့ ပလန့်ခ်ပြောခဲ့တာ ရှိတယ်။
--ရုပ်ကလာပ်စည်းအားလုံးဟာ စွမ်းအားသတ္တိ ကနေစပြီး စွမ်းအားသတ္တိ ကြောင့်သာ ဖြစ်တည်နေကြတာ။ ဒီသတ္တိ ရဲ့ နောက်ကွယ်မှာ ၀ိဥာဏသဘော သို့မဟုတ် အသိစိတ်သဘော ရှိတယ်လို့ ယူဆရမယ်။ စိတ်ဟာ အရာခပ်သိမ်းကို တည်ဆောက်တဲ့ အရာဖြစ်တယ်။-- တဲ့ ဒေါက်တာ။
ဒီလိုပြောနေကြပြီဖြစ်တဲ့အတွက် ဆရာတို့ ဆေးပညာမှာလည်း ရောဂါကို စဉ်းစားတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာကို အတော်ဦးစားပေး စဉ်းစားကြ လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။"
"ကျွန်တော်တို့ ဆေးပညာမှာတော့ Broken heart syndrome လို ရောဂါမျိုး ရှိတယ်။ Takotsubo cardiomyopathy လို့ခေါ်တဲ့ဟာ။ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ အခါမျိုးလို စိတ်ဖိစီးမှုတွေ ဖြစ်တဲ့အတွက် နှလုံးကြွက်သားတွေ ရုတ်တရက် သေသွားတာမျိုး ပဲ။ မြန်မာလိုဆိုရင်တော့ ရင်ကွဲနာကျတယ် ခေါ်မလားပဲ။ ဒါဟာ စိတ်သက်သက်ကြောင့် ရုပ်မှာရောဂါဖြစ်တာကို အကောင်းဆုံး သက်သေပြတဲ့ ဥပမာတစ်ခုပဲ ထင်တယ်။ ဒါပေမဲ့ ဒီ့ထက်ဆန်းကျယ်တဲ့ ရောဂါတွေ ရှိသေးတယ် ကိုကျော်စွာရေ။"
"၁၉ ရာစုလောက်အထိကတော့ လူ့ခန္ဓာကိုယ်ကို စက်နာရီလို ယူဆထားကြတာ ဒေါက်တာရဲ့။ ဒါကြောင့် ရောဂါမှန်သမျှဟာ ရုပ်ကြောင့် ဖြစ်တယ်လို့ ထင်မြင်ယူဆခဲ့ကြတာ နေမှာပဲ။ စင်စစ်တော့ စိတ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကတောင် ပိုများလိမ့်ဦးမယ် ထင်တယ် ဒေါက်တာ။"
"ဟုတ်တယ် ကိုကျော်စွာရေ။ ကျွန်တော်တို့ ဘိုးဘေးတွေ တုန်းကတော့ လူတစ်ယောက် အစားအသောက် ပျက်ရင်တောင် အစာခြေအင်္ဂါကို ပြေးမြင်မိတာကိုး။ စင်စစ်ကတော့ ခင်ဗျားပြောသလိုပဲ စိတ်ကြောင့်ဖြစ်တဲ့ ကိုယ်လက် မအီမသာဖြစ်မှုတွေဟာ ခန့်မှန်းထားတာထက် အပုံကြီးများနေပုံပါပဲ။ အခုခေတ်မှာ စိတ်ကျန်းမာရေးဟာ လူအားလုံးအပေါ် အရေးတကြီး သက်ရောက်နေတယ်လို့ ယူဆထားကြတာတော့ အမှန်ပဲဗျ"
ကိုကျော်စွာရေ စကားတော့ ကောင်းတယ်။ ကျွန်တော် လူနာတစ်ယောက် ၀င်ကြည့်ရဦးမယ်။ နောက်မှတွေ့ကြတာပေါ့။ ဒေါ်ဒေါ်တို့ နေကောင်းကြလား။ ခွင့်ပြုပါဦး"
"ဟုတ်ကဲ့ပါ ဒေါက်တာ"
စကားအဆုံးမှာ ဒေါက်တာထင်မျိုးသည် ခြံဝရောက်နေပေပြီ။ ကိုကိုမှလွဲ၍ အားလုံးပြုံးပြီးကျန်ခဲ့သည်။
"ဒီဆရာဝန်ဟာလေ .. တော်တော်မြန်တဲ့ဆရာဝန်ပဲ.. ဒုံးပျံကျနေတာပဲ" ဟုနွယ်က ရေရွတ်သည်။
"ဒေါက်တာက ကိုကို့ကို တော်တော်ခင်ရှာသားပဲ နော်"ဟု ညီညီက ပြောသည်။
"သူနဲ့တူတာကိုး" ဟုနွယ်က ၀င်ပြော၏။
"နွယ်ဟာလေ၊ စိတ်မြန်လက်မြန်နဲ့ တယ်ရွဲ့တတ်တယ်။"
"မရွဲ့ပါဘူး ကိုကိုရဲ့ တကယ်ပြောတာ။ ကိုကိုဟာလေ.. ဒေါက်တာထင်မျိုးနဲ့ သိပ်တူတာပဲ"
ပြောရင်း နွယ်သည် ခစ်ကနဲရယ်လိုက်သည်။ ကိုကိုက ရေနွေးပူပူတစ်ခွက်ကို မှုတ်သောက်လိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းက သက်ကယ်တစ်ပေါ ကို ပွေ့သယ်လာသည်။
"ကိုကို.. အလုပ်လည်း လုပ်ရင်း ကံအကြောင်းလေးကို ဆက်ပါဦး"
"ညီညီရေ ကံကိုခွဲခြမ်းဝေဖန်ပြီး ယုံကြည်သူမှန်မှပဲ ဗုဒ္ဓဘာသာဝင်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကံကို ရှေ့တန်းတင်ပြီး ပြောရတာပဲ။ ကံကံ၏ အကျိုးဆိုတာကို ယုံကြည်မှု ရှိမှ၊ သံသရာကိုလည်း ယုံကြည်မှုရှိမှ ဗုဒ္ဓဘာသာဝင် ဖြစ်နိုင်တယ် ညီညီရေ။ ညီညီ့ကို ကိုကိုစကားပြောရင် အကြောင်းနဲ့အကျိုးနဲ့ပဲ ဆက်စပ်ပြီးပြောလေ့ရှိတယ်။ ဒါပေမဲ့ အကြောင်းနဲ့အကျိုး ဆက်စပ်ပြီးပြောရတဲ့ စကားတွေတိုင်းဟာ လူတစ်ဦးရဲ့ ယုံကြည်မှုကို လုံးဝဥဿုံ မဖန်တီးပေးနိုင်ဘူးဆိုတာ သတိပြုရမယ် ညီညီ။"
"ဟုတ်တယ် ကိုကို.. ကြောင်းကျိုး ဆက်စပ်ပြီး ပြောပေမဲ့လည်း ယုံကြည်ချင်မှ ယုံကြည်ကြတာ။ အချို့ကတော့ မိဘယုံကြည်တဲ့အတိုင်း လိုက်ပြီးယုံကြည်ကြတာပဲ။ စဉ်းစားဆင်ခြင်ပြီး ယုံကြည်လက်ခံတာထက် နီးစပ်ရာကို ယုံကြည်ကြတာကတောင် ပိုများဦးမလား မသိဘူး ကိုကို"
"ဟုတ်သင့်သလောက်တော့ ဟုတ်မှာပါပဲ ညီညီ..ယုံကြည်မှုပဲ ဖြစ်ဖြစ်၊ အပြုအမူပဲဖြစ်ဖြစ်၊ ကိုယ်ကျင့်သိက္ခာပဲ ဖြစ်ဖြစ် နီးစပ်မှုနဲ့ ပတ်ဝန်းကျင်ဟာ အရေးကြီးတာပါပဲ။ တံငါနားနီးရင် တံငါအမူအကျင့်ကို ရတတ်တာများတယ်။"
"များတယ်ဆိုပေမဲ့ ကိုကိုရေ၊ ရာနှုန်းပြည့်တော့ မဟုတ်ဘူးနော်"
"လူတစ်ဦးရဲ့ အမူအကျင့်ကို ဆုံးဖြတ်တာဟာ ဗီဇနဲ့ ပတ်ဝန်းကျင် ဘယ်ဒင်းက ပိုအခရာ ကျသလဲဆိုတာ တို့လိုသာမန် လူတွေအဖို့တော့ ပြောဖို့ မလွယ်ဘူး။
ရှေးတုန်းက ပညာရှင်တွေကတော့ ရာနှုန်းပြည့်အတပ်ဟောဖို့ပဲ လုပ်ကြဖူးတယ်။ စင်စစ်ကတော့ အကျိုးတစ်ခုကို ဖြစ်စေတဲ့ အကြောင်းဆိုတာကို သမုတိသစ္စာအဆင့်က သာမန်လူတွေအတွက် ဖြစ်တန်စွမ်းအဖြစ်နဲ့သာ ပြောဖို့တတ်နိုင်တာကို ဘယ်သူမှ ငြင်းလို့ မရဘူး။ အင်း.. ဒီစကားဟာ သမုတိသစ္စာအတွက် ရည်ညွှန်းတယ်ဆိုတာလည်း သတိထားဦးနော် ညီညီ။ တော်ကြာ ရည်ညွှန်းဘောင် မှားသုံးမိရင် မဟုတ်တဲ့ အနက်အဓိပ္ပါယ်တွေ ထွက်လာဦးမယ်"
"အမှိုက်စကားလုံးလား..."
"မသင့်လျော်တဲ့ အချိန်အခါ၊ နေရာဒေသနဲ့ အခြေအနေမှာ သုံးစွဲမိရင် အစွမ်းထက်တဲ့ဆေးဝါးဟာ အဆိပ်ဖြစ်ရသလို၊ လှပကောင်းမွန်တဲ့ စကားလုံးဟာ အမှိုက်ဖြစ်ရတာပဲ ညီညီရေ။
သံသရာနဲ့ ကမ္မ၀ါဒဟာ တို့မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ အတွက် လွယ်ကူပေမဲ့ ဗုဒ္ဓဘာသာပြင်ပက ပုဂ္ဂိုလ်တွေ အတွက်တော့ အခက်ကြီးခက်နေမှာ သဘာဝ ကျသားပဲ။ ဒါကြောင့် အဲဒီလိုပုဂ္ဂိုလ်တွေအတွက် မြတ်စွာဘုရားက ကာလာမသုတ်ကို ဟောကြားရတယ်။ ညီညီသိတဲ့ အတိုင်းပဲ မှန်ကန်အကျိုးရှိတဲ့ တရားဖြစ်မှန်းကို ကိုယ်တိုင်လက်တွေ့သိမြင်ရင် သိမြင်တဲ့အတိုင်း ကျင့်သုံးဖို့ကို တိုက်တွန်းတော်မူတဲ့ တရားပါပဲ။"
"ဘယ်သူဟောတာကိုမှ မယုံကြည်ကြပဲ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်ရမယ်လို့ ဟောတဲ့ တရားမဟုတ်ဘူးလား ကိုကို"
"ဒါကတော့ တက္ကိက ၀ါဒသမားတွေ နှစ်သက်တဲ့ အပိုင်းပဲ။ လက်ဦးပိုင်းမှာ ရှိရင်းစွဲ အစွဲတွေကို ဖျောက်ဖျက်ခိုင်းထားတာပေါ့။"
"ဒါပေမဲ့ စဉ်းစားဆင်ခြင်တာကိုလည်း ပယ်ထားတယ် ကိုကို"
"ဟုတ်တယ် ကိုယ်စဉ်းစားတာနဲ့ ကိုက်ညီရုံနဲ့ ဟုတ်ပြီမှန်ပြီလို့ မယုံကြည်သင့်ဘူးလို့ ပါထားတယ်။ ဒီနေရာမှာ ညီညီ့ကို သိပ္ပံသီဝရီတစ်ခုကို မှန်ကန်ကြောင်း ဘယ်လိုသက်သေပြကြသလဲလို့ မေးချင်တယ်။"
"လက်တွေ့စမ်းသပ်မှုနဲ့ သက်သေပြရတယ် ကိုကို"
"လက်တွေ့စမ်းသပ်မှုနဲ့ ကိုက်ညီတဲ့ သီဝရီကို လက်သင့်ခံ မယုံကြည်အပ်ဘူးလား"
"ယုံကြည်အပ်မယ် ထင်ပါတယ်"
"ဒါဖြင့်ရင် လက်တွေ့စမ်းသပ်မှုနဲ့ အကြိမ်ကြိမ်ကိုက်ညီပြီးသား သီဝရီတစ်ခုကို ကိုယ်က သံသယ၀င်နေရင် ဘယ်လိုလုပ်သင့်သလဲ ညီညီ"
"သေသေချာချာ ထပ်လေ့လာသင့်တယ် ကိုကို"
"ဟုတ်တယ်။ သိပ္ပံသီဝရီတွေဟာလည်းပဲ နားလည်ရခက်တာတွေ ရှိတယ်။ ဒါပေမဲ့ လက်တွေ့စမ်းသပ်မှုနဲ့ ကိုက်ညီတဲ့အတွက် မှန်ကန်တယ်လို့ လက်ခံထားရတာပဲ။
လက်တွေ့နဲ့ကိုက်ညီတဲ့ဝါဒ ဖြစ်ကြောင်း သက်သေပြထားပါလျက် ငါစဉ်းစားတာနဲ့ မကိုက်ညီလို့ အမှားကြီးပါလို့ ပြောရင်တော့ မရိုးသားရာ ရောက်တာပဲ။ ဒါကြောင့် မိမိရဲ့စဉ်းစားဆင်ခြင်စွမ်းအားကို အရာရာမှာ ၁၀၀ ရာခိုင်နှုန်း မမှတ်ယူသင့်ပါဘူး။"
"ဟုတ်ပါလေရဲ့ကိုကို။ ဘုရားရဲ့တရားတော်တွေဟာ လက်တွေ့ကျင့်သုံးအပ်တဲ့တရားတွေပဲ။ လက်တွေ့ကျင့်ကြံကြလို့ပဲ ရှေးရှေးက အရိယာ ရဟန္တာများပေါ်ပေါက်ကြတဲ့ သက်သေတွေ ရှိခဲ့ကြပြီပဲ။ လက်တွေ့နဲ့ ကိုက်ညီပြီးသားဖြစ်တာ အထိုက်အလျောက်တော့ လက်သင့်ခံသင့်တာပေါ့။"
"ဟုတ်တယ်။ လက်တွေ့နဲ့ ကိုက်ညီပြီးသား တရားတွေဖြစ်တဲ့ အတွက် အထိုက်အလျောက် လက်သင့်ခံဖို့ စွမ်းရင် လက်သင့်ခံဖို့ သင့်တယ်။ ဒါမှမဟုတ်ရင်တော့ ကာလာမသုတ်မှာ လက်တွေ့စမ်းသပ်ကြဖို့ တိုက်တွန်းထားသလို လက်တွေ့စမ်းသပ်ကြဖို့လည်း သင့်တယ်။"
"အချို့ကတော့ ဘယ်သူပြောတာမှ မယုံနဲ့ဆိုတဲ့ စကားမှာပဲ ရပ်နေကြတယ် ကိုကို"
"အင်း ဒီလောက်ပဲ ရပ်နေဖို့တော့ မသင့်ဘူးပေါ့။ သဘာဝလည်း မကျဘူး။ ကိုယ့်ဖာသာ စဉ်းစားတယ်ဆိုတာ အကုန်လုံးကိုတော့ မစဉ်းစားနိုင်ပေဘူး။ ဒီတော့ မှန်ကန်တယ်လို့ ယုံကြည်စရာ အထောက်အထားရှိတဲ့ တရားတွေကို ဟုတ်၏မဟုတ်၏ လက်တွေ့စမ်းသပ်ကြဖို့ သင့်တယ်လို့ ကိုကိုထင်တယ်။"
"ကိုကိုပြောတာလည်း သဘာဝကျပါတယ်။ ဒါပေမဲ့ အဲဒီကာလာမသုတ်မှာပဲ ကံကံ၏အကျိုးကို လက်ခံကြဖို့ စဉ်းစားစရာပေးထားတဲ့ အပိုင်းရှိသေးတယ် မဟုတ်လား ကိုကို"
"ကာလာမတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ဘူးလေ။ သူတို့ကို မကောင်းမှု ကောင်းမှုကို လက်ခံဖို့ စဉ်းစားစရာပေးရတာက ကံကံ၏အကျိုးကို ပစ်ပယ်ပြီး မကောင်းမှုပြုရင် ဒုက္ခရောက်စရာတွေ မြင်လို့ မြတ်စွာဘုရားက စဉ်းစားစေရတာပဲ။
လက်ဦးအားဖြင့်တော့ ဘယ်အယူဝါဒကိုမှ အတည်တကျအားဖြင့် လက်သင့်မခံနဲ့ဦး လက်တွေ့နဲ့ကိုက်ညီပြီး မှန်ကန်အကျိုးရှိမှပဲ အတည်တကျလက်ခံပြီး လိုက်နာကြဖို့ ဟောကြားထားတာပေါ့။"
"နောက်တော့ကော ကိုကို"
"တမလွန်ဘ၀ရှိမရှိကို ယုံမှားသံသယဆိုတာက လူတိုင်းလူတိုင်းမှာ အနည်းနဲ့အများ ဖြစ်မိကြတာပဲ။ ယုံမှားပေမဲ့လည်း ကုသိုလ်ကောင်းမှုကိုတော့ ပြုသင့်တယ်တဲ့။ ဒီလို မကောင်းမှုကိုရှောင် ကောင်းမှုကို ဆောင်ခဲ့လို့ရှိရင်
၁)တမလွန်လောကဟာ ရှိတယ်။ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးလည်းရှိတယ်ဆိုရင် သုဂတိဘ၀ကို ရမှာပဲတဲ့။
၂)အကယ်၍ တမလွန်လောကမရှိ။ ကံကံ၏အကျိုးလည်း မရှိဘူးဆိုရင်လည်းပဲ ယခုဘ၀မှာ ဘေးရန်မရှိ ကြောင့်ကျဆင်းရဲမရှိဘဲ နေရမှာပဲတဲ့။
၃)မကောင်းမှုကိုပြုရင် ပြုတယ်လို့ ရှိခဲ့ရင်လည်း မကောင်းမှုကို ကိုယ်က မပြုဖူးရင် မကောင်းကျိုးဆင်းရဲကို မတွေ့ထိနိုင်ပေဘူး။
၎)မကောင်းမှုကို ပြုရင် ပြုတယ်လို့ မရှိပါဘူးဆိုရင်လည်းပဲ ကိုယ်က မကောင်းမှုရယ် ကောင်းမှုရယ် ပြုတယ် မမည်တဲ့အတွက် နှစ်ပါးစုံ စင်ကြယ်တာပါပဲ တဲ့ဗျာ...။
ဒါကြောင့် မကောင်းမှုကို ကြဉ်ရှောင်ပြီး ကောင်းမှုကိုပြုတဲ့လူဟာ ယခုဘ၀မှာပဲ ထောက်တည်ရာကို ရပါသတဲ့။ အင်မတန် သဘာဝကျပြီး အပြစ်ကင်းတဲ့ တရားတွေပါပဲ။ မြတ်စွာဘုရားမိုလို့သာ ဒီလို ဟောနိုင်တာပဲ ညီညီ"
"အား ကိုကိုရေ.. ဒီတရားတွေကတော့ ဘာသာခြား ဘာသာမခြား ယုံကြည်သူ မယုံကြည်သူ အားလုံး စဉ်းစားလိုက်နာကြဖို့ ကောင်းတယ် နော်
"အစစ်ပဲ ညီညီ.. ဘာသာရှိသူပဲ ဖြစ်ဖြစ် ဘာသာမရှိသူပဲဖြစ်ဖြစ် ဘယ်ဝါဒရှင်ပဲ ဖြစ်ဖြစ် မကောင်းမှုကို ရှောင်ကြဉ်ပြီး ကောင်းမှုကို လုပ်ဆောင်ကြဖို့ သင့်တယ်။
အကယ်၍ မိမိလုပ်တဲ့ အပြစ်တွေကို ကြားထဲက ပုဂ္ဂိုလ်တစ်ဦးက ခံယူပေးသည်ထားဦး။ မကောင်းမှုကို ရှောင်ကြဉ်တဲ့အတွက် ယခုဘ၀မှာပဲ သိက္ခာသမာဓိရှိတဲ့ လူသူတော်ကောင်း ဖြစ်နိုင်တယ်။
ဒီလိုမှမဟုတ်ဘဲ မကောင်းမှုကို မရှောင်ကြဉ်ပဲ သူတစ်ပါး ကိုယ်စိတ်ဆင်းရဲ ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ ယခုဘ၀မှာကိုပဲ ထောင်ကျတန်းကျ ဒုက္ခတွေရောက်သွားနိုင်တယ်။ မိမိမယုံကြည်တဲ့ တမလွန်လောကဟာ တကယ်များ ရှိနေခဲ့ရင် ကံကံ၏အကျိုးကလည်း တကယ်ပဲ ရှိနေခဲ့ရင် နောင်ဘ၀များမှာ ကိုယ်ဟာ ဆင်းရဲဒုက္ခတွေ ရကုန်နိုင်တယ်။
ဘာပဲ ဖြစ်ဖြစ် မကောင်းမှုကို ရှောင်ကြဉ်ဖို့ ကောင်းမှုကို လုပ်ဆောင်ဖို့သင့်တယ်ဆိုတဲ့ စကားကတော့ စကြာဝဠာတရားပဲ ညီညီရေ"
"ကောင်းမှုမကောင်းမှုကို အားလုံးလက်ခံအောင် ဘယ်လိုဆက်စပ်ပြပြီး နားလည်စေသင့်သလဲ ကိုကို"
"အင်း..မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ဆက်စပ်ပြရင် ပိုကောင်းမယ်လို့ ထင်တယ်။ ဒါကတော့ ပညာရှိများ ဆွေးနွေးကြဖို့ပါပဲ။"
"ကံအကြောင်းကတော့ မစုံသေးဘူးထင်တယ် ကိုကို"
"မစုံသေးပါဘူး ညီညီရယ် လိုပါသေးတယ်"
Continue...

0 comments:
Post a Comment