* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 11, 2009

မြတ်စွာဘုရား၏ အနားက မခွာသော ၀က္ကလိရဟန်း

သာဝတ္ထိပြည်မှ ၀က္ကလိမည်သော ပုဏ္ဏားသည် ဆွမ်းခံကြွလာတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပြီး အလွန်နှစ်သက် ကြည်ညိုလှသောကြောင့် အမြဲမပြတ် ဖူးမြင်လိုသဖြင့် ရဟန်းပြုလေသည်။ ရဟန်းဘ၀ ရောက်သည်တွင် ဘုရားရှင် အနီးအပါးသို့သာ သွားရောက်ဖူးမြော်နေပြီး ပရိယတ္တိ ပဋိပတ္တိတို့ကို အားထုတ်ခြင်း မရှိပေ။

မြတ်စွာဘုရားက-ချစ်သားဝက္ကလိ၊ စက္ခုပသာဒဖြင့် ကြည့်မြင်တင့်တယ်သော ငါဘုရား၏ အပုပ်ကောင် ကိုယ်ထည်ကို ကြည့်နေ၍ အကျိုးမများ။ ငါဟောကြားသော တရားကို ထင်မြင်အောင် ပညာစက္ခုဖြင့် ရှု၍ အားထုတ်ခြင်းသာ ငါဘုရားကို ကြည်ညိုရာရောက်သည်-ဟု ဆုံးမတော်မူ၏။

သို့သော် ၀က္ကလိရဟန်းက မနာယူဘဲ လာမြဲသာလာ၍ ဖူးမြော်နေ၏။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်၍ ၀ါကပ်တော်မူသည့်နေ့၌ ၀က္ကလိ-သင်ကြိုက်ရာ အရပ်တပါးသို့ သွားလေတော့-ဟု နှင်ထုတ်လိုက်၏။
ဝက္ကလိရဟန်းသည် ငါ့အား မြတ်စွာဘုရားက ဖူးမြော် ချဉ်းကပ်စေခြင်း မပြုလျှင် သေခြင်းက မြတ်သေးသည်-ဟု တွေးတောကာ ဂိဇ္ဈကုဋ်တောင်ထိပ်မှ ခုန်ချသေတော့မည်ဟု ရည်ရွယ်၍ တောင်ထိပ်သို့ သွားလေသည်။

မြတ်ဗုဒ္ဓသည် ၀က္ကလိ၏အဖြစ်ကို ရွှေဉာဏ်တော်ဖြင့် ဆင်ခြင်သိတော်မူသည်။ ထို့ကြောင့် ၀က္ကလိ-မကြောက်လင့်၊ လာလော့၊ ငါသည် ညွှန်ပြောင်း၌ နစ်သော ဆင်ပြောင်ကို ကယ်တင်သကဲ့သို့ သင့်ကို ကိလေသာ ညွှန်ပြောင်းမှ ဆယ်ယူကယ်တင်အံ့-ဟု ရောင်ခြည်တော်လွှတ်၍ အားပေးတရား ဟောတော်မူသည်။ ထိုအခါ ၀က္ကလိသည် အားတက်၍ ကြီးစွာသော ပီတိဖြစ်ကာ ဟောကြားတော်မူသော တရားတော်ကို ဆင်ခြင်ရင်း ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေသည်။ ထို့နောက် ရှိခိုးလျက် မြတ်စွာဘုရားထံသို့ အရောက် သွားခဲ့ရာ မြတ်စွာဘုရားက အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
ပါမောဇ္ဇ ဗဟုလော ဘိက္ခု ၊ ပသန္နော ဗုဒ္ဓသာသနေ ။
အဓိဂစ္ဆေ ပဒံ သန္တံ ၊ သင်္ခါရူပသမံ သုခံ ။

( မြန်မာပြန် )
ဝမ်းမြောက်ခြင်း များစွာရှိ၍ မြတ်စွာဘုရား အဆုံးအမတော်၌ ယုံကြည်မြတ်နိုးသော ရဟန်းသည် သင်္ခါရတို့၏ ချုပ်ငြိမ်းရာ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရလေရာ၏။

( ဆောင်ပုဒ် )
မြတ်ဘုရား၏၊ ထူးခြားသာသနာ၊ ကြည်ညိုစွာဖြင့်၊ ကောင်းစွာချီးမြှောက်၊ ၀မ်းမြောက်ရွှင်လန်း၊ ထိုရဟန်းသည်၊ ကုန်ခန်းသင်္ခါရ၊ ဒုက္ခငြိမ်းရာ၊ နိဗ္ဗူတာသို့၊ မြဲစွာဧကန်၊ ရောက်ကြောင်းမှန်၏။

( ဘိက္ခုဝဂ် ၀က္ကလိတ္ထေရ၀တ္ထု )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP