*ချစ်လှစွာသော.. အမေ*
အမေရေ…
သတိရလိုက်တာ.. ဘာတွေ လုပ်နေလဲ အမေ.. အမေနဲ့ မတွေ့ရ တာတောင် တော်တော် ကြာသွားပြီနော်.. အမေ နေကောင်းရဲ့လား..အမေ သိလား.. ဒီနေ့ အမေ့ မွေးနေ့လေ.. ၇ လပိုင်း ၁၂ ရက်နေ့.. သား ဒီမွေးရက်ကို နှစ်တစ်ရာ ပြက္ခဒိန်က ရှာထားတာ.. အမေ့ကို မွေးနေ့ မေးတုန်းက အမေက မြန်မာလို မွေးရက်ကြီး ပြောတယ်.. ဒုတိယ ၀ါဆိုလဆန်း ၃ ရက်တဲ့.. နောက် ခုနှစ်က ၁၃၀၇ တဲ့လေ.. အဲဒီတုန်းက သားက မြန်မာလိုမှ ရက် မတွက်တတ် သေးတာ အမေရ.. အဲတော့ နှစ်တစ်ရာ ပြက္ခဒိန်ထဲ အမေ့မွေးနေ့ကို ပြန်ရှာရတာပေါ့..
သားမွေးနေ့ တုန်းကကော အမေ ဘာတွေ လုပ်သေးလဲ မသိဘူး.. အမေနဲ့ မတွေ့ဖြစ်တော့ မသိဘူး အမေ.. ဒါပေမယ့်လည်း သားမွေးနေ့ကို အမေရည်မှန်းလို့ ထုံးစံအတိုင်း ဘုန်းကြီးကျောင်း ဆွမ်းပို့မယ် ဆိုတာတော့ အမေ မပြောလည်း သားသိနေတယ် အမေ.. အမေ အဲဒီ ကုသိုလ်တွေ အမျှ ပေးချင်နေမှာ ပဲနော်.. သားလည်း နားထောင်ပြီး သာဓုခေါ်ချင် နေတာ.. နားမထောင်လိုက် ရဘူး.. ဘာပဲဖြစ်ဖြစ် နှလုံးသားချင်း နီးနေတာပဲ အမေရာ.. အမေ့ အမျှပေးသံ၊ မေတ္တာ ပို့သံတွေ သား အတိုင်းသား ကြားရပါတယ် အမေရယ်..သား ဒီနေ့ ပြန်တွေးမိတယ် သိလား အမေ.. သားကို မွေးတုန်းက အကြောင်းလေးလေ..
အဖေရှိတုန်းက သားကို ခဏခဏ ပြောပြတယ်.. အမေကတဲ့ သားကို မွေးတုန်းက အဖေ အနားမှာ မရှိလို့ ဆိုပြီး အဖေ့ကို အပြစ်တင် တယ်တဲ့.. အဖေက ဘာလို့ အနားမှာ မရှိတာလဲ ဆိုတော့ သွေးသွားရှာနေ လို့တဲ့.. သားကို မွေးရတာက ဗိုက်ခွဲပြီး မွေးရတော့ သွေးလိုနေ တာတဲ့.. သိလား အမေ.. အဖေ သားကို ပြောပြတာ.. နောက်ပြီး အဲတုန်းက အဖေ တော်တော် ရှာလိုက်ရ တယ်တဲ့.. မိုးတွင်းကြီး မိုးတွေကလည်း တဖြောက်ဖြောက်နဲ့.. အပြင်မှာ တော်တော် အေးဆိုပဲ.. ကုန်းကြောင်း လျှောက်ပြီး လိုက်ရှာရတာတဲ့..။
အမေရယ် ပြောရင်းနဲ့ အဖေ့ကိုတောင် သတိရလာတယ်.. သားလေ ဒီနေ့ အန်တီလေး တစ်ယောက်ရဲ့ အဖေ့ဂုဏ်ကို ရည်စူးပြီး ရေးသားတဲ့ ပို့စ်လေး တစ်ပုဒ် ဖတ်လိုက်ရတယ်.. အဖေ့ကို တော်တော် လွမ်းသွားတယ်.. ဖတ်ရင်းနဲ့ မျက်ရည်တွေလည်း ကျလာတယ်.. သားဒီလို ပြောလို့ အမေလည်း အဖေ့ကို သတိရသွားပြီး စိတ်မကောင်း ဖြစ်နေဦးမယ်.. မငိုနဲ့နော် အမေ.. သားကွယ်ရာ မှာလည်း မငိုပါနဲ့ အမေရယ်.. အမေငိုရင် သားမခံစား နိုင်လွန်းလို့ပါ..စကားတွေကတော့ ပြောကြတာပဲ အမေ.. သေသောသူ ကြာရင်မေ့တဲ့.. အဖေဆုံးတာ ခုဆို ၇-နှစ်တောင် ပြည့်တော့မယ်.. မမေ့ပါဘူး အမေရယ်.. ဂုဏ်ကျေးဇူး တွေလေ ဂုဏ်ကျေးဇူးတွေ.. ဘယ်မေ့လို့ ရပါ့မလဲ သားသမီး တစ်ယောက် အနေနဲ့..အဖေ နောက်တစ်ခု ပြောပြတာ ကျန်သေးတယ် သိလား အမေ.. ဟိုလေ.. အမေ အဖေနဲ့ အိမ်ထောင်ကျတော့ အမေ့ အဒေါ် သားရဲ့ ဖွားလေးတို့ ဘက်က သဘော မတူဘူးတဲ့.. နောက် အမေအပျို ဘ၀က စုဆောင်းထားတဲ့ ပစ္စည်းတွေလည်း ပြန်မပေးဘူး ဆိုပဲ.. ဒါတင် မကသေးဘူး.. သားကို မွေးတော့ မိဘခြေဆေးရေ အမေသောက်ဖို့ လိုတယ် ဆိုပြီး အဖေက အမေ့ရဲ့ အဖေ၊ သားရဲ့အဖိုးဆီ သွားတောင်းတော့ အမေ့ အဒေါ်က မပေးဘူးတဲ့.. အမေ့ အဖေနဲ့လည်း အတွေ့ မခံဘူးတဲ့လေ..
အဲဒါတွေ အမေ သိပြန်တော့လည်း မိဘ ညီအစ်ကို မောင်နှမတွေရဲ့ လျစ်လျူရှု ခံရတဲ့ အမေ့ အနေနဲ့ သွေးနုနု သားနုနု ဘ၀မှာ တော်တော်လေး ခံစားရမယ်ဆိုတာ သားအခု ခံစား သိနေတယ် အမေ..နောက် သားမှတ်မိတာ ရှိသေးတယ်.. သားကို မွေးတော့ ၉-ပေါင်တောင် ကျော်တယ်တဲ့.. အဖေ ပြောပြတာပဲ သားကို.. ဆန်ကောထဲလည်း ထည့်သိပ်လို့ မရဘူးတဲ့.. ပြောရင်းနဲ့ အဖေ့ကို မြင်ယောင်တယ် အမေရယ်.. ပြုံးပြုံးကြီး ထိုင်ပြီး သားကို ချစ်ရည်လူးတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လို့ ပြောပြနေရှာတဲ့ အဖေ့ ပုံရိပ်တွေလေ..အော် အမေ.. မေးရဦးမယ်.. သင်္ကြန်တုန်းက အမေ တရားစခန်း ၀င်သေးလား မသိဘူး.. သေချာတာတော့ အမေ ဥပုသ်စောင့်မှာပါ.. သားလည်း ဒီမှာ ဥပုသ် စောင့်တယ် အမေရ.. ဘယ်နှစ်ပါး ရလဲတော့ မသိဘူး..
မကျိုးအောင်တော့ သား တတ်နိုင်သလောက် ကြိုးစားပြီး စောင့်တယ် အမေ.. ဒါကလည်း အမေ့ရဲ့ ကျေးဇူးတွေပါ.. ငယ်ငယ်လေး ထဲက သားကို လိမ္မာရေးခြား ရှိလာအောင် ဆိုဆုံးမ ခဲ့လို့ပေါ့.. အမေ့ရဲ့ ကျေးဇူးတွေကို နည်းနည်းလေး ကြည်ညိုလိုက် ဦးမယ် အမေ.. သားမှတ်မိ သလောက်ပေါ့..ငယ်ငယ်လေး ထဲက မနက်ပိုင်းဆို သားရေ ထမင်းနဲ့ ဟင်းကျက်ပြီ.. ဆွမ်းတော်လေး ခူးပြီး ကပ်လိုက်ပါဦး သားရယ်.. နောက် ဘုရားပန်းတွေ ညှိုးလာရင်လည်း သားရေ အမေ့ကို ဈေးထဲ ဘုရားပန်း သွားဝယ်ပြီး ဘုရားပန်း လဲပေးပါဦး သားရယ်.. ဒီလိုလေးတွေ အမေ ခိုင်းပါ များတော့ သားရဲ့ ငယ်ရွယ် နုနယ်လှတဲ့ နှလုံးသားထဲကို ဘုရား တရား ကြည်ညိုတတ် စေဖို့ ရိုက်သွင်း ပေးလိုက်သလို ပါပဲ အမေ..နောက် အမေတို့ အဖေတို့ ဥပုသ်ကျောင်း သွားရင်လည်း သားကို ခေါ်သွားတယ်နော်.. သားကတော့ ငယ်သေးတော့ ဘယ်နားလည် ပါ့မလဲ..
ဒါပေမယ့် ဥပုသ်သည်တွေ ကျွေးတဲ့မုန့်ကို သားက စားချင်တော့ လိုက်တာပေါ့.. ဒီလို လိုက်ပါများတော့ သီလပေးတဲ့ ဆရာတော်ရဲ့ အသံ၊ တရားသံတွေကို သား နားယဉ်သွား တာပေါ့ အမေ.. သံဃာတွေနဲ့လည်း ရင်းနှီးခွင့် ရသွားတာပေါ့.. ဒါပေမယ့်လည်း အမေရယ် ခုတော့ အမေနဲ့ အတူတူ ဥပုသ်ကျောင်း သွားချင်ရင်တောင် သွားနိုင်ခွင့်က အမေ့ဘက် မှာရော သားဘက်မှာပါ မရှိဘူး အမေရယ်.. သူများတွေ ကတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ရတယ်တဲ့၊ တစ်ရွာမပြောင်း သူကောင်း မဖြစ်တဲ့.. အပြောတွေကတော့ လွယ်လိုက်တာ အမေရယ်..
ခုလို အမေနဲ့ ခွဲနေရတဲ့ သားတစ်ယောက် အနေနဲ့ကတော့ တစ်ရွာပြောင်းလို့ သူကောင်း ဖြစ်မဖြစ်တော့ မသိပါဘူး အမေ.. သေချင်တဲ့ကျား တောပြောင်းရ တယ်ပဲ အောက်မေ့မိပါ ပေါ့လား အမေရယ်..သံဃာတော်တွေကို ကြည်ညိုတတ် အောင်လည်း အမေသားကို သင်ပေးခဲ့သေး တယ်နော်.. အိမ်ကို ဆွမ်းခံကြွတဲ့ ဦးဇင်းတွေ၊ ကိုရင်လေးတွေကို ဆွမ်းလောင်းတဲ့ အမေရဲ့ ပုံရိပ်၊ နောက် ဆွမ်းလောင်း ပြီးတိုင်း ကိုရင်ဖြစ်ဖြစ် ဦးဇင်းဖြစ်ဖြစ် ထိုင်ကန်တော့တဲ့ အမေ့ရဲ့ ရှေ့ပြေး လုပ်ဆောင်မှု တွေက သားရေ ဒီလိုလုပ်ပါလို့ အမေ့ရဲ့ ပါးစပ်က ထုတ်မပြောဘဲနဲ့ သားရဲ့ သွေးသားထဲကို ဒီအကျင့် ကောင်းတွေ စီးမျောစေခဲ့တယ် အမေ..နောက်ပြီး ဒီနေ့ ဒီအချိန်အထိ သားမမေ့နိုင်တဲ့ ဆုံးမစကား တစ်ခွန်း ရှိသေးတယ်..
အမေ မှတ်မိဦး မလားတော့ မသိဘူး.. “သံဃာတွေ ဘာပဲဖြစ်နေ ဖြစ်နေ အပြစ် မပြောရဘူး၊ အပြစ် မမြင်ရဘူးနော် သား၊ သံဃာတွေ အပြစ်လုပ်ရင် သူတို့ အပြစ် သူတို့ ခံလိမ့်မယ်၊ ကိုယ်က အပြစ်မြင်ရင် ကိုယ်ပဲ အပြစ်ဖြစ်မယ် တဲ့လေ” ဘယ်တော့မှ မမေ့နိုင် တော့တဲ့ စကားလေးပေါ့ အမေရယ်..အမေ.. သားအခု ဘာတွေ လုပ်နေလဲ ဆိုတာကော အမေ မသိချင်ဘူးလား.. သိချင်မှာပေါ့နော် ကိုယ့်သား တစ်ယောက်တည်း(ထဲ) ရှိတာကို.. မဟုတ်ဘူးလား အမေ.. သားလေ ဒီရောက်မှ သူတော်ကောင်း တွေနဲ့ ပေါင်းဖော်မိတယ် အမေ..
မိတ်ဆွေကောင်း တွေပေါ့ အမေရယ်.. ဒီ သူတော်ကောင်းတွေ ထဲမှာ လူပုဂ္ဂိုလ် တွေလည်း ပါသလို ဘုန်းဘုန်းတွေ၊ ဦးဇင်းတွေလည်း ပါတယ် အမေရ.. ဒီလို မိတ်ဆွေ သူတော်ကောင်းတွေ ဆီကနေ နေ့တိုင်းနီးပါး တရားစကားတွေ ကြားနာခွင့်ရလို့ သားရဲ့ နဂိုက အရိုင်းအစိုင်း အသိလေးတွေ တဖြေးဖြေး ယဉ်ကျေး လာရတယ် အမေရယ်.. သားအပေါ်လည်း ကျေးဇူး တော်တော် များကြပါတယ် အမေ..။
နောက်ပြီး ဘုန်းဘုန်းတွေ ဟောကြားတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေ ကိုလည်း ဒီရောက်ပြီးမှ သား တော်တော်လေး နာဖြစ်တယ် အမေ.. အသိတွေက တိုးပြီးရင်း တိုးရင်းပေါ့။ အမေရယ်.. ဒီလို အသိလေးတွေ ရလာပြန် တော့လည်း အမေ့ကို ပြန်ပြောပြ ချင်လိုက်တာ.. သားသိသလို အမေ့ကိုလည်း သိစေချင်လိုက်တာ.. အစိုးမရတဲ့ အရာတွေကြားမှာ အမေ့ကို သားသိတာ လေးတွေ ပြောပြနိုင်ဖို့ အချိန်မှီပါ့ ဦးမလား အမေရယ်..
အမေ.. သားအခု အမေ့ဆီကို စာရေးရင်းနဲ့ သားရဲ့ လက်သည်းလေး တွေကို စမ်းမိတယ်.. သိလား အမေ.. အဲဒီတော့လည်း အမေနဲ့ အတူရှိစဉ်က အမေ့ရဲ့ လက်သည်းလေး တွေကို တယုတယ ညှပ်ပေးခဲ့ရ တာလေးတွေ သားရဲ့ အတွေးရိပ်မှာ ပြန်ပေါ်လာ ပြန်တယ် အမေ.. ဒီလို အလုပ်လေးတွေက အစ သားကို ကုသိုလ်ရစေဖို့ အမေ သင်ပေးခဲ့ တယ်နော်..
ပြောရင်းနဲ့ အမေ့ဆီ ပြေးလာပြီး အမေ့လက်သည်း လေးတွေကို ညှပ်ပေးချင် လိုက်တာ အမေရယ်..အမေ.. နေမှ ကောင်းရဲ့လား အမေရယ်.. နေကောင်းအောင် နေနော် အမေ.. သားကိုချည်း လွမ်းမနေနဲ့ဦး.. သားပေးခဲ့တဲ့ တရားခွေလေး တွေကော နာရဲ့လား အမေ.. ဘေးနားမှာက တိုက်တွန်းမယ့်သူ မရှိတော့ အမေ တရားနာဖို့ကော သတိမှ ရရဲ့လား အမေရယ်.. သား အနားရှိရင်တော့ အရင်လို အမေ့ကို တရားခွေ လေးတွေ ဖွင့်ပြ၊ တရားစာ လေးတွေ ဖတ်ပြ လုပ်ပေးနိုင် တာပေါ့ အမေ..
ခုတော့ အဲလို လုပ်ပေးချင်ပေမယ့် သားက အဝေးမှာလေ.. ကံကြမ္မာကြောင့် ခွဲနေရပေမယ့် စိတ်မကောင်းဘူး အမေရယ်..ဟိုတစ်ခါ တုန်းကလေ အမေနဲ့သား စကားပြောဖြစ် တုန်းက အမေက သားကို ဖုန်းနံပါတ် တစ်ခု ပေးတယ်နော်.. အမေ့ကို ဆက်သွယ်ဖို့ ဆိုပြီးတော့လေ.. အဲဒီတုန်းက သားက “ဖုန်းနံပါတ်လည်း ပေးမနေပါနဲ့ အမေရာ၊ အမေ့ကို သား ဆက်ဖြစ်မှာ မဟုတ်ဘူး” ဆိုပြီး အမေ့ရဲ့ မေတ္တာတွေကို မျက်နှာလွှဲလို့ သား ပြောလိုက်မိတယ် အမေရယ်.. သားရဲ့ စကားတွေ ရင့်သီးသွားသလား အမေ.. အမေ့ရဲ့ မေတ္တာတွေကို စော်ကားရာများ ရောက်သွားသလား..
အမေ့ကို မချစ်လို့ သားဒီလို ပြောတာ မဟုတ်ပါဘူး အမေရယ်.. ချစ်လွန်းလို့ပါ.. သားနဲ့ ခွဲနေရတဲ့ ဒီ သုံးနှစ်တာ ကာလအတွင်းမှာ သား အမေ့ဆီကို ဖုန်း ခဏခဏ ဆက်နေရင် သားကို သတိရ စွဲလမ်းနေပြီး ဒီစွဲလမ်းစိတ်နဲ့ အမေ ဘ၀ကူးသွားမှာ၊ နှလုံးသွေး ရပ်သွားမှာကို သား စိုးရိမ်လို့ပါ အမေရယ်.. သားကို အဲဒီ အတွက် အပြစ်မယူပါနဲ့ အမေ.. အမေ အပြစ် မယူဘူးဆိုတာ သားသိပေမယ့် သားရဲ့ စကားတွေအတွက် သား စိတ်မသန့်ဘူး အမေ.. အဲဒီအတွက် အကြိမ်ကြိမ် အခါခါ ဦးချလို့ တောင်းပန် ပါရစေလား အမေ..အဲ.. သား အမေ့ကို ပြောစရာ ရှိသေးတယ် အမေရ.. သားအခုလေ ဟင်းချက်တတ်နေပြီ သိလား အမေ.. ကြက်သား၊ ၀က်သား၊ ငါး.. အစုံပါပဲ အမေရာ.. ဒီရောက်မှ ကိုယ့်ဟာကိုယ် ချက်စားရတာ များတော့ အလုပ်ကပဲ သင်ပေးသွား တာပေါ့ အမေ.. အမေရေ သားလေ အမေ့ကို ထမင်းဟင်းတွေ ကိုယ်တိုင် ချက်ကျွေး ချင်သေးတယ် အမေ.. သား တစ်သက်လုံး အမေ ချက်ကျွေး တာတွေပဲ ထိုင်စားလာရတာ မဟုတ်လား.. သား တစ်လှည့်တော့ ပြန်ချက်ကျွေး ပါရစေလား အမေ.. အမေချက်တဲ့ လက်ရာတွေကို မမှီပေမယ့် ပြန်ချက်ကျွေးခွင့်လေး တောင့်တမိ တာတော့ အမှန်ပါပဲ အမေရယ်…အမေ.. သားလေ တရားတွေ နာပါများ နှလုံးသွင်းပါ များတော့ ခုလိုမျိုး မိဘနဲ့ သားသမီး သံယောဇဉ်တွေ မှာလည်း တဏှာ စွက်နေသေးတယ် ဆိုတာကို သိလာရတယ် အမေ..
အစ်ကို တစ်ယောက် ကလည်း သားကို သံယောဇဉ်နဲ့ ပတ်သတ်တဲ့ စကား လက်ဆောင်လေး တစ်ခု ပေးဖူးတယ် အမေ.. သားက ကြောင်လေးတွေကို ချစ်တတ်တာ၊ သံယောဇဉ် ရှိတာကို ဒီအစ်ကိုက သိတာကိုး.. သံယောဇဉ်နဲ့ ပတ်သတ်တဲ့ သံဝေဂ စာသားလေးက ဒီလို အမေရေ.."သံယောဇဉ်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ၊ ဖြစ်ပြန်ပျက်ပြန် လောကဓံအရှိကို သဘောဉာဏ် မမိတဲ့ နှောင်အိမ်ကြီးပါ။" တဲ့လေ..မှန်တာပေါ့ အမေရယ်.. သားတို့ အမေတို့က လောကဓံရဲ့ ရိုက်ခတ်မှုတွေကို ခံစားနေရ ပေမယ့် သဘောဉာဏ်မှ မမိသေးကြတာ.. အဲဒီတော့လည်း ဒီသံယောဇဉ် တွေကို မဖြတ်နိုင် သေးတာ မဆန်းပါဘူး အမေ.. ဒါပေမယ့် လည်းလေ ဒီနောက်ပိုင်း သားအနေနဲ့ အသိလေးတွေတိုး ဘုရားရှင်ကို ပိုလို့ ကြည်ညို လာမိတော့ ရှင်တော် မြတ်ဘုရားရဲ့ စကားတွေအတိုင်း အပြည့်အ၀ လိုက်နာလို စိတ်တွေ၊ နားထောင်ချင် စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတယ် အမေ.. မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ အညီ နေနိုင်အောင်လည်း ကြိုးစား လာမိတာပေါ့..။ အမေရယ်.. အဲဒီလို အသိပေါ်လေ အမေ့ကိုလည်း သားသိသလို သိစေချင်လေပဲ အမေ..သားဘ၀မှာလေ အဖြစ်ချင်ဆုံး ဆန္ဒလေး တစ်ခု ရှိသေးတယ် အမေ.. အဲဒါကတော့ အမေ့ကို ကျေးဇူး အကျေ ဆပ်ချင်တာ.. တရားနဲ့လေ.. ဒီလို တရားနဲ့ ကျေးဇူး အကျေဆပ်လို့ အမေ့ကို ဘ၀ကူး ကောင်းစေချင် တာပါပဲ အမေရယ်.. အဖေ ဆုံးတုန်းကတော့ သားက အနားမှာ ရှိနေပေမယ့် အသိမရှိတော့ မပြောပြတတ်ခဲ့ ဘူးပေါ့.. ဒါပေမယ့်လည်း.. အမေ့ အလှည့် ကျရင်တော့ အဲဒီလို မဖြစ်စေချင် ပါဘူး အမေရယ်.. ဒါဟာ သားရဲ့ အပြင်းပြဆုံး ဆန္ဒလေးပါ.. အမေ့ရဲ့ နောက်ဆုံး အချိန်လေးမှာ အမေ့အနားမှာ နေလို့ အမေ့ကို တယုတယ ပြုစုယုယပြီး တရားစကား လေးတွေ ပြောပြချင်နေတယ် အမေ.. ဒီဆန္ဒလေးကို ကံကြမ္မာက မျက်နှာသာ မပေး၊ အမေ့ထက် အရင် ဒီလောကကြီး ထဲက သား ထွက်ခွါသွား ခဲ့ရလို့ အမေ့အနားမှာ သားမရှိခဲ့ရင် တောင်မှ အမေ ကိုယ့်ဘာသာကိုယ် နှလုံးသွင်းလို့ အသေဖြောင့်မယ့် နည်းလမ်းလေးနဲ့ ဘ၀ကို ဖြတ်သန်း သွားစေချင်တယ်
အမေရယ်..ဒီလို ဘ၀ရဲ့ နောက်ဆုံး အချိန်ကို အမေ အေးအေးဆေးဆေး ဖြတ်သန်းသွားနိုင်၊ မသွားနိုင်ကို သားသေချာ မသိပေမယ့် သားသိထားတဲ့ တရား အသိလေးတွေ ကိုတော့ အမေ မသေခင် ပြောပြခွင့် ရသွား ချင်သေးတယ် အမေ…အို.. အသင်လောက… ဒီလို ပြောပြခွင့်ကို အကျွန်ုပ် ရပါဦးမလား…၊ ကံကြမ္မာ ကကော အကျွန်ုပ်တို့ သားအမိဘက်က ရပ်တည်ပါ့မလား…၊ ပြောပြခွင့် ရခဲ့ရင်ကော အချိန်ကာလ ဘယ်လောက်များများ ပြောနိုင်ပါဦး မလဲ...။ ။
++++++++++++++++++++++++++++++++++++++++++++
အကျွန်ုပ်၏ ချစ်လှစွာသော အမေ ၆၄-နှစ်ပြည့် အမှတ်တရ ရေးသား ပူဇော်အပ်ပါသည်။အမေ့ဂုဏ်ကို ရည်မှန်းဦးခိုက်လျက်
လေးစားစွာဖြင့်ဖိုးသား

0 comments:
Post a Comment