* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 23, 2009

အောင်ပြီကွ... အောင်ပြီ...



အသုရိန္ဒကသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ ''ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ရဟန်းဂေါတမ၏ အထံ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြု သတဲ့'' ဟု အသုရိန္ဒက ဘာရဒွါဇ ပုဏ္ဏား ကြားသောကြောင့် အမျက်ထွက်သည် နှလုံးမသာသည် ဖြစ်၍ မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်လျက် ပရိသတ်အလယ် မဖွယ်မရာဖြစ်ကုန်သော ကြမ်းကြုတ်ကုန်သော စကားတို့ဖြင့် မြတ်စွာဘုရားကို ဆဲရေး၏၊ ခြိမ်းခြောက်၏။ ဤသို့ ဆဲရေး, ခြိမ်းခြောက်သည် ရှိသော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ ထိုအခါ၌ အသုရိန္ဒကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ''ရဟန်း အောင်ပြီ၊ ရဟန်း အောင်ပြီ'' ဟု ဆို၏-

ပုဏ္ဏား ကြမ်းကြုတ်သော စကားကို ဆိုသော သူမိုက်သည် စကားမျှဖြင့် သူ တစ်ပါးကို အောင်ပြီဟူ၍ အောက်မေ့၏၊ ပညာရှိပုဂ္ဂိုလ်၏ အကြင်သည်းခံမှုသည် ရှိ၏၊ ထိုသည်းခံမှုသည်သာ ထိုပညာရှိအား အောင်မြင်ခြင်း ဖြစ်၏။

အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူသည်သာ ထို အမျက်ထွက်သောသူကို ပြန်၍ အမျက်ထွက်ခြင်းကြောင့် ယုတ်မာ၏။ အမျက်ထွက် သူကို ပြန်၍ အမျက်မထွက်သူသည် အောင်နိုင်ခဲသော ရန်စစ်သည်ကို အောင်နိုင်သည် မည်၏။

အကြင်သူသည် အမျက်ထွက်သော သူတစ်ပါးကို သိသည် ရှိသော် သတိနှင့် ပြည့်စုံသည်ဖြစ်၍ အမျက်ကို ငြိမ်းအေး၏၊ (ထိုအမျက်ကို မတုံ့ပြန်သော သူသည်) မိမိသူတစ်ပါး နှစ်ဦးသားတို့၏အကျိုးစီးပွားကို ကျင့်သည် မည်၏။

အကြင်သူတို့သည် (သစ္စာလေးပါး) တရား၌ မသိမလိမ္မာကြကုန်၊ (ထိုသူတို့သည်) မိမိသူတစ်ပါး နှစ်ဦးသားတို့အား အမျက်ငြိမ်းစေသော ကုစားခြင်းအားဖြင့် ကုစားသူကို လူမိုက်ဟူ၍ မှတ်ထင်ကုန်၏''ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည် ရှိသော် အသုရိန္ဒက ဘာရဒွါဇ ပုဏ္ဏားသည် မြတ်စွာ ဘုရားအား အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏။ ရဟန်းအဖြစ်ကို ရလေ၏၊ ရဟန်းဖြစ်၍ မကြာမြင့်သေးသော အသျှင် အသုရိန္ဒက ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည် ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြုကြသော အမျိုးသားများ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံး ဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် ကောင်းစွာ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်ပြီးပြီ၊ မဂ် ကိစ္စကို ပြုပြီးပြီ၊ ဤမဂ် ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ'' ဟု သိ၏။

အသျှင် အသုရိန္ဒကဘာရဒွါဇသည်
ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။ 189

၃ - အသုရိန္ဒကသုတ်၊ အရဟန္တ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP