* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 23, 2009

ကလေးငယ်တို့ အတွေးကြွယ်ဖို့

အခုတလော မိုးက အလွန်ကောင်းပါတယ်။ တချို့ဘက်တွေမှာ လေပြင်းမုန်တိုင်းတွေတောင် ကျတယ်ဆိုပဲ။ မရပ်မနား ရွာနေတဲ့ မိုးရယ်၊ မိုးရွာကြားထဲက ပူအိုက်နေတဲ့ရာသီရယ်၊ တချက်တချက် ခပ်ကြမ်းကြမ်း ဝှေ့တိုက်တဲ့ လေပြင်းတွေရယ်က ရာသီဥတု ပုံမှန်မဟုတ်ဘူးဆိုတာ သိသာစေပါတယ်။ ဆရာဝန်ညီမကတော့ အိမ်က ကလေးတွေအားလုံးကို ကျန်းမာရေးဂရုစိုက်ကြဖို့ တတွတ်တွတ် မှာနေတတ်ပါတယ်။ အိမ်မှာ အထိန်းတော်အဖြစ် နေတဲ့ အဒေါ်လုပ်တဲ့ကျွန်မကတော့ သူ့ညွှန်ကြားချက်အတိုင်း ကလေးတွေ ခြင်ကိုက်မခံရအောင် အထူးဂရုစိုက်ပေးရပါတယ်။ ခုတလော အပြောများနေတဲ့ သွေးလွန်တုပ်ကွေးဆိုတာကြီးက ကြောက်စရာကောင်းအောင် ရေပန်းစားနေတယ် မဟုတ်ပါလား။

ဒီနေ့မနက်ခင်းမှာတော့ စိတ်မကောင်းစရာ သတင်းတခုက ဆီးကြိုလာပါတယ်။ မျက်နှာချင်းဆိုင် အိမ်က ဖူးမိုလွင်-ဆိုတဲ့ ကလေးမလေး မနေ့ည ၁၂-နာရီကျော်မှာ ဆုံးသွားသတဲ့လေ။ စိတ်ထဲမှာ ကလေးမလေးကို မြင်ယောင်လိုက်၊ မိဘဆွေမျိုးတွေရဲ့ စိတ်ထိခိုက်မှုကို စာနာလိုက်၊ ကိုယ့်တူသား နောင်မယ်တွေထဲကများ ဒီလိုဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ချောက်ချားလိုက်နဲ့ စိတ်မကောင်းလိုက်တာမှလေ။ ကလေးတွေ အိပ်ရာက နိုးလာတော့ ပိုဆိုးပါတယ်။ တူမအငယ်ဆုံးလေး မီးမီးက သူ့သူငယ်ချင်း သေပြီဆိုတာကို ၀မ်းနည်းပက်လက်နဲ့ ငိုနေတာ ဘယ်လိုမှ ချော့မရဘူး။ မီးမီးနဲ့ ဖူးမိုလွင်နဲ့က တတန်းတည်း သူငယ်ချင်းတွေကိုး။ သွေးလွန်တုပ်ကွေးဆိုတာကြီးက ဒီလောက်ပဲ ဆိုးရသလားကွယ်။ ကျွန်မလည်း မီးမီးကို ဘယ်လိုချော့ရမလဲ တွေးရင်း ငူငိုင်မိနေတာနဲ့ ကလေးတွေ ဘုရားရှိခိုးဖို့တောင် မဆော်သြနိုင်တော့ပါဘူး။ ခါတိုင်း ဒီအချိန်ဆို ကျွန်မတို့အဖွဲ့တွေ အကုန်လုံး မနက်ခင်းဘုရားရှိခိုးဖို့ ဘုရားခန်းကို ရောက်နေတဲ့အချိန်ပေါ့။

အန်တီလေး၊ ဒီခေတ်ကြီးထဲမှာ မသေတဲ့ဆေး ထွင်နိုင်ရင် ကောင်းမယ်နော်၊
ဟုတ်ပါ့ဟယ်၊ ဖူးမိုက ငယ်ငယ်လေးရှိသေးတာပဲ ဟာကို နော်၊
သေပြီဆိုရင် ဘယ်သူနဲ့မှ တွေ့လို့မရတော့ဘူးနော်၊
အန်တီလေး-ငယ်ငယ်လေးနဲ့ မသေအောင် လုပ်လို့ရလား ဟင်၊ သားပြောတာက အသက်ကြီးမှ သေချင်သေလေ၊ အခု မသေချင်သေးတာကို ပြောတာ၊

ကျွန်မ သူတို့အတွေးနဲ့ သူ့တို့အမေးကို ဖြေဖို့ပြင်ရပါသည်။ ဒီအချိန်မှာ ကျွန်မရဲ့အဖြေစကားက သူတို့အတွက် အရေးကြီးတာ ကျွန်မသိပါတယ်။ ဒါကြောင့်လည်း ဓမ္မပါလ လုလင်အကြောင်းကို သူတို့သတိရအောင် ပြန်ဖော်ပေးရင်းနဲ့ မေးခွန်းတွေ မေးမိတယ်။

ဓမ္မပါလ? သြော် မှတ်မိပြီ၊ မှတ်မိပြီ ဒိသာပါမောက္ခ ဆရာကြီးက သူ့ဆီမှာ ပညာလာသင်တဲ့ ဓမ္မပါလတို့ရွာကို လိုက်စုံးစမ်းတဲ့အကြောင်းလေ။
သြော် သားလည်းမှတ်မိပြီ၊ ပါလာတဲ့ တိရစ္ဆာန်ရိုးတွေကို ဓမ္မပါလ သေပြီ၊ ဒါ သူ့အရိုးတွေဆိုပြီး မိဘတွေကို ထုတ်ပြတော့ မိဘတွေက မယုံဘဲ ရယ်ကြတဲ့ဇာတ် မဟုတ်လား။

သိပ်ဟုတ်တာပေါ့၊ မကြီး ဆက်ပြောနိုင်လား၊
ပြောနိုင်ပါတယ် အန်တီလေးရဲ့၊ မိဘတွေက သူတို့ရွာမှာ ငယ်ငယ်လေးနဲ့သေတဲ့သူ မရှိဘူး၊ ဘာလို့လဲဆိုတော့ ဘုရားဟောတဲ့အတိုင်း-
ကောင်းတဲ့အကြံကိုပဲ ကြံတယ်၊
ကောင်းတဲ့အကျင့်ကိုပဲ ကျင့်တယ်၊
ကောင်းတဲ့အလုပ်ကိုပဲ လုပ်တယ်၊
ဒီလို သီလစင်ကြယ်ပြီး သူတော်ကောင်းတရားတွေကိုပဲ ကျင့်လို့ တရွာလုံး ဘယ်သူမှ ငယ်ငယ်နဲ့ မသေဘူးလို့ ဆရာကြီးကို ပြန်ပြောတယ်လေ။

တော်လိုက်တာ အန်တီလေး ပြောပြရကျိုးနပ်လိုက်တာ၊ အန်တီလေးတို့မှာ ငယ်ငယ်လေးနဲ့ မသေတဲ့နည်းကိုသိထားမှတော့ ရှေးလူတွေအတိုင်း ဒီအတိုင်း ဆက်ကျင့်ကြရုံပေါ့ ကလေးတို့ရဲ့၊
ထမင်း မှန်မှန်စားသလို ဘုရားကို မှန်မှန် ရှိခိုးပါ။
စိတ်ကောင်းကောင်း ထားပါ။
မိဘနှင့် ဆရာသမားကို ရိုသေပါ။
တနေ့တာလုပ်ခဲ့သမျှ စိတ်အရှုပ်အထွေးတွေကို ရသလောက် တရားထိုင်ပြီး ဆေးကြောပါ။
မင်းတို့ကို အကြာကြီး ထိုင်ခိုင်းတာ မဟုတ်ဘူးနော်။
ကိုယ့်မှာ အချိန်ရသလောက်ကလေးပဲ ထိုင်ခိုင်းတာ။
ဘာမှအမှတ်မရလည်း အကျင့်ဆိုတာလေး ဖြစ်သွားအောင် ပြောနေတာ။
အန်တီလေးစကားကို နားထောင်မယ်ဆိုရင် ကလေးတို့အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး အသက်ရာကျော်တောင် နေရဦးမှာ။

ကလေးတွေအားလုံးရဲ့မျက်နှာမှာ အားကိုးရာ ရသွားသလို လန်းဆန်းတည်ငြိမ်သွားပါတယ်။ မီးမီးလေးလည်း မျက်ရည်တွေ ကင်းစင်သွားပါပြီ။ ဘုရားရှင်ရဲ့စကားကို နားထောင်ပြီး ဘုရားရှင်ပြောတဲ့အတိုင်း ကျင့်ဖို့ဆိုရင် ပြောနေရုံနဲ့တွင် အပူစင်ပါတယ်။
တကယ်ကျင့်ရင် ချမ်းသာခြင်းကို ရောက်ပါတယ်။
ကျင့်ပြီးသွားရင် လွန်စွာငြိမ်းချမ်းတယ်ဆိုတာ သူတို့လေးတွေရဲ့ ရင်ထဲမှာ တစိမ့်စိမ့်ယုံကြည်ပျံ့နှံ့သွားဖို့က ကျွန်မတို့ လူကြီးတွရဲ့ တာဝန် မဟုတ်ပါလား။

( မီမိုး )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP