* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 1, 2009

အာဇီဝဋ္ဌမကသီလနှင့် စပ်လျဉ်း၍…

Q. ဘုန်းဘုန်း ဖိုးသား တစ်ခု သိချင်လာလို့ပါ.. ၁) အာဇီဝဋ္ဌမက သီလနဲ့ ပုံမှန် ရှစ်ပါးသီလနဲ့ ဘယ်ဟာက ပိုမြတ်ပါသလဲ ဘုန်းဘုန်း.. ၂) အာဇီဝဋ္ဌမက သီလမှာ ၀ိကာလ ဘောဇနာမပါ၊ ပုံမှန် ရှစ်ပါးသီလမှာ ကျတော့ ကုန်းတိုက်၊ ကြမ်းတမ်း၊ အနှစ်မရှိတဲ့ စကားတွေ ပြောဆိုတာ ရှောင်ကြဉ်တာ စသဖြင့်မပါ၊ ဒါမှ မဟုတ် မုသာဝါဒ မှာပဲ အဲဒီ ကုန်းတိုက် စကားတွေ ဘာတွေ ရှောင်ကြဉ်တာ ပါသွားသလား ဘုန်းဘုန်း.. ၃) နောက် အာဇီဝဋ္ဌမက သီလနဲ့ ပုံမှန် ရှစ်ပါးသီလကို ရောသမမွှေပြီး စောင့်ထိန်းချင်သူအဖို့ ဘယ်လို လုပ်သင့်ပါသလဲ ဘုန်းဘုန်း၊ ၄) အာဇီဝဋ္ဌမက သီလရဲ့ နောက်ဆုံး အချက် မိစ္ဆာဇီဝါကိုရှောင်တာက အရက်သေစာ သောက်စားတာတွေပါ ရှောင်ကြဉ်တာ ပါတယ်လို့လည်း ပြောကြတယ်..အဲဒါကော ဟုတ်ပါသလား ဘုန်းဘုန်း။ ဖိုးသား သိချင်တာက သီလက သူ့ဟာသူနေရင်း မကျူးလွန်တာထက် ခံယူဆောက်တည်ပြီးမှ မကျူးလွန်တာကမှ သီလမည်တယ်၊ သီလဆောက်တည်တယ်လို့ ဖတ်ဖူးတော့.. ရောသမမွှေသီလကျတော့ ဘယ်လို ဆောက်တည်ရမလဲ ဘုန်းဘုန်း.. ဘုန်းဘုန်း အားရင်၊ အဆင်ပြေရင် ဖြေကြားပေးပါဦး.. ဖိုးသားကို
ဖိုးသားကြောင့် ဘုန်းဘုန်း အလုပ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် ဘုန်းဘုန်း။ ဖိုးသား သိချင်လာလို့ပါ။
ဘုန်းဘုန်းကျန်းမာပါစေ
ရိုသေစွာဦးတင်လျက်
ဖိုးသား
စိန့်ပီတာစဘတ်၊ ရုရှား


A. မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ အာဇီဝဋ္ဌမက သီလအဖွင့်ကို ကိုးကားပြီး ပြောရရင် “အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်အကိုင် အရောင်းအ၀ယ် ဟူသမျှကို ပါဠိလို အာဇီဝလို့ ခေါ်ပါတယ်။ မတရားသော ပစ္စည်းဥစ္စာရှာဖွေမှုကို မိစ္ဆာဇီဝလို့ ခေါ်ပါတယ်။ ရှစ်ပါးမြောက်ကို ပါဠိလို အဋ္ဌမလို့ ခေါ်ပါတယ်။ ပါဏာတိပါတာ ဝေရမဏိမှ စပြီးရေတွက်ပါက မိစ္ဆာဇီဝါ ဝေရမဏိသည် ၈ပါးမြောက်သိက္ခာပုဒ် ဖြစ်သဖြင့် မိစ္ဆဇီဝမှ ရှောင်ကြည်မှုလျှင် ရှစ်ပါးမြောက်ရှိသော သီလကို အာဇီဝဋ္ဌမကသီလလို့ ခေါ်ပါတယ်။
၁) အာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံကို ပါဠိတော်နဲ့ အဋ္ဌကထာများမှာ တိုက်ရိုက်မပြကြပါ။ ငါးပါးသီလစသည် ဆောက်တည်ပုံကို နည်းယူ၍ ရှေးပညာရှိကြီးများက ဖော်ပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရှစ်ပါးသီလနဲ့ ဒီအာဇီဝဋ္ဌမက သီလဘယ်ဟာက ပိုမြတ်သလဲ ဆိုတာထက် ရှစ်ပါးသီလဟာ ဥပုသ်နေ့များမှာ အထူးဆောက်တည်ရတဲ့ သီလမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဥပေါသထသီလလို့ ဆိုခြင်းပါ။ ဒီအာဇီဝဋ္ဌမက သီလကတော့ ငါးပါးသီလလိုမျိုး ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ ကျူးလွန်ရင် အပြစ်ရှိတဲ့ သီလမျိုးဖြစ်ပါတယ်။ ငါးပါးသီလဟာ သူတော်ကောင်းများ အမြဲစောင့်ထိန်းရမယ့် ကိုယ်ကျင့်သီလဖြစ်သလို အာဇီဝဋ္ဌမကသီလဟာလည်း အထက်တန်းသူတော်စင်တို့ အမြဲထိန်းရမယ့် ကိုယ်ကျင့်သီလဖြစ်ပါတယ်။ ဒါကြောင့် ဒီအာဇီဝဋ္ဌမကသီလကို ကျန်းဂန်များမှာ အာဒိဗြဟ္မစရိယသီလ (မဂ္ဂဗြဟ္မစရိယ၏ အစဖြစ်သောသီလ) လို့လည်း ခေါ်ပါတယ်။ အာဇီဝဋ္ဌမကသီလ လုံခြုံမှ မဂ်ဖိုလ်ရနိုင်ပြီး မလုံရင် မဂ်ဖိုလ်မနိုင်ဟု ဆိုပါတယ်။ ဒါကြောင့် ဒီအာဇီဝဋ္ဌမကသီလသည် မဂ်ဟူသော မြတ်သောအကျင့်၏ အစအခြေခံ သီလဖြစ်သည်ဟု မှတ်သားနိုင်ပါတယ်။

၂) အာဇီဝဋ္ဌမကသီလမှာ ၀ိကာလဘောဇနမပါတာဟာ ၀ိကာလာဘောဇနထက် ပိုပြီးအရေးကြီးတဲ့ အကုသိုလ်အပြစ်ကြီးတဲ့ သီလတွေကို အဓိကဦးစားပေး စောင့်ထိန်းစေလို၍ ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။ ရှစ်ပါးသီလမှာ ကုန်းတိုက်ချောပစ် အတင်းအဖျင်းများမှ ရှောင်ကြည်မှုဆိုတဲ့ သိက္ခာပုဒ်အမည်များသာ တိုက်ရိုက်မပါခြင်းဖြစ်ပါတယ်။ သီလဆောက်တည်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကာယကံ ၀စီကံ အကုသိုလ်တွေ မဖြစ်အောင် ထိန်းပေးခြင်းဖြစ်တဲ့အတွက် မပါသော်လည်း ၀စီကံအပြစ် မဖြစ်အောင်ထိန်းရပါတယ်။ ရှစ်ပါးသီလလို့ ခေါ်တဲ့ ဥပုသ်သီလဟာ သာမန်ပုဂ္ဂိုလ်များ ဥပုသ်နေ့များမှာ အထူးစောင့်စေလိုတဲ့အတွက် သတ်မှတ်ထားချက်ဖြစ်ပြီး အာဇီဝဋ္ဌမက သီလကတော့ အဆင့်မြင့်သူတော်စင်များ အမြဲစောင့်ထိန်းရမယ့် သီလသတ်မှတ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ဥပုသ်သီလမှာ အာဇီဝဋ္ဌမကသီလမှာပါတဲ့ စောင့်ထိန်းရခက်တဲ့ သီလများမပါဘဲ အာဇီဝဋ္ဌမက သီလမှာတော့ အသေးအဖွဲဖြစ်တဲ့ ၀ိကာလစတဲ့ သီလများ မပါခြင်းဖြစ်ပါတယ်။ ဘယ်မှာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အဓိကကတော့ သီလစောင့်ထိန်းမှုဟာ ကာယက၀စီကံ အမှုတွေမကျူးလွန်မိအောင် ထိန်းပေးခြင်းဖြစ်တဲ့အတွက် ကာယကံ ၀စီကံအမှုများကိုသာ ကောင်းအောင်ကျိုးစားနေရင် ဒီသီလအမျိုးမျိုးကို ထိန်းပြီးသားဖြစ်နေမှာပါ။

၃) အာဇီဝဋ္ဌမကသီလနဲ့ ရှစ်ပါးသီလကို ရောသမမွေပြီး စောင့်ထိန်းလိုပါက နှစ်ခုလုံးမှာပါတဲ့ သီလတွေကို မလွတ်အောင် စောင့်ထိန်းလိုက်ရုံပါပဲ။ သိပ်ရှုပ်နေမယ်ထင်ရင်တော့ မိမိရဲ့ ကာယကံဝစီကံနဲ့ ပတ်သက်တဲ့ အပြစ်တွေမဖြစ်အောင်သာ လုံခြုံအောင်ထိန်းလိုက်ပါ။ ဒါဆိုရင် ဒီသီလနှစ်မျိုးကို တစ်မျိုးစီ ဆောက်တည်နေတယ်လို့လည်း ပြောလို့ရသွားသလို ဒကာလေးပြောသလို ရောသမမွှေပြီး စောင့်တယ်လို့လည်း ပြောလို့ရသွားပါပြီ။

၎) အထက်မှာ ပြောခဲ့သလိုပဲ မိစ္ဆာဇီဝဆိုတာ မကောင်းသဖြင့် အသက်မွေးတာ၊ မတရားသဖြင့် အသက်မွေးတာလို့ ဆိုတဲ့အတွက် မိစ္ဆာဇီဝမှ ရှောင်ကြည်တာဟာ မကောင်းတဲ့ မတရားတဲ့ အသက်မွေးမှုမှ ရှောင်ကြည်တာပါ။ အရက်သေစာ သောက်စားမှုမှ ရှောင်ကြည်တာလို့ တိုက်ရိုက်မပြောသော်လည်း မိစ္ဆာဇီဝမှ ရှောင်ကြည်မှုမှာ အရက်သေစာသောက်စားမှုမှ ရှောင်ကြည်မှုကိုလည်း ထည့်သွင်းယူနိုင်ပါတယ်။ အရက်သောက်ပြီဆိုကတည်းက ကောင်းတဲ့အသက်မွေးမှုလို့ ပြောလို့မရနိုင်ပါဘူး။ မကောင်းသဖြင့် အသက်မွေးမှုလို့ ပြောလို့ရပါတယ်။ ဒါကြောင့် အရက်သေစာသောက်စားမှုကိုလည်း မိစ္ဆာဇီဝထဲမှာ ထည့်သွင်းယူနိုင်ပါတယ်။

မှန်ပါတယ်။ သီလဟာ ခံယူဆောက်တည်ပြီး စောင့်ရတဲ့သီလရှိသလို ခံယူသည်ဖြစ်စေ မယူသည်ဖြစ်စေ စောင့်ရမယ့် သီလမျိုးလည်း ရှိပါတယ်။ ခုနပြောခဲ့သလို ငါးပါးသီလနဲ့ အာဇီဝဋ္ဌမကသီလတွေကတော့ ခံယူသည်ဖြစ်စေ မယူသည်ဖြစ်စေ စောင့်ရမှာဖြစ်ပြီး ဥပုသ်သီလမျိုးကတော့ သီးသန့်ခံယူပြီး စောင့်ထိန်းရမှာဖြစ်ပါတယ်။ ရောသမမွေသီလကို ခံယူဆောက်တည်လိုရင်တော့ ကိုယ်ခံယူလိုတဲ့ သီလအရေအတွက်ကို လိုက်ပြီး ငါးပါးသီလ ခံယူပုံအတိုင်း “အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ (ရှစ်ပါးဆိုရင် အဋ္ဌင်္ဂသမ္ပန္နာဂတသီလံ၊ ကိုးပါးဆိုရင် န၀င်္ဂသမ္ပန္နာဂတသီလံ စသည်) ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ စသဖြင့် ခံယူဆောက်တည်နိုင်ပါတယ်။ ပြီးတော့မှ စောင့်လိုတဲ့ သီလသိက္ခာပုဒ်များကို ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဓိယာမိ စသည်ဖြင့် ဆောက်တည်နိုင်ပါတယ်။

အင်း… ဒကာလေး မေးလို့သာ အားလုံးကို ပြည့်စုံအောင် ဖြေပေးလိုက်ရတာပါ။ ရောသမမွေဆိုတဲ့ စကားလုံး အသုံးကိုတော့ သဘောမကျပါဘူး။ သီလဆောက်တည်မှုကို ကိုယ်လုပ်ချင်သလို ဟိုရွေ့ဒီရွေ့ ဟိုပြောင်းဒီပြောင်း ဟိုပေါင်းဒီပေါင်း လုပ်တာမျိုးမဖြစ်ပါစေနဲ့။ သိပ်ရှုပ်နေတယ်ထင်ရင် ခုနပြောသလို ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံတွေကိုသာ အကောင်းဆုံးဖြစ်အောင် လုံခြုံအောင်စောင့်ထိန်းဖို့ ကြိုးစားကြည့်ပါ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP