* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 22, 2009

မောင့်မှာ ရဟန်းဖြစ်သောကြောင့်

သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများနှင့် မာတုဂါမတို့အကြား ဆက်ဆံရေးနှင့်ပတ်သက်၍ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီး အရှင်အာနန္ဒာက ဘုရားရှင်အားလျောက်ထားလို့ ဗုဒ္ဓမြတ်စွာက ပြန်လည် မိန့်ကြားခဲ့တဲ့ စကားတော် ဖြစ်ပါတယ်။

အာနန္ဒပုစ္တကထာ-
“ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမာ”တိ။“ အဒဿနံ အာနန္ဒာ”တိ။ “အဒဿနေ ဘဂ၀ါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗ”န္တိ။ “အနာလောပေါ အာနန္ဒာ”တိ။ “အာလပန္တေ ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗ”န္တိ။ “သတိ အာနန္ဒေ ဥပဋ္ဌာပေတဗ္ဗာ”တိ။ (မဟာပရိနိဗ္ဗာနသုတ္တ)

(အရှင်အာနန္ဒအမေး=မြတ်စွာဘုရား အမျိုးသမီးများနှင့် ပတ်သက်၍ ဘယ်လိုကျင့်ကြံနေထိုင်ရမလဲဘုရား?
ဘုရားရှင်အဖြေ= မတွေ့အောင်နေ အာနန္ဒာ။
အရှင်အာနန္ဒအမေး= တကယ်လို့ မဖြစ်မနေ တွေ့ရရင်ကောဘုရား?
ဘုရားရှင်အဖြေ= မဖြစ်မနေတွေ့ရရင်တောင် မလိုလားအပ်တဲ့ စကားတွေ မပြောပါနဲ့။
အရှင်အာနန္ဒာအမေး= တကယ်လို့ စကားမပြောမဖြစ်လို့ ပြောရရင်ကောဘုရား?
ဘုရားရှင်အဖြေ= တကယ်လို့ စကားမပြောမဖြစ်လို့ ပြောရရင် အမေအရွယ်ကို အမေလိုသဘောထား၊ အမအရွယ်ကို အမလို သဘောထား၊ ညီမအရွယ်ကို ညီမလို သဘောထားပြီး လိုအပ်တာကိုသာ ပြောဆို ဆက်ဆံပါ အာနန္ဒာ။)
ဒါကတော့ ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံတော်မူခါနီး အရှင်အာနန္ဒာမေးလျှောက်လို့ ဘုရားရှင်မိန့်ကြားခဲ့တဲ့ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများအတွက် အမျိုးသမီးများအပေါ် ပြောဆိုဆက်ဆံရေးပါ။

အခု မေမေ့လပြည့်ဝန်းလေးတင်ပြချင်တာက ဗုဒ္ဓမြတ်စွာရဲ့ အထက်ပါ မိန့်မှာချက်ကို မလိုက်နာသဖြင့် ဆိုးကျိုးအနေနဲ့ သရုပ်ဖော်ထားတဲ့ ဘာသာရေးနှင့် ဆိုင်တဲ့ မောင့်မှာ ရဟန်းဖြစ်သောကြောင့် ဇာတ်ကားဖြစ်ပါတယ်။

သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများအတွက် အမျိုးသမီးများအပေါ် ဆက်ဆံရေးနှင့်ပတ်သက်၍ သိသင့်တဲ့ ဗဟုသုတဖြစ်ဖွယ် ဖြစ်ပါတယ်။ ဒီဇာတ်ကာလေး ရခဲ့ပုံကတော့ (၂၀၀၈)ခုနှစ်က မန္တလေးတောင်ခြေ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး၌ ကျင်းပသော (၁၇) ကြိမ်မြောက် ရွှေကျင်အစည်းအဝေးကြီးမှာ မေမေ့လပြည့်ဝန်းလေး သီတဂူရဲ့ကွန်ပျူတာဌာန ဓမ္မလုပ်အားပေးအနေနဲ့ ပါဝင်ကုသိုလ်ယူခွင့် ရခဲ့ပါတယ်။
အဲဒီအစည်းအဝေးပွဲကြီးမှာ မေမေ့လပြည့်ဝန်းလေးက ကွန်ပျူတာဌာနမှာဆိုတော့ စာစီစာရိုက်၊ ပရင့်ထုတ်၊ ကော်ပီကူးတာဝန်အနေနဲ့ ထမ်းဆောင်ရတာပါ။ ကြွလာတဲ့ ဆရာတော်တို့အတွက် လိုအပ်တဲ့ စာစီစာရိုက်ခြင်း၊ ပရင့်ထုတ်ပေးခြင်း၊ ကောက်ပီကူးပေးခြင်းစသည်များကို လုပ်ဆောင်ရပါတယ်။
ဒုတိယမြောက်နေ့မှာ မေမေ့သားလေးကို အခုတင်ပြမည့် သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့အတွက် မှတ်သားဖွယ် စီဒီတစ်ခွေကို ဦးဇင်းငယ်တစ်ပါးက လာကူးခိုင်းပါတယ်။ မေမေ့လပြည့်ဝန်းလေးလည်း အစကတော့ ဒီဇာတ်ကားခွေဟာ အစည်းအဝေးနှင့် မဆိုင်တော့ မလုပ်ပေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ခဏအကြာမှာ ဂေါပကဒကာကြီးတစ်ယောက်က ၀င်လာပြီး သူလည်း ဒီဇာတ်ကားကြည့်ပြီးပီတဲ့။ ဦးဇင်းတို့အတွက် တကယ်ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်တယ်လို့ ၀င်ပြောတော့ မေမေ့လပြည့်ဝန်းလေးလည်း နဲနဲစိတ်ဝင်းစားလာပြီး အမြည်းစမ်းကြည့်ရင်း ညီတော်နောင်တော်တွေအတွက်လည်း တကယ်ကြည့်သင့်တဲ့ ဇာတ်ကားပဲဆိုပြီး မေမေ့လပြည့်ဝန်းလေး ကွန်ပျူတာထဲ ကော်ပီကူးထည့်ခဲ့ပါတယ်။
နောက် အစည်းအဝေးလည်းပြီးတော့ တက္ကသိုလ်ကို ပြန်ရောက်တယ်ဆိုပါတော့။ အဲဒီမှာ နီးစပ်ရာ ညီတော်နောင်တော်တွေကိုလည်း ဗဟုသုတအဖြစ် ကြည့်ရှုရအောင် ဝေငှခဲ့ပါတယ်။
အခု မေမေ့လပြည့်ဝန်းလေး အိန္ဒိယကို ပြန်ရောက်တော့ မေမေ့လပြည့်ဝန်းလေး ဘလော့ဂ်မှာ တင်ပြရရင်ကောင်း/မကောင်း စဉ်းစားနေတာ ကြာပါဘီ။ ဒါပေမယ့် အခုတော့ တိုက်ဆိုက်မှုဇာတ်လမ်းကလည်းပေါ်လာတော့ တင်ပြသင့်တယ်လို့ ယူဆပြီး ၀က်ဘ်ဆိုက်တစ်ခုမှာ uploadလုပ်ကာ တင်ပေးလိုက်ပါတယ်။ သာသနာ့ဝန်ထမ်း ညီတော်နောင်တော် အချင်းချင်း “ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြ လုပ်တာတော့ မဟုတ်ပါဘူး”။ သိသင့်တာကို ရှယ်ယာလုပ်လိုတဲ့ စေတနာသက်သက်မျှသာပါ။

အင်း..တိုက်ဆိုင်မှုဇာတ်လမ်းလေးကိုလည်း ဖတ်ရှုချင်တယ်ဆိုရင် ပုံပေါ်ကို ကလစ်ပြီး ဖတ်ရှုနိုင်ပါတယ်။ weekly Elevenဂျာနယ်မှာ ပါခဲ့တဲ့ သတင်းပါ။





အဲဒီတော့ ဗဟုသုတအဖြစ်မောင့်မှာ ရဟန်းဖြစ်သောကြောင့်ဇာတ်ကားကို ကြည့်ရှုလိုက အောက်ကပုံလေးပေါ်ကို ကလစ်ပြီး အားပေးနိုင်ပါတယ်။ Player-အောက်မှာ Zoom (320)ထားပြီး ကြည့်ရင်တော့ အဆင်ပြေပါတယ်။ တကယ်လို့ တိုက်ရိုက်ကြည့်မရရင် ဒေါင်းလော့ဒ် လုပ်ပြီး ကြည့်နိုင်ပါတယ်လို့ အသိပေးပါရစေ။

အဲဒီတော့ ဒီဇာတ်ကားလေးကြည့်ပြီးရင်

ပျိုမျစ်နုနယ်၊ လှမျိုးသွယ်ကို၊

ချစ်လျှက်သာ ခွဲရပါသည်။

ကမ္မ၀ါထမ်း ရွှေစာကျမ်းနှင့်၊

မောင့်မှာ ရဟန်းဖြစ်သောကြောင့်ပါလို့ ပြောမလား?

မောင်မှာ မနေနိုင်လို့ပါလို့ ပြောမလား?


ကြည့်ရှုပြီး အသိပညာဗဟုသတကြွယ်ဝကာ လူနောက် အသိလိုက်နိုင်ကြပါစေ...



မေတ္တာဖြင့် မေမေ့လပြည့်ဝန်းလေး





0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP