ဟေတုပစ္စည်း
ဟေတုပစ္စည်းဆိုတာ ပိဋကတ်သုံးပုံတို့တွင် အဘိဓမ္မာပိဋကတ်မှာပါတဲ့ ပစ္စည်းတရားဖြစ်ပါတယ်။ အဘိဓမ္မာပိဋကတ်ထဲကလည်း အဘိဓမ္မာ (၇)ကျမ်းတို့တွင် ပဋ္ဌာန်းကျမ်းတွင်ပါဝင်သော ပစ္စည်းတရားဖြစ်ပါတယ်။
ပစ္စယနိဒ္ဒေသပါဠိတော်လာ ဟေတုပစ္စည်းကို တင်ပြပါတော့မယ်။
ဟေတုပစ္စယောတိ။
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ဟေတုပစ္စယောတိ = ဟေတုပစ္စည်းဟူသည်ကား၊ ဟေတူ = ဟိတ်ခြောက်ပါးတို့သည်၊ ဟေတုသမ္ပယုတ္တကာနံ = ဟိတ်ခြောက်ပါးနှင့်ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ = သဟိတ်စိတ် ဧကသတ္တတိ ၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ဒွေပညာသ ၅၂-ပါးတို့အားလည်းကောင်း၊ တံသမုဋ္ဌာနာနံ = ထိုဟိတ်နှင့်ယှဉ်ကုန်သော စိတ် စေတသိက်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ ရူပါနဉ္စ = သဟိတ်စိတ္တဇရုပ် သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်တို့အားလည်းကောင်း၊ ဟေတုပစ္စယေန = ဟေတုပစ္စယသတ္တိဖြင့်၊ ပစ္စယော+ဥပကာရကော = ကျေးဇူးပြုသည်၊ ဟောတိ = ဖြစ်၏။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း။
ကျေးဇူပြုသည်ဟု ဆိုရာ၌ -
(က) မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊
(ခ) ဖြစ်ပေါ်ပြီးသည်ကို တည်နေစေခြင်း၊
(ဂ) တည်နေသည်ကို တိုးပွားစေခြင်း - တို့ပင်တည်း။
(၎င်းဟေတုပစ္စည်းသည် သဟဇာတမျိုး၌ ပါဝင်၏။)
ပစ္စည်း = လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ-ဟူသောဟိတ်ခြောက်ပါး။
ပစ္စယုပ္ပန် = သဟိတ်စိတ် ၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော ၎င်းစိတ်တို့နှင့်ယှဉ်သော စေတသိက် ၅၂-ပါး၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်။
(သင်္ဂြိုဟ်ဆိုင်ရာ မှတ်သားဖွယ်အချို့ကို အလျှင်းသင့်သလို ထည့်သွင်းတင်ပြသွားပါမယ်။ အဘိဓမ္မာကိုလည်း လေ့လာကြပါ။)
{ စိတ်ကို အကျဉ်း ၈၉-ပါး၊ အကျယ် ၁၂၁-ပါးဟူ၍ ခွဲထားပါတယ်။ ဟိတ်မရှိသောစိတ်များကို အဟိတ်စိတ်များဟု ခေါ်ပါတယ်။ အဟိတ်စိတ် ၁၈-ပါးရှိ၏။ ဟိတ်ပါဝင်သော စိတ်များကို သဟိတ်စိတ်များဟု ခေါ်ပါတယ်။ သဟိတ်စိတ် ၈၉-၁၈= ၇၁-ပါးရှိ၏။
အကုသိုလ်စိတ် ၁၂-ပါး၊ ကာမသောဘဏစိတ် ၂၄-ပါး၊ ရူပါဝစရစိတ် ၁၅-ပါး၊ အရူပါဝစရစိတ် ၁၂-ပါး၊ လောကုတ္တရာစိတ်အကျဉ်း ၈-ပါး၊ ပေါင်း ၇၁-ပါးတို့ ဖြစ်ကြပါတယ်။
အရူပဘုံ၌ဖြစ်သော စိတ်၊ ပဋိသန္ဓေစိတ်၊ ဒွေပဉ္စဝိညာဏ် ၁၀၊ ပရိနိဗ္ဗာနစုတိစိတ်၊ ဤစိတ်တို့ကိုကြဉ်၍ ကြွင်းသောစိတ် ၇၅-ခုနှင့် ၎င်းတို့၌ ယှဉ်ကြသော စေတသိက် ၅၂-ခုတို့က စိတ္တဇရုပ်ကို ဖြစ်စေကြပါတယ်။ 'ရဟန္တာတို့ရဲ့ စုတိစိတ်မှတစ်ပါး အားလုံးသော သတ္တဝါတို့၏ စုတိစိတ်သည် ရုပ်ကိုဖြစ်စေနိုင်သည်'-ဟု အဋ္ဌကထာတွင် ဖွင့်ဆိုထားတာနဲ့အညီ စိတ္တဇရုပ်များက စုတိစိတ်၏ ဥပါဒ်ခဏ၌ နောက်ဆုံးဖြစ်ကြပါတယ်။ အဲဒီနောက်ဆုံးဖြစ်တဲ့ စိတ္တဇရုပ်များက စုတိစိတ်ချုပ်ငြိမ်းသွားတဲ့အခါ ခဏငယ် ၃-ချက် ရုပ်သက်ရခဲ့ပြီး နောက်ထပ်ခဏငယ် ၄၈-ချက် အသက်ရှည်ကြပါတယ်။ ဒါကြောင့် စိတ္တဇရုပ်များဟာ စုတိစိတ်နှင့် ကမ္မဇရုပ်တို့ ချုပ်ငြိမ်းပြီးနောက် ခဏငယ် ၄၈-ချက်မှာ အပြီးသတ် ချုပ်ငြိမ်းကြပါတယ်။
ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ ခဏမစဲ မြစ်ရေအလျဉ်ကဲ့သို့ ကမ္မဇရုပ်ကို ဖြစ်စေပါတယ်။ ကမ္မဇရုပ်တွေက စုတေခါနီးသောအခါ ကမ္မဇရုပ်ဆုံး၍ တစ်ဘဝဆုံးလေသောကြောင့် စုတိစိတ်အထက် နောက်ပြန်ရေတွက်လျှင် ၁၇-ချက်မြောက် စိတ်၏ ဌီခဏမှစ၍ ကမ္မဇရုပ်များ မဖြစ်ကြတော့ပါဘူး။ အဲဒီ ၁၇-ချက်မြောက်စိတ်၏ ဥပါဒ်ခဏ၌ နောက်ဆုံးဖြစ်ကြသော ကမ္မဇရုပ်များက စုတိစိတ်၏ ဘင်ခဏ၌ ၁၇-ချက် ရုပ်သက်စေ့ရလို့ စုတိစိတ်နှင့် ပြိုင်၍ ချုပ်ကြပါတယ်။
ဒါကြောင့် တစ်ဘဝအတွက် ကမ္မဇရုပ်နှင့် စုတိစိတ်တို့ဟာ ဘင်ခဏ၌ ချုပ်ငြိမ်းမှသာလျှင် အဘိဓမ္မာသဘောအရ ဘဝဆုံးသည်ဟု ခေါ်ရပါတယ်။ ကမ္မဇရုပ်များတွင် ပါသော ဇီဝိတရုပ်က 'ရုပ်သက်' ဖြစ်ပါတယ်။ စိတ်နှင့် စေတသိက်များမှာလည်း ဇီဝိတိနြေ္ဒစေတသိက်ဟု ခေါ်သော 'နာမ်သက်' ရှိပါတယ်။ တစ်ဘဝအတွက် ထိုရုပ်သက်နှင့် နာမ်သက်တို့ တစ်ပြိုင်နက် အပြီးသတ် ချုပ်ငြိမ်းတာကိုပဲ 'အသက်ကုန်သည်' (ဝါ) စုတေသည်ဟု ခေါ်စမှတ်ပြုကြပါတယ်။ }
ဟေတုသမ္ပယုတ္တကာနံ-ဟူ၍သာ ဟောတော်မမူဘဲ ဟေတူဟေတု သမ္ပယုတ္တကာနံ-ဟု ဟောတော်မူရခြင်း။
ဟေတူ-ဖြင့် ဟိတ် (၆)ပါးကား ပစ္စည်း။ ဟေတုသမ္ပယုတ္တကာနံ-ဖြင့် ဟိတ် (၆)ပါးနှင့် ယှဉ်သော တရားစသည်တို့ကား ပစ္စယုပ္ပန်။ ဤသို့ ပစ္စည်းနှင့် ပစ္စယုပ္ပန်ကို ပိုင်းခြားမှတ်သားစေလို၍ ဟေတုသမ္ပယုတ္တကာနံ-ဟုမဟောဘဲ ဟေတူဟေတု သမ္ပယုတ္တကာနံ-ဟု ဟောတော်မူပါတယ်။
(တနည်း) အဟိတ်စိတ္တုပ္ပါဒ်တို့ကိုလည်း သမ္ပယုတ္တပစ္စည်း သာမညဖြစ်ရကား - ဟေတုသမ္ပယုတ္တအဖြစ်ကို ယူခဲ့ရာ၏။ ထိုသို့မယူရ။ ၎င်းတို့ကို စင်စေလို၍ "ဟေတုသမ္မယုတ္တကာနံ"-ဟု မဟောဘဲ "ဟေတု"-ဟု အပိုစွက်၍ "ဟေတူဟေတု သမ္ပယုတ္တကာနံ"-ဟု ဟောတော်မူရပါတယ်။ (ကောက် - ၆၂၄-၅)
စိတ်၊ စေတသိက် နှစ်ပါးတို့ကြောင့် ဖြစ်ပါလျက် - စိတ္တဇရုပ် ဟုသာဆိုရခြင်း။
လောကီတရားတို့ကို ပြဆိုရာ၌ စိတ်သာလျင် ပဓာန စိတ်သာလျင် အဓိက ဖြစ်သောကြောင့် စိတ္တဇရုပ်ဟုသာ ဆိုရပါတယ်။ (ကောက်-၆)
စိတ်က ပဋိသန္ဓေကမ္မဇရုပ်အားသာ သဟဇာတပစ္စည်းတပ်၍ ပဝတ္တိကမ္မဇရုပ်အား သဟဇာတပစ္စည်း မတပ်ရခြင်း။
ကမ္မဇရုပ်တို့သည် ပဋိသန္ဓေအခါမှာ စိတ်နှင့်စပ်၍သာ ဖြစ်ကြကုန်၏။ စိတ်နှင့် ကင်း၍ မဖြစ်ကြကုန်၊ ပဝတ္တိအခါမှာမူ စိတ်နှင့်ကင်းသော်လည်း - (နိရောဓသမာပတ်ဝင်စားသော ပုဂ္ဂိုလ်၏ သန္တာန်၌)- ဖြစ်ကြကုန်၏။ ထို့ကြောင့် စိတ်က ပဋိသန္ဓေကမ္မဇရုပ်အားသာ သဟဇာတပစ္စည်းတပ်၍ ပဝတ္တိကမ္မဇရုပ်အား သဟဇာတပစ္စည်း မတပ်ပါ။ (ကောက်-၆)
စိတ်သည် ပဝတ္တိအခါ၌သာ စိတ္တဇရုပ်ကို ဖြစ်စေ၍ ပဋိသန္ဓေအခါ၌ စိတ္တှဇရုပ်ကို မဖြစ်စေနိုင်ခြင်း။
ပဋိသန္ဓေအခါ ကံ၏ အဟုန်ဖြင့် ပစ်ချအပ်သောကြောင့်၎င်း၊ မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီရသောကြောင့်၎င်း၊ အားနည်းသည်ဖြစ်၍ စိတ္တဇရုပ်ကို မဖြစ်စေနိုင်သောကြောင့် ပဝတ္တိအခါ၌သာ စိတ္တဇရုပ်ကို ဖြစ်စေနိုင်ပါသည်။ (ကောက်-၆)
ဟိတ်ခြောက်ပါးက အကြောင်းတရား၊ ပစ္စည်းတရား။ ဟိတ်ခြောက်ပါးနှင့်ယှဉ်တဲ့ သဟိတ်စိတ် ဧကသတ္တတိ-၇၁-ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော ၎င်းစိတ်တို့နှင့်ယှဉ်သော စေတသိက် ဒွေပညာသ-၅၂-ပါး၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေပမ္မဇရုပ်ကတော့ ပစ္စယုပ္ပန်တရား၊ သမ္ပယုတ္တက္ခန္ဓာနှင့် သဟိတ်စိတ္တဇရုပ် သဟိတ်ပဋိသန္ဓေပမ္မဇရုပ်တွေက အကျိုး ပစ္စယုပ္ပန်တရား။
ဒီမှာလိုရင်းကတော့ ဟိတ် ၆-ပါး သိထားဖို့ပါပဲ။ ဟိတ် ၆-ပါးက လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ် မကောင်တဲ့ အကုသိုလ်ဟိတ်က ၃-ပါး။ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် ကောင်းတဲ့ ကုသိုလ်ဟိတ်က ၃-ပါး။ အဲဒီဟိတ် (၆)ပါးက မိမိတို့သန္တာန်မှာရှိနေတဲ့ သမ္ပယုတ္တက္ခန္ဓာလို့ခေါ်တဲ့ စိတ် စေတသိက်တွေနှင့် သဟိတ် စိတ္တဇရုပ်တွေ၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်တွေကို ကျေးဇူးပြုနေတယ်။ ရုပ်နာမ်နှစ်ပါးလုံးကို ကျေးဇူးပြုနေပါတယ်။
မကောင်းတဲ့ ဟိတ် (၃)ပါးက ကျေးဇူးပြုတဲ့အခါ စိတ် စေတသိက်လည်းမကောင်တော့ဘူး။ စိတ်ညစ် စိတ်ဆိုးတွေလည်း ဖြစ်လာပေတယ်။ စိတ်တွေလည်း မကြည်လင်တော့ပေဘူး။ ရုပ်တွေလည်း မကြည်လင်တော့ပေဘူး။ မသန့်ရှင်းတော့ပေဘူး။ ညစ်နွမ်းသွားတယ်။ ကောင်းတဲ့ဟိတ် (၃)ပါးက ကျေးဇူးပြုတဲ့အခါ စိတ်တွေလည်း ကြည်လင်၊ ရုပ်တွေလည်း ကြည်လင်၊ စိတ် စေတသိက်တွေလည်း ကြည်လင်ပြီး ကုသိုလ်တရားတွေ တိုးပွား ဖြစ်လာကြပေတယ်။
မကောင်းတဲ့ဟိတ်က (၃)ပါး၊ ကောင်းတဲ့ဟိတ်က (၃)ပါး။ ကျမ်းဂန်တွေမှာကျတော့ သစ်ပင်က ရေသောက်မြစ် နဲ့တူတယ်လို့ ဥပမာပြပါတယ်။ ရေသောက်မြစ်ကောင်းတဲ့ သစ်ပင်၊ ရေသောက်မြစ်၌ ပိုးတို့ အနာတို့ မရှိတဲ့ သစ်ပင်တို့က ကြီးထွားလာကြတာပါပဲ။ ရေသောက်မြစ် မကောင်းတဲ့သစ်ပင်၊ ရေသောက်မြစ်မှာ ပိုးစွဲနေတဲ့၊ အနာအဆာတွေစွဲနေတဲ့ သစ်ပင်က မကြီးထွားနိုင်တော့ပေဘူး။ တဖြည်းဖြည်းဆုတ်ယုတ်သွားတော့ပါပဲ။
အဲဒီလိုပဲ ယောဂီတို့ရဲ့ သန္တာန်မှာရှိနေတဲ့ ကောင်းတဲ့ဟိတ်၊ မကောင်းတဲ့ဟိတ်တွေ ကျေးဇူးပြုနေပုံကလည်း အတူတူပါပဲ။ တရားနာနေတဲ့၊ တရားစာဖတ်နေတဲ့အခိုက်မှာတော့ မိမိတို့သန္တာန်မှာ ဖြစ်နေတဲ့ ဟိတ် (၆)ပါးကို ဟောနေတာပဲလို့ နှလုံးသွင်းထားရင် ပိုပြီး မှတ်မိပါတယ်။ ပိုပြီး သဘောပေါက်နိုင်ပါတယ်။ ဒီဟိတ် (၆)ပါးက ထိုထို သတ္တဝါတွေရဲ့၊ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ရှိနေကြတာပါပဲ။
ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့သန္တာန်၊ သောတာပန်ပုဂ္ဂိုလ်ရဲ့သန္တာန်၊ သကဒါဂါမ်ပုဂ္ဂိုလ်ရဲ့သန္တာန်တွေမှာတော့ ဟိတ် (၆)ပါးလုံး ဖြစ်တာပါပဲ။
မကောင်းတဲ့ဟိတ်လည်း ဖြစ်လိုက်၊ ကောင်းတဲ့ဟိတ်လည်း ဖြစ်လိုက်ပါပဲ။ အနာဂါမ်ပုဂ္ဂိုလ်ရဲ့သန္တာန်မှာတော့ လောဘဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်တို့ပဲရှိတယ်။ ဒေါသဟိတ် မရှိတော့ပါဘူး။ ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာတော့ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ်ဆိုတဲ့ ကောင်းတဲ့ဟိတ် (၃)ပါးပဲ ရှိတော့တယ်။ အဗျာကတဟိတ် (၃)ပါးပဲ ရှိတော့တယ်။
လောဘဟိတ် - ဆိုတာ လိုချင်တာ၊ တပ်မက်တတ်တာ။
ဒေါသဟိတ် - ဆိုတာ အမျက်ထွက်တာ၊ စိတ်ဆိုးတတ်တာ၊ ပြစ်မှားတတ်တာ။
မောဟဟိတ် - ဆိုတာ တွေတွေဝေဝေသိတာ၊ အမှားကိုသိတာ။
အလောဘဟိတ် - ဆိုတာ မလိုချင်တတ်တာ၊ မတပ်မက်တတ်တာ။
အဒေါသဟိတ် - ဆိုတာ မပြစ်မှားတတ်တာ၊ ချမ်းသာစေတတ်တာ။
အမောဟဟိတ် - ဆိုတာ မတွေမဝေသိတာ၊ အမှန်ကို သိတာ။
ဤဟိတ် (၆)ပါးလုံးဟာ ယောဂီတွေရဲ့ သန္တာန်မှာ ရှိနေကြတယ်။ ကောင်းတဲ့ဟိတ်၊ မကောင်းတဲ့ဟိတ်တို့သည် သူတို့အချင်းချင်း အပြိုင်ပဲဖြစ်ကြတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ရှိနေလို့ရှိရင် အလောဘ၊ အဒေါသ၊ အမောဟတွေ ဖြစ်ခွင့်မရတော့ပါဘူး။ အလောဘ၊ အဒေါသ၊ အမောဟတွေ ရှိနေလို့ရှိရင်လည်း လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်ခွင့်မရတော့ပါဘူး။ ဤကဲ့သို့ အပြိုင်ဖြစ်ကြပါတယ်။
ဆက်ရန်...

0 comments:
Post a Comment