* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 17, 2009

ဟေတုပစ္စည်း - ၁(ခ)

လောဘ၊ ဒေါသ၊ မောဟတွေ မဖြစ်ရအောင် လောဘ၊ ဒေါသ၊ မောဟတွေရဲ့ အပြစ်တွေကိုလည်း သိထားကြရပါမယ်။ အပြစ်တွေကိုသိမှ မဖြစ်အောင် ကာကွယ်လို့ရကြပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတို့ရဲ့ အကျိုးတရားတွေသိထားမှ အလောဘ၊ အဒေါသ၊ အမောဟတရားတွေ မိမိတို့သန္တာန်မှာ ပြည့်စုံသမျှပြည့်စုံအောင် အားထုတ်နိုင်ကြပါတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေ၏ အပြစ်တွေကို သိထားသင့်ပါတယ်။ အလောဘ၊ အမောဟတရားတွေရဲ့အကျိုးတရားတွေကိုလည်း သိထားသင့်ပါတယ်။

အကုသိုလ်ဟိတ် (၃)ပါးက အကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုပုံ

လောဘ၊ ဒေါသ၊ မောဟတွေက ယောဂီများရဲ့သန္တာန်မှာ အကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုကြတယ်။
  • ပါဏာတိပါတ = သူ့အသက်သတ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • အဒိန္နဒါန = သူ့ဥစ္စာခိုးရအောင်လည်း ကျေးဇူးပြုတယ်။
  • ကါမေသု မိစ္ဆာစာရ = သူတစ်ပါး သားမယားတွေ ဖျက်ဆီးနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • မုသာဝါဒ = လိမ်ညာပြောနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • ပိသုဏဝါစာ = ကုန်းတိုက်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • ဖရုသဝါစာ = ကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်းနိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • သမ္ဖပ္ပလာပ = သိမ်ဖျင်းတဲ့ စကားတွေ ပြောဖြစ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
  • အဘိဇ္ဈာ = သူတစ်ပါး စည်းစိမ်ကို မတရားသောနည်းဖြင့် ယူဖို့ရာ ကြံစည်ဖြစ်အောင်လည်း ကျေးဇူးပြုတယ်။
  • ဗျာပါဒ = သူတစ်ပါး သေကြေပျက်စီးအောင် ကြံစည်တဲ့ ဗျာပါဒ ဖြစ်အောင်လည်း ကျေးဇူးပြုတယ်။
  • မိစ္ဆာဒိဋ္ဌိ = အယူလွဲ၊ အယူမှားတွေ ဖြစ်နိုင်ရအောင်လည်း ကျေးဇူးပြုတယ်။
ဤကဲ့သို့ အဲဒီဟိတ်တွေ မိမိတို့ရဲ့သန္တာန်မှာ မဖြစ်ရအောင် ထိုဟိတ်တို့ရဲ့ အပြစ်တွေကို ကြိုတင်သိထားကြရပါမယ်။

ကုသိုလ်ဟိတ် (၃)ပါးက ကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုပုံ

အလောဘ၊ အဒေါသ၊ အမောဟတွေကတော့ မိမိတို့ရဲ့သန္တာန်မှာ ကုသိုလ်တွေဖြစ်အောင် ကျေးဇူးပြုကြတယ်။
  • သူ့အသက်မသတ်နိုင်ရအောင်၊
  • သူ့ဥစ္စာ မခိုးနိုင်ရအောင်၊
  • သူ့တစ်ပါး သားမယား မဖျက်ဆီးနိုင်ရအောင်၊
  • လိမ်ညာ မပြောနိုင်ရအောင်၊
  • ကုန်းမတိုက်နိုင်ရအောင်၊
  • ကြမ်းတမ်းစွာ မပြောနိုင်ရအောင်၊
  • ပြိန်ဖျင်းတဲ့ စကားတွေ မပြောနိုင်ရအောင်၊
  • သူတစ်ပါးရဲ့စည်းစိမ်တွေကို ကိုယ့်စည်းစိမ်ဥစ္စာဖြစ်အောင် မကြံစည်နိုင်ရအောင်၊
  • သူတစ်ပါးတွေ ဆင်းရဲကြောင်း ပျက်ဆီးကြောင်း မကြံစည်နိုင်ရအောင်၊
  • အယူလွဲ၊ အယူမှားတွေ မရှိရအောင် ... အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ဟိတ် (၃)ပါးက ကျေးဇူးပြုတယ်။
အလောဘ၊ အဒေါသ၊ အမောဟတွေရဲ့ အကျိုးတရားတွေကို အဋ္ဌကထာဆရာတွေ ဖွင့်ပြထားပါတယ်။

အလောဘော ဒါနဟေတု။
အလောဘော = မလိုချင်တဲ့ အလောဘသည်၊ ဒါနဟေတု = ဒါန၏ အကြောင်းတည်း၊ (ဝါ) ဒါနနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။

အဒေါသော သီလဟေတု။
အဒေါသော = အဒေါသသည်၊ သီလဟေတု = သီလနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။

အမောဟော ဘာဝနာဟေတု။
အမောဟော = အမောဟသည်၊ ဘာဝနာဟေတု = ဘာဝနာနှင့် ပြည့်စုံခြင်း၏ အကြောင်းသည်၊ ဟောတိ = ဖြစ်၏။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံသဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း...။

သာဓု ... သာဓု ..... သာဓု ။

ယောဂီများရဲ့သန္တာန်မှာ အလောဘဖြစ်နေပြီဆိုလို့ရှိရင် ဒါနနှင့် ပြည့်စုံတော့မယ်။ မလိုချင် မတပ်မက်တော့ အလှူတွေ ပြုကြပါတယ်။ အလောဘက ဒါနဖြစ်ခြင်းရဲ့ အကြောင်း၊ ဒါနပြည့်စုံဖို့ရာ အကြောင်းဖြစ်တယ်။ အလောဘက ဒါနပြည့်စုံခြင်းရဲ့ အကြောင်းဆိုတော့ လောဘက မစ္ဆရိယ - ဝန်တိုနှမြောတဲ့ မလှူဒါန်းနိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ မလှူဒါန်းနိုင်အောင်ဘဲ လောဘက ကျေးဇူးပြုတယ်။ လှူဒါန်းနိုင်အောင် အလောဘက ကျေးဇူးပြုပါတယ်။

အဒေါသက သီလနှင့်ပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။ အဒေါသဆိုတာ မေတ္တာပဲ။ မေတ္တာများတဲ့ ပုဂ္ဂိုလ်တွေ၊ သူတစ်ပါးကို ချမ်းသောစေလိုတဲ့ ပုဂ္ဂိုလ်တွေ သီလတွေ လုံခြုံကြတယ်။ သူတစ်ပါးကို ချမ်းသာစေလိုတဲ့ ပုဂ္ဂိုလ် သူတစ်ပါးအသက်ကို မသတ်နိုင်တော့ပါဘူး။ သတ်လိုက်ရင် သူတစ်ပါးတွေ ဆင်းရဲသွားတော့မယ်၊ မသတ်တော့ပါဘူး။

သူတစ်ပါးကို ချမ်းသာစေလိုတဲ့ပုဂ္ဂိုလ် သူတစ်ပါးပစ္စည်းလည်း မခိုးနိုင်တော့ဘူး၊ ခိုးလိုက်ရင် သူတစ်ပါးတွေ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ကြရတော့မယ်။ မခိုးတော့ပါဘူး။ အဒေါသက သီလ လုံခြုံခြင်း၊ သီလပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။

အဒေါသ မေတ္တာက သီလလုံခြုံခြင်းရဲ့ အကြောင်း၊ သီလနှင့် ပြည့်စုံခြင်းရဲ့ အကြောင်း၊ သီလ လုံခြုံအောင် ကျေးဇူးပြုတယ်။

ဒေါသကတော့ သီလပျက်ကြောင်းဖြစ်တယ်။ ဒေါသကြီးတဲ့ပုဂ္ဂိုလ် မကြာခဏ သီလပျက်တတ်ပါတယ်။ သတ်ချင်လည်း သတ်ပစ်လိုက်တယ်။ ပုတ်ချင်လည်း ပုတ်ပစ်လိုက်တယ်။ ခိုးချင်လည်း ခိုးပစ်လိုက်တယ်။ ဒါကြောင့် ဒေါသက သီလပျက်ကြောင်းဖြစ်တယ်။ မကောင်းတဲ့ ဒေါသဟိတ်ဖြစ်လာရင် သီလပျက်အောင် ကျေးဇူးပြုတယ်။ ကောင်းတဲ့ အဒေါသဟိတ်ကတော့ သီလနဲ့ ပြည့်စုံအောင် ကျေးဇူးပြုတယ်။ ဒီတော့ ကောင်းတဲ့ဟိတ်တွေ များများဖြစ်ဖို့ လိုအပ်ပါတယ်။

အမောဟော ဘာဝနာဟေတု။
အမောဟော = အမောဟသည်၊ ဘာဝနာဟေတု = ဘာဝနာကုသိုလ်နှင့် ပြည့်စုံခြင်းရဲ့ အကြောင်း၊ ဘာဝနာကုသိုလ်နှင့် ပြည့်စုံခြင်းရဲ့ အကြောင်းဖြစ်တယ်။

မောဟက တရားအားမထုတ်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တယ်။ တွေတွေဝေဝေနဲ့ မောဟကြီးတဲ့ပုဂ္ဂိုလ်များ တရားအားမထုတ်နိုင်တော့ဘူး။ ဉာဏ်တုံးနေတယ်။ အမောဟဆိုတာ ဉာဏ်ပညာ၊ ဘာဝနာဆိုတာ ဉာဏ်ပညာအရာ၊ ဘာဝနာမှာ မွေ့လျော်နိုင်တဲ့ပုဂ္ဂိုလ်ဟာ သူ့မှာ ဉာဏ်ပညာနဲ့ ပြည့်စုံလို့ပဲဖြစ်တယ်။ မမွေ့လျော်နိုင်ဘူး၊ ဘာဝနာတရားကို အားမထုတ်နိုင်ဘူးဆိုတာ သူ့မှာ ဉာဏ်တုံးနေလို့ မောဟဟိတ်တွေ များနေလို့ ဖြစ်တယ်။ ဟိတ် (၆)ပါးက ကျေးဇူးပြုပုံ ထင်ရှားပါတယ်။

အလောဘက ဒါနနဲ့ ပြည့်စုံအောင် ကျေးဇူးပြုတယ်။ လောဘက မလှူနိုင်အောင် ကျေးဇူးပြုတယ်။ အဒေါသက သီလနှင့် ပြည့်စုံအောင် ကျေးဇူးပြုတယ်။ ဒေါသက သီလပျက်အောင် ကျေးဇူးပြုတယ်။ အမောဟက ဘာဝနာကုသိုလ်နှင့် ပြည့်စုံအောင် ကျေးဇူးပြုတယ်။ မောဟက ဘာဝနာတရားတွေ အားမထုတ်နိုင် ကျေးဇူးပြုတယ်။ ထင်ရှားသွားပါပြီ။ ဘယ်သူ့သန္တာန် မှာလည်းဆိုတော့ ယောဂီများရဲ့ သန္တာန်မှာ ဖြစ်နေတာပါပဲ။ သတိထားသင့်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေကို မြန်မြန်ပယ်နိုင်ရအောင် များများပယ်နိုင်ရအောင် အားထုတ်သင့်ပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတွေ မိမိသန္တာန်မှာ ပြည့်စုံလာရအောင် အားထုတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဆက်ရန် ... ဟေတု ၁(ဂ)သို့

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP